Author ဆလိုင်း
Categories
Published on Dec 16, 2024

မလေးရှားနိုင်ငံ၊ နီဂရီဆီမီလန်းပြည်နယ်၊ နီလိုင်းမြို့က ဟိုတယ်တစ်ခုမှာ ဒီဇင်ဘာ ၁၄ ရက်နေ့ ညက ကျင်းပတဲ့ ခရစ္စမတ်ပွဲမှာ အထောက်ထားမဲ့ မြန်မာနိုင်ငံသား ၆၉ ဦး ဖမ်းဆီးခံရတယ်လို့ မလေးရှားရောက် မြန်မာတွေဆီက သိရပါတယ်။

 

ပွဲကျင်းပခွင့်မပါဘဲ ခရစ္စမတ်ပွဲ ကျင်းပတဲ့အတွက် အိုင်ပီကေ ရဲတပ်ဖွဲ့နဲ့ လူဝင်မှုကြီးကြပ်ရေးအဖွဲ့တို့က ဝင်ရောက်စစ်ဆေးစဥ် ဖမ်းဆီးခံရတာဖြစ်ပါတယ်။

 

“ပွဲက ည ၉ နာရီလောက်မှာ စတယ်။ ည ၉ နာရီခွဲလောက်မှာ မလေးရှား အာဏာပိုင်အဖွဲ့က ဝင်စစ်ဆေးတယ်။ အဲဒီမှာ မြန်မာနိုင်ငံသား ၂၅၀ ကျော်ထဲက ၆၉ ယောက်က အဖမ်းခံရတယ်” လို့ ဖမ်းဆီးခံရပြီး ပြန်လွတ်လာတဲ့ အသက် ၂၅ နှစ်အရွယ် ချင်းအမျိုးသမီးတစ်ဦးက CJ Platform ကို ပြောပါတယ်။

ပွဲတက်ရောက်သူ မြန်မာနိုင်ငံသား ၂၅၀ ကျော်ထဲက အထောက်အထားပြည့်အစုံရှိသူတွေနဲ့ UN ဒုက္ခသည်ကတ် ကိုင်ဆောင်သူတွေက ပြန်လွတ်မြောက်လာပေမဲ့ ပွဲစီစဥ်သူ လေးဦးအပါအဝင် ၆၉ ဦးကတော့ ဖမ်းဆီးခံရတာဖြစ်တယ်လို့ ဆိုပါတယ်။

 

ဖမ်းဆီးမိသူတွေဟာ အသက် ၂၀ နှစ်ကနေ ၄၆ နှစ်ကြားရှိသူအမျိုးသား ၅၅ ဦးနဲ့ အမျိုးသမီး ၁၄ ဦးဖြစ်တယ်လို့ သိရပါတယ်။

 

ဖမ်းဆီးခံရသူအများစုဟာ နီလိုင်းမြို့မှာ အလုပ်လုပ်ကြသူတွေဖြစ်ပြီး တချို့က ကွာလာလာမ်ပူကနေ ဘတ်စ်ကားစင်းလုံးငှားပြီး ပွဲတက်လာကြသူတွေဖြစ်တယ်လို့ နောက်ထပ်ဖမ်းဆီးခံရပြီး ပြန်လွတ်လာသူ အသက် ၃၀ နှစ်အရွယ် ချင်းအမျိုးသားတစ်ဦးက CJ Platform ကို ပြောပါတယ်။

 

“အခုအဖမ်းခံရတဲ့ထဲမှာ ချင်းလူမျိုးတွေအများစုပါ။ သူတို့တွေက နီလိုင်းမြို့မှာဘဲ စားသောက်ဆိုင်တွေမှာ အလုပ်လုပ်ကြတာဖြစ်တယ်။ တခြား ရခိုင်၊ ဗမာတွေကလည်း ကွာလမ်လာပူမြို့ထဲကနေ ဘတ်စ်ကားတွေနဲ့ လာကြတယ်” လို့ သူက ပြောပါတယ်။

ဖမ်းဆီးထားသူတွေကို ၁၉၅၉/၆၃ လူဝင်မှုကြီးကြပ်ရေးအက်ဥပဒေ၊ ၁၉၆၆ နိုင်ငံကူးလက်မှတ်အက်ဥပဒေ နဲ့ ၁၉၆၃ လူဝင်မှုကြီးကြပ်ရေးစည်းမျဉ်းများဥပဒေတွေကို ဖောက်ဖျက်မှုနဲ့ ဆက်လက်စုံစမ်းအရေးယူသွားမယ်လို့ သိရပါတယ်။

 

အခုဖမ်းဆီးခံထားရတဲ့သူတွေကို လင်းကင်းလူဝင်မူကြီးကြပ်ရေးကန့်မှာထိမ်းသိမ်းထားပြီး သူတို့ဟာ ထောင်ဒဏ် သုံးလကျခံပြီး မြန်မာပြည်ကိုပြန်ပို့ခံရနိုင်တယ်လို့ သိရပါတယ်။

 

အလားတူ ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၁၃ ရက်နေ့ကလည်း ကဒါ့ပြည်နယ်နဲ့ ဆလန်ဂေါပြည်နယ်တို့မှာ အထောက်အထားမဲ့ မြန်မာနိုင်ငံသား ၅၀ ခန့် ဖမ်းဆီးခံရပါတယ်။

 

ဓာတ်ပုံ – လူမှုကွန်ရက်

 

ပုံစာ – ကဒါ့ပြည်နယ်မှာ ဖမ်းဆီးခံရတဲ့ မြန်မာနိုင်ငံသားတွေကို တွေ့မြင်ရစဥ်