ဆီးရီးယားကထွက်ပြေးတဲ့ အာဆတ် ရုရှားမှာ ခိုလှုံခွင့်ရ အစိုးရသစ်ဖွဲ့ပြီး အာဏာလွှဲပြောင်းဖို့ တော်လှန်ရေးတပ်လုပ်နေ
တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ တိုက်ခိုက်မှုကြောင့် ဆီးရီးယားနိုင်ငံကနေထွက်ပြေးသွားရတဲ့ သမ္မတ အာဆတ်ဟာ ရုရှားနိုင်ငံမှာ မိသားစုလိုက်ခိုလှုံခွင့်ရသွားပြီဖြစ်တယ်လို့ ရုရှားဒေသတွင်း သတင်းဌာနတွေက ရေးသားဖော်ပြချက်တွေအရ သိရပါတယ်။
ဒါ့အပြင် ဗီယင်နာက နိုင်ငံတကာအဖွဲ့အစည်းများဆိုင်ရာ ရုရှားသံတမန် မီခေးလ်အူယန်နော့ကလည်း တယ်လီဂရမ်ပေါ်မှာ ယမန်နေ့ ဒီဇင်ဘာ ၈ ရက်နေ့မှာ အတည်ပြုရေးသားပါတယ်။
လက်ရှိ ဆီးရီးယားမြို့တော် ဒမတ်စကတ်အပါအဝင် နိုင်ငံတဝှမ်းကို Hayat al-Tahrir al-Sham(HTS) ဦးဆောင်တဲ့ တော်လှန်ရေးတပ်ဖွဲ့တွေက သိမ်းပိုက်ထိန်းချုပ်ထားပြီး နိုင်ငံကို တည်ဆောက်အုပ်ချုပ်နိုင်ဖို့ အသွင်းကူးပြောင်းရေးကာလ အစိုးရတစ်ရပ်ဖွဲ့စည်းပြီး အာဏာလွှဲပြောင်းဖို့ လုပ်ဆောင်နေတယ်လို့ တော်လှန်ရေးတပ်တွေဘက်က ဆိုပါတယ်။
“ညီအစ်ကိုတို့ရေ၊ ကြီးကျယ်တဲ့ အောင်ပွဲကြီးရယူနိုင်ပြီးတဲ့နောက်မှာတော့ ဒီဒေသတစ်ခုလုံးမှာ သမိုင်းသစ်ဟာ စတင်ရေးထိုးနေပါပြီ” လို့လည်း HTS အဖွဲ့ခေါင်းဆောင် အဘူလ်မိုဟာမက် အယ်လ်ဂိုလာနီလို့ လူသိများတဲ့ အာမက်ဒ်အယ်လ်ရှာရာက ပြောပါတယ်။
အာဆတ်ရဲ့ ကျဆုံးမှုဟာ သူ့မဟာမိတ် ရုရှားနဲ့ အီရန်တို့အတွက်လည်း အတော်အထိနာခဲ့ပြီး အီရန်ရဲ့ သူ့မဟာမိတ်တွေဆီ လက်နက်သယ်ယူပို့ဆောင်ဖို့ လမ်းကြောင်းပြတ်တောက်သွားခဲ့သလို ရုရှားရဲ့ မြေထဲပင်လယ် ရေတပ်စခန်းလည်း ဆုံးရှုံးမယ့်အခြေအနေနဲ့ ကြုံတွေ့နေရပြီဖြစ်ပါတယ်။
အာဆတ်ထွက်ပြေးပြီးနောက် သမ္မတအိမ်တော်ကို အရပ်သားပြည်သူတွေ ဝင်ရောက်ကာ ပစ္စည်းတွေ ယူဆောင်သွားတာမျိုးရှိသလို လက်ရှိ ဒမတ်စကတ်မြို့မှာလည်း ညမထွက်ရအမိန့် ထုတ်ပြန်ထားပါတယ်။
မြို့တော်အပါအဝင် အရေးပါတဲ့မြို့တွေကို တော်လှန်ရေးတပ်တွေ ထိန်းချုပ်နိုင်ပြီးနောက် ထောင်ပေါင်းများစွာသော နိုင်ငံရေးအကျဉ်းသားတွေကို ထောင်တွေကနေ လွှတ်ပေးခဲ့ပြီး White Helmets အဖွဲ့ကတော့ မြေအောက်ခန်းတွေမှာပါ ဖမ်းဆီးထိန်းသိမ်းခံရသူတွေရှိနေနိုင်တာကြောင့် ရှာဖွေပြီး ကယ်တင်နေတယ်လို့ ဆိုပါတယ်။
အာဆတ်အစိုးရပြုတ်ကျသွားမှုကို နိုင်ငံတကာကလည်း အသီးသီးကြိုဆိုခဲ့ကြပြီး အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်ကတော့ “ဆီးရီယားဟာ မသေချာ မရေရာတဲ့ အခြေအနေမှာ ရှိနေပြီး ရုရှား၊ အီရန်နဲ့ ဟစ်ဇ်ဘိုလာတို့ရဲ့ လွှမ်းမိုးထားမှု ပျောက်ကွယ်သွားပြီဖြစ်တယ်” လို့ ပြောဆိုပါတယ်။
ဒါပေမဲ့ တော်လှန်ရေးတပ်ဖွဲ့တွေကို ခေါင်းဆောင်တဲ့ HTS အဖွဲ့ကိုတော့ အမေရိကန်၊ တူရကီနဲ့ ကုလသမဂ္ဂတို့က အကြမ်းဖက်အဖွဲ့အစည်း သတ်မှတ်ထားဆဲဖြစ်ပါတယ်။
လက်ရှိ ၂၀၁၁ ခုနှစ်ကနေ စတင်ခဲ့တဲ့ ၁၃ နှစ်ကျော်ကြာ ပြည်တွင်းစစ်ဒဏ်ကြောင့် နိုင်ငံကို ပြန်လည်ထူထောင်ဖို့ ဒေါ်လာဘီလီယီပေါင်းများစွာ လိုအပ်လျက်ရှိပြီး ဘာသာခြားလူမျိုးစုတွေ၊ အစ္စလာမ် ဘာသာတူ အုပ်စုကွဲတွေနဲ့ တော်လှန်ရေးတပ်ဖွဲ့တွေကြား ပြန်လည်သင့်မြတ်အောင် ဆောင်ရွက်ဖို့ကိစ္စအတွက်လည်း စိန်ခေါ်မှုတွေ ရှိနေဆဲဖြစ်ပါတယ်။
ပျံ့နှံ့လာတဲ့ ရုပ်သံတွေအရ နိုင်ငံတဝှမ်းက ပြည်သူတွေဟာ အလံတွေကို ဝှေ့ယမ်းကခုန်ပြီး အောင်ပွဲခံနေကြသလို ပြည်တွင်းစစ်ကြောင့် တူရကီ၊ လက်ဘနွန်နဲ့ ဂျော်ဒန်နိုင်ငံတွေက ဒုက္ခသည် သန်းပေါင်းများစွာလည်း နေရပ်ပြန်ဖို့ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။
ဓာတ်ပုံ- REUTERS/Orhan Qereman
ပုံစာ- ဖြိုချဖျက်ဆီးထားတဲ့ ဆီးရီးယား အာဏာရှင် အာဆတ်ရဲ့ ရုပ်ထုအနီးမှာ ပြည်သူတွေရပ်နေတာကို ယမန်နေ့ ဒီဇင်ဘာ ရှစ်ရက်နေ့ကတွေ့မြင်ရစဉ်
ကိုးကား- Reuters