ဆီးရီးယားမှာ အစုပြုံလိုက်သတ်ဖြတ်ခံထားရတဲ့ ရုပ်အလောင်း တစ်သိန်းထက်မနည်း မြှုပ်ထားတဲ့နေရာ တွေ့လို့ ကန်အကြီးအကဲပြော
ဆီးရီးယားနိုင်ငံရဲ့ အာဏာရှင်ဟောင်း အာဆတ်လက်ထက် အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံထားရတဲ့ ရုပ်အလောင်းပေါင်း တစ်သိန်းလောက် မြို့တော် ဒမတ်စကတ်ရဲ့ အပြင်ဘက်မှာ ရှာဖွေတွေ့ရှိခဲ့တယ်လို့ အမေရိကန်အခြေစိုက် ဆီးရီးယားအရေးပေါ်အဖွဲ့ (SETF)ရဲ့ အကြီးအကဲက ပြောပါတယ်။
အခုရှာတွေ့ခဲ့တဲ့ သင်္ချိုင်းမြေနေရာဟာ ဒမတ်စကတ်မြို့ရဲ့ မြောက်ဘက် ၂၅ မိုင် (၄၀ ကီလိုမီတာ) အကွာက ကူတေးဖက်ဟ်နေရာမှာ တည်ရှိပါတယ်။ ဒါဟာ ပြီးခဲ့တဲ့နှစ်တွေအတွင်း သူရှာတွေ့ခဲ့တဲ့ အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရပြီး မြုပ်နှံထားတဲ့နေရာငါးခုထဲက တစ်နေရာဖြစ်တယ်လို့ ဒမတ်စကတ်မှာရောက်နေတဲ့ SETF အကြီးအကဲ မိုအဇ်မူစတာဖာက ရိုက်တာသတင်းဌာနကို ပြောပါတယ်။
“တစ်သိန်းဆိုတဲ့အရေအတွက်ဟာ အတော်လေးကို မယုတ်မလွန်ခန့်မှန်းထားတာဖြစ်ပါတယ်။ ဒီအရေအတွက်က များတယ်လို့ထင်ရပေမဲ့ တကယ့်ပမာဏက ဒီထက်ကိုအများကြီး ပိုနိုင်ပါသေးတယ်” လို့ မူစတာဖာက တယ်လီဖုန်းကတစ်ဆင့် ရိုက်တာကို ပြောပါတယ်။
ဒါ့အပြင် အခုလိုမျိုး အစုလိုက်အပြုံလိုက်သတ်ဖြတ်ခံထားရပြီး မြုပ်နှံထားတဲ့နေရာ ငါးနေရာထက်ပိုပြီး ရှိနိုင်ပြီး ထိခိုက်နစ်နာသူတွေထဲမှာ အမေရိကန်ပြည်ထောင်စု၊ ဗြိတိန်နဲ့ တခြားနိုင်ငံခြားသားတွေလည်း ပါဝင်တယ်လို့ သူက ဆက်ပြောပါတယ်။
မူစတာဖာရဲ့ ပြောဆိုချက်တွေကိုတော့ ရိုက်တာသတင်းဌာနအနေနဲ့ သီးခြားအတည်မပြုနိုင်သေးဘူးလို့လည်း ဆိုပါတယ်။
အာဆတ်ရဲ့အုပ်ချုပ်မှုကို ဆန့်ကျင်ဆန္ဒပြခဲ့ကြတဲ့သူတွေကို အကြမ်းဖက်ဖြိုခွင်းပြီး ပြည်တွင်းစစ်ကိုဖြစ်စေခဲ့တဲ့ ၂၀၁၁ ခုနှစ်ကစပြီး ဆီးရီးယားနိုင်ငံသား သိန်းနဲ့ချီဟာ သတ်ဖြတ်ခြင်းခံခဲ့ရတယ်လို့ ဆိုပါတယ်။
အာဆတ်နဲ့ ပြီးခဲ့တဲ့ ၂၀၀၀ ပြည့်နှစ်မှာ ကွယ်လွန်ခဲ့တဲ့ သူ့ဖခင် ဟာဖက်ဇ်တို့ဟာ ဆီးရီးယားနိုင်ငံရဲ့ နာမည်ဆိုးနဲ့ ကျော်ကြားတဲ့ အကျဉ်းထောင်အတွင်း အစုလိုက်အပြုံလိုက် သတ်ဖြတ်တာတွေအပါအဝင် မတရားသတ်ဖြတ်မှုတွေ ပြုလုပ်ခဲ့တယ်လို့ ဆီးရီးယားက လူ့အခွင့်အရေးအဖွဲ့တွေနဲ့ အခြားနိုင်ငံအစိုးရတွေက စွပ်စွဲထားကြပါတယ်။
အာဆတ်ကတော့ သူ့ရဲ့အစိုးရဟာ လူ့အခွင့်အရေးချိုးဖောက်မှုတွေ ကျူးလွန်တယ်ဆိုတဲ့ ပြောဆိုချက်တွေနဲ့ သူ့ကို အစွန်းရောက်အဖြစ် ပုံဖော်မှုတွေကို အကြိမ်ကြိမ်ငြင်းဆိုထားပါတယ်။
အခုကိစ္စနဲ့ပတ်သက်ပြီ ဆီးရီးယားနိုင်ငံရဲ့ ကုလသမဂ္ဂ (UN) သံအမတ်ကြီး ကော့ဆေးအယ်လ်ဒါဟက်ခ် ကတော့ တစ်စုံတစ်ရာမှတ်ချက်ပေးတာမျိုး မရှိပါဘူး။ သူဟာ အာဆတ်အာဏာရထားတဲ့ ဇန်နဝါရီလကတည်းက တာဝန်ယူထားတာဖြစ်ပြီး လက်ရှိမှာတော့ အာဏာပိုင်အသစ်တွေရဲ့ညွှန်ကြားချက်ကိုစောင့်နေပြီး ဆီးရီးယားပြည်သူတွေအတွက် အလုပ်ဆက်လုပ်လိုတယ်လို့ ပြီးခဲ့တဲ့အပတ်က ပြောဆိုထားပါတယ်။
မူစတာဖာဟာ အာဆတ်ပြုတ်ကျပြီးကတည်းက ဆီးရီးယားကို ရောက်ရှိလာတာဖြစ်ပြီး ကူတေးဖက်ဟ်က အစုလိုက်အပြုံလိုက် သတ်ဖြတ်မြုပ်နှံခဲ့တဲ့ နေရာအတွက် တွေ့ဆုံမေးမြန်းတာတွေပြုလုပ်ခဲ့တယ်လို့ ရိုက်တာသတင်းဌာကိုပြောပါတယ်။
ဆီးရီးယားလေတပ်ရဲ့ ထောက်လှမ်းရေးဌာနဟာ နှိပ်စက်ညှင်းပန်းခံခဲ့ရတဲ့ ရုပ်အလောင်းတွေကို အစုလိုက်အပြုလိုက် မြုပ်နှံတဲ့နေကာတွေကို ပို့ဆောင်ခဲ့မှုအတွက် တာဝန်ရှိပြီး ဒမတ်စကတ်မြို့က စည်ပင်သာယာရေးဌာနဟာလည်း အခုလုပ်ငန်းစဉ်မှာပါဝင်ခဲ့တယ်လို့ သူက ဆိုပါတယ်။
သူတို့အဖွဲ့ဟာ အလောင်းတွေမြုပ်ဖို့ တွင်းတူးပကီး ဖိသိပ်မြုပ်နှံခဲ့တဲ့ ဘူဒိုဇာယာဉ်မောင်းတွေအပါအဝင် မြုပ်နှံရာမှာ ပါဝင်တဲ့သူတွေနဲ့လည်း စကားပြောဆိုထားတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် အလောင်းတွေမြုပ်နှံထားရာနေရာအတွက် စိုးရိမ်ကြောင်းနဲ့ နောင်မှာ စုံစမ်းစစ်ဆေးမှုတွေပြုလုပ်နိုင်ဖို့ ဒီနေရာတွေကို ထိန်းသိမ်းထားဖို့လိုအပ်တယ်လို့လည်း သူက ဖြည့်စွက်ပြောပါတယ်။
ဓာတ်ပုံ – Bulent Kilic/AFP/Getty Images
ကိုးကား- Reuters