တောင်ကိုရီးယားမှာ NUG နိုင်ငံကူးလက်မှတ်သက်တမ်းတိုးပေးမှု လက်မခံတော့

Author ကိုထားဝယ်၊ ရှိုး
Categories
Published on Dec 18, 2024

အမျိုးသားညီညွှတ်ရေးအစိုးရ(NUG)က တောင်ကိုရီးယားနိုင်ငံရောက် မြန်မာတွေရဲ့ နိုင်ငံကူးလက်မှတ်သက်တမ်းတိုးပေးနေတဲ့အစီအစဉ်ကို တောင်ကိုရီးယားအစိုးရဘက်က လက်မခံတော့ဘူးလို့ ဒီကနေ့ ဒီဇင်ဘာ ၁၈ ရက်စွဲနဲ့ သတင်းထုတ်ပြန်ပါတယ်။

 

ဒါဟာ ပြီးခဲ့ရက်သတ္တပတ်အတွင်း စစ်ကောင်စီသံရုံးက NUG အစီအစဉ်နဲ့ပတ်စ်ပို့သက်တမ်းတိုးထားသူတွေကို ဖျက်သိမ်း/ပယ်ဖျက်တာတွေလုပ်ဆောင်မယ်လို့ ခြိမ်းခြောက်အပြီး တောင်ကိုရီးယားဘက်က တုံ့ပြန်လာတာဖြစ်ပါတယ်။

 

အစောပိုင်း တောင်ကိုရီးယားရဲ့ NUG ကိုယ်စားလှယ်ရုံးက နိုင်ငံကူးလက်မှတ်တွေ သက်တမ်းတိုးပေးနေချိန်မှာ လာရောက်သက်တမ်းတိုးသူ များပြားခဲ့ပြီး သက်တမ်းတိုးမှုလုပ်ငန်းဟာ အဆင်ပြေပြေနဲ့ ချောမွေ့မှုရှိခဲ့တယ်လို့ တောင်ကိုရီးယားရောက် မြန်မာတွေဆီကနေ သိရပါတယ်။

 

အဲဒီနောက် ဒီဇင်ဘာလ ပထမအပတ်က စတင်ပြီး NUG ကိုယ်စားလှယ်ရုံးဘက်က သက်တမ်းတိုးမှုကို စတင်ရပ်နားထားလိုက်တာဖြစ်တယ်လို့ CJ Platform က စုံစမ်းသိရှိခဲ့ရပြီးနောက် အခုအခါမှာ တောင်ကိုရီးယားနိုင်ငံဘက်က တရားဝင်ထုတ်ပြန်အသိပေးလာတာဖြစ်ပါတယ်။

 

အခုထုတ်ပြန်ချက်နဲ့ပတ်သက်ပြီး တောင်ကိုရီးယားရဲ့ NUG အသိုင်းအဝိုင်းထဲက အမည်မဖော်လိုတဲ့ တာဝန်ရှိသူတစ်ဦးက “ဗမာနိုင်ငံမှာလည်း ကိုရီးယားလူမျိုးတွေရှိတယ်။ မင်းတို့ကိုရီးယားလူမျိုးတွေရဲ့ လုံခြုံရေးနဲ့ ဆက်ဆံရေးနဲ့ သံတမန်ရေးရာကိစ္စတွေ အဲဒီလိုမျိုးတွေ အဲဒီလို ဖိအားတွေပေးတဲ့အခါမှာ သူတို့လည်း မခံနိုင်ဘူးဖြစ်တာ။ မခံနိုင်ဘူးဖြစ်တော့ ပြီးခဲ့တဲ့ ဒီဇင်ဘာလဆန်းပိုင်းက ကျွန်တော်တို့ကို ခေါ်တွေ့ပြီးတော့ ဒါကို ခဏရပ်ဆိုင်းပေးပါ။ မလုပ်ပါနဲ့ဆိုပြီး ဖြစ်သွားတာပေါ့လေ” လို့ CJ Platform ကို ပြောပါတယ်။

 

ဒါဟာ စစ်ကောင်စီရဲ့ သံတမန်ရေးရာ ဖိအားပေးမှုတွေနဲ့ မြန်မာနိုင်ငံထဲက ကိုရီးယားနိုင်ငံသားတွေရဲ့ လုပ်ငန်းတွေကြောင့် ခေတ္တရပ်ဆိုင်းလိုက်ရတာဖြစ်တယ်လို့ သူက ဆက်ပြောပါတယ်။

 

“တောင်ကိုရီယား လဝကကတော့ မရဘူးလို့ ပြောထားတယ်။ အသေးစိတ်ကိုတော့ မသိသေးဘူး” လို့ တောင်ကိုရီးယားရောက် မြန်မာတစ်ဦးက CJ Platform ကို ပြောပါတယ်။

 

အခုထုတ်ပြန်ချက်ထဲ သက်တမ်းအသစ်မတိုးပေးတော့တာသာဖြစ်ပြီး သက်တမ်းတိုးပြီးသားလူတွေကတော့ ပုံမှန်အတိုင်း နေထိုင်လုပ်ကိုင်ခွင့်ရှိတယ်လို့ NUG နဲ့ နီးစပ်သူတွေဆီကနေ သိရပါတယ်။

 

ကိုထားဝယ်၊ ရှိုး

 

ဓာတ်ပုံ – လူမှုကွန်ရက်

 

ပုံစာ – တောင်ကိုရီးယား မြန်မာသံရုံးကိုတွေ့ရစဉ်