ကယ်လီဖိုးနီးယားမှာ မူကြိုကျောင်းသား နှစ်ဦး သေနတ်နဲ့ အပစ်ခံရ၊ သံသယတရားခံလည်း သေဆုံးသွားလို့ဆို

Author CJ Platform
Categories
Published on Dec 05, 2024

အမေရိကန်ပြည်ထောင်စု ကယ်လီဖိုးနီးယားပြည်နယ် မြောက်ပိုင်းက ပါလာမိုမြို့မှာရှိတဲ့  Feather River  ကျောင်းမှာ ယမန်နေ့ ဒီဇင်ဘာ ၄ ရက်နေ့မှာ ပစ်ခတ်မှု ဖြစ်ပွားခဲ့တာကြောင့် မူကြိုကျောင်းသား နှစ်ဦး ဒဏ်ရာ အပြင်းအထန် ရရှိခဲ့ပြီး သံသယတရားခံကတော့ သေဆုံးသွားတယ်လို့ နိုင်ငံတကာ သတင်းတွေရဲ့ ဖော်ပြချက်အရ သိရပါတယ်။

 

ပစ်ခတ်မှုဟာ Seventh-Day Adventists သာသနာပြုအဖွဲ့အစည်းလက်အောက်ခံဖြစ်တဲ့ အဲဒီကျောင်းမှာ ယမန်နေ့ မွန်းလွဲ တစ်နာရီဝန်းကျင်မှာ ဖြစ်ပွားခဲ့ပြီး အသက် ငါးနှစ်နဲ့ ခြောက်နှစ်အရွယ် ယောက်ျားလေးနှစ်ဦး သေနတ်ထိမှန်ခဲ့တာကြောင့် ဒေသတွင်းက Sacramento ဆေးရုံကို ပို့ဆောင်ထားရပြီး သူတို့နှစ်ဦးရဲ့ အခြေအနေဟာ အလွန်စိုးရိမ်ရတယ်လို့ ဘက်တီကောင်တီက ခရိုင်ရဲချုပ် ကိုရီဟိုနီယာ (Kory Honea) က ပြောပါတယ်။

 

“သူတို့အသက်ရှင်နေသေးတာကို ကျေးဇူးတင်ပါတယ်။ ဒါပေမဲ့ ရှေ့မှာ ခက်ခဲတဲ့ ခရီးရှည်ကြီး ရှိနေပါသေးတယ်”လို့ ရဲချုပ်က ယမန်နေ့ ညနေပိုင်း သတင်းစာရှင်းလင်းပွဲမှာ ဖြည့်စွက်ပြောပါတယ်။

 

သံသယတရားခံဟာ အူဘာအငှားကားနဲ့ ကျောင်းကို လာခဲ့ပြီး ကျောင်းအုပ်နဲ့ တွေ့ဆုံခဲ့ပြီးတဲ့နောက်မှာ သေနတ်သံတွေ ကြားခဲ့ရတယ်လို့ သိရပါတယ်။ ပစ်ခတ်မှုတွေ ဖြစ်ပွားခဲ့ပြီးနောက်မှာ သံသယ တရားခံဟာ ဒဏ်ရာနဲ့ သေဆုံးလျက်သား ဖြစ်နေပြီး ဘေးမှာ သေနတ်တစ်လက် တွေ့မြင်ခဲ့ရတယ်လို့ ရဲတပ်ဖွဲ့က ဆိုပါတယ်။

 

ရဲတပ်ဖွဲ့ကတော့ သံသယတရားခံနဲ့ ဒဏ်ရာရခဲ့တဲ့ ကလေးငယ်တွေအကြားမှာ ပတ်သက်ဆက်စပ်မှု တစ်စုံတစ်ရာ မရှိနိုင်ဘူးလို့ ယုံကြည်နေပါတယ်။

 

စုံစမ်းစစ်ဆေးမှုတွေအရ သံသယတရားခံဟာ ရက်အနည်းငယ်အလိုက ကျောင်းကို ဖုန်းဆက်ပြီး ဗုဒ္ဓဟူးနေ့မှာ ကျောင်းအုပ်နဲ့ တွေ့ဆုံဖို့ ချိန်းဆိုခဲ့ကြောင်း၊ ကလေးတစ်ဦးကို ကျောင်းအပ်ဖို့ဆိုပြီး လာရောက်ခဲ့ပေမဲ့ ကလေးငယ်ပါလာခဲ့ခြင်း မရှိဘူးလို့ ဆိုပါတယ်။

 

သူစီးလာတဲ့ အူဘာ အငှားယာဉ်ရဲ့ ယာဉ်မောင်းကိုလည်း ယမန်နေ့ ညနေမှာပဲ ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးနေတယ်လို့လည်း ဆိုပါတယ်။

 

Feather River ကျောင်းဟာ မူကြိုကနေ ရှစ်တန်းအထိ ကျောင်းသား ၃၅ ဦးဝန်းကျင်ကို သင်ကြားပေးနေတဲ့ ကျောင်းဖြစ်ပြီး လုံခြုံရေးဝန်ထမ်းလည်း မထားရှိထားဘူးလို့ ရဲချုပ်က ဆိုပါတယ်။

 

အခုပစ်ခတ်မှုဟာ Seventh-Day Adventist အဖွဲ့အစည်းကို ပစ်မှတ်ထားတာ ဖြစ်နိုင်တဲ့အတွက် အခြားပြည်နယ်တွေက အဖွဲ့အစည်းလက်အောက်ခံ ကျောင်းတွေကိုလည်း သတိထားဖို့ အကြောင်းကြားထားတယ်လို့လည်း ဆိုပါတယ်။

 

လက်ရှိအချိန်ထိ သေဆုံးသွားတဲ့ သံသယတရားခံက မည်သူမည်ဝါဖြစ်တယ်ဆိုတာ ထုတ်ဖော်ပြောဆိုခြင်း မရှိသေးသလို ဖြစ်စဉ်နဲ့ ပတ်သက်ပြီး သေချာသိနိုင်ဖို့အတွက် စုံစမ်းစစ်ဆေးမှုတွေမှာ ဖက်ဒရယ်စုံစမ်းစစ်ဆေးရေး ဗျူရို (FBI) နဲ့ ပြည်နယ်အစိုးရတို့ကလည်း ကူညီဆောင်ရွက်နေတယ်လို့ သိရပါတယ်။

 

ဓာတ်ပုံ- Kate Wolffe/CapRadio

 

ပုံစာ- ပစ်ခတ်မှုဖြစ်ပွားပြီးနောက် အခင်းဖြစ်ရာကို‌ ရောက်ရှိလာတဲ့ ရဲတပ်ဖွဲ့ဝင်များကို ယမန်နေ့ ဒီဇင်ဘာ ၄ ရက်နေ့က တွေ့မြင်ရစဉ်

 

ကိုးကား- CBS News