အစ္စရေး မြေပြင်ထိုးစစ် ပြန်စနေပြီး လေကြောင်းတိုက်ခိုက်မှုတွေလည်း ပြုလုပ်နေလို့ ဂါဇာဒေသခံ ငါးဆယ်နီးပါး သေဆုံး

Author CJ Platform
Categories
Published on Dec 05, 2024

အစ္စရေးစစ်တပ်က တင့်ကားတွေဟာ ယမန်နေ့ ဒီဇင်ဘာ ၄ ရက်နေ့မှာ ဂါဇာကမ်းမြောင်တောင်ပိုင်းက ခန်းယူနစ်ဒေသ မြောက်ဘက်ခြမ်းကို ထိုးဖောက်ဝင်ရောက်ခဲ့ကြသလို အစ္စရေးတို့ရဲ့ လေကြောင်း တိုက်ခိုက်မှုတွေကြောင့်လည်း ဂါဇာတဝန်းမှာ အနည်းဆုံး လူ ၄၇ ဦးသေဆုံးခဲ့ရတယ်လို့ နိုင်ငံတကာ သတင်းဌာနတွေရဲ့ ဖော်ပြချက်အရသိရပါတယ်။

 

ပါလက်စတိုင်းစစ်သွေးကြွတွေက အဲဒီဒေသကနေ ဒုံးကျည်တွေပစ်လွှတ်ခဲ့တယ်လို့ အစ္စရေးစစ်တပ်က  ပြောဆိုခဲ့ပြီးနောက် နေထိုင်သူတွေကို နောက်ထပ်ဘေးလွတ်ရာကို ရွှေ့ပြောင်းဖို့ အမိန့်ထုတ်ပြန်ပြီး နောက်တစ်ရက်မှာပဲ အခုလိုမျိုး တင့်ကားတွေနဲ့ ထိုးဖောက်ဝင်ရောက်လာတာ ဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

 

အစ္စရေးတင့်ကားတပ်တွေ ဝင်ရောက်လာပြီးနောက် လူနေရပ်ကွက်တွေအနီး လက်နက်ကြီးတွေ ကျရောက်ပေါက်ကွဲခဲ့တာကြောင့် ဒေသခံတွေဟာ နေအိမ်တွေကို စွန့်ခွာပြီး အနီးနားမှာရှိတဲ့ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ သတ်မှတ်နယ်မြေဖြစ်တဲ့ အယ်လ်မာဝါဆီ နေရာကို ပြောင်းရွှေ့ခဲ့ရတယ်လို့လည်း ဆိုပါတယ်။

 

ပါလက်စတိုင်းနဲ့ ကုလသမဂ္ဂ အရာရှိတွေကတော့ ဂါဇာမှာ ဘေးကင်းလုံခြုံတဲ့ နေရာမရှိတော့ကြောင်းနဲ့ နေရပ်စွန့်ခွာထွက်ပြေးရသူ လူဦးရေ ၂ ဒသမ ၃ သန်းထဲက လူအများစုဟာ နေရာပြောင်းရွှေ့မှုတွေ အကြိမ်ကြိမ်လုပ်ဆောင်နေရတယ်လို့လည်း ပြောဆိုကြပါတယ်။

 

အယ်လ်မာဝါဆီမှာရှိတဲ့ တဲစခန်းနေရာတစ်ခုကိုလည်း အစ္စရေးတို့က လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် အနည်းဆုံး လူ ၁၇ ဦးသေဆုံးခဲ့ပြီး အများအပြား ဒဏ်ရာရခဲ့တယ်လို့ ဆရာဝန်တွေက ပြောဆိုသလို နေရပ်စွန့်ခွာ ထွက်ပြေးသူတွေရဲ့ တဲအများအပြားလည်း မီးလောင်ခဲ့ရတယ်လို့ အရပ်ဘက် အရေးပေါ်ဝန်ဆောင်မှုပေးတဲ့ အဖွဲ့က ဆိုပါတယ်။

 

အစ္စရေးစစ်တပ်ကတော့ အဲဒီတိုက်ခိုက်မှုဟာ ခန်းယူနစ်ဒေသက လူသားချင်းစာနာထောက်ထားမှု နယ်မြေထဲမှာ လှုပ်ရှားနေတဲ့ ဟားမက်စ်အကြီးတန်းခေါင်းဆောင်တွေကို ပစ်မှတ်ထားခဲ့တာ ဖြစ်တယ်လို့ ပြောဆိုခဲ့ပါတယ်။

 

“တိုက်ခိုက်မှုနောက်ပိုင်းမှာ ဒုတိယအကြိမ် ပေါက်ကွဲမှုတွေ တွေ့ရတဲ့အတွက် အဲဒီနေရာမှာ လက်နက်ခဲယမ်းတွေ ရှိနေတယ်ဆိုတာ ညွှန်ပြနေပါတယ်”လို့ သူတို့ရဲ့ ကြေညာချက်မှာ ဖော်ပြခဲ့ပါတယ်။

 

အစ္စရေးတို့ရဲ့ နောက်ထပ်လေကြောင်းတိုက်ခိုက်မှု တစ်ခုကလည်း ဂါဇာစီးတီးမှာရှိတဲ့ နေအိမ်သုံးလုံးကို ထိမှန်ခဲ့တာကြောင့် အနည်းဆုံး လူ ၁၀ ဦး သေဆုံးပြီး အများအပြား ဒဏ်ရာရခဲ့တယ်လို့ ဒေသတွင်း အရေးပေါ်ဝန်ဆောင်မှုအဖွဲ့က ပြောပါတယ်။ ထိခိုက်ဒဏ်ရာရသူတွေဟာ အပျက်အစီးတွေအောက်မှာ ပိတ်မိနေတာကြောင့် ကယ်ဆယ်ရေး လုပ်ငန်းတွေကို ဆက်လက်လုပ်ဆောင်နေရတယ်လို့လည်း ဆိုပါတယ်။

 

ဂါဇာဒေသအလယ်ပိုင်းမှာလည်း အစ္စရေးတို့ရဲ့ လေကြောင်းတိုက်ခိုက်မှု သုံးကြိမ်ကြောင့် ကလေးငယ် ခြောက်ဦး၊ ဆရာဝန်တစ်ဦး အပါအဝင် လူ ၁၁ ဦးသေဆုံးခဲ့တယ်လို့ ဆရာဝန်တွေက ပြောပါတယ်။ သေဆုံးသူတွေထဲက ငါးဦးဟာ မုန့်တိုက်တစ်ခုရှေ့မှာ တန်းစီနေကြတဲ့သူတွေ ဖြစ်တယ်လို့လည်း သိရပါတယ်။

 

ဒါ့အပြင် အီဂျစ်နယ်စပ်နားက ရာဇာမြို့မှာလည်း တင့်ကားရဲ့ ပစ်ခတ်မှုကြောင့် ပါလက်စတိုင်းဒေသခံ ကိုးဦး သေဆုံးခဲ့တယ်လို့ ဆရာဝန်တွေက ဆိုပါတယ်။

 

ဂါဇာဒေသမြောက်ပိုင်းက ဘိတ်လာဟီယာမြို့က ကမယ်လ်အက်ဒ်ဝမ် ဆေးရုံကိုလည်း အစ္စရေးတပ်တွေက ငါးရက်ဆက်တိုက် ပစ်ခတ်တိုက်ခိုက်နေပြီး အင်္ဂါနေ့ ဒီဇင်ဘာ ၃ ရက်နေ့ညတုန်းက သူရဲ့ ကျန်းမာရေးဝန်ထမ်း သုံးဦး ထိခိုက်ဒဏ်ရာရခဲ့ပြီး တစ်ဦးရဲ့ အခြေအနေက စိုးရိမ်ရတယ်လို့ ဆေးရုံရဲ့ ဒါရိုက်တာ ဟူဆမ်အဘူဆာဖီယာက ပြောပါတယ်။

 

“ဒရုန်းတွေက သံတိုသံစတွေ ပြည့်နှက်နေတဲ့ ဗုံးတွေကို ကြဲချနေပြီး နည်းနည်းလေးလှုပ်ရှားလိုက်တဲ့ ဘယ်သူ့ကိုမဆို ထိခိုက်ဒဏ်ရာ ရစေတော့တာပဲ၊ ဒီအခြေအနေက တကယ့်ကို အရေးပေါ်ပါပဲ”လို့ အဘူဆာဖီယာက ပြောပါတယ်။

 

ဂျာဘာလီဘာ၊ ဘိတ်လာဟီဘာနဲ့ ဘိတ်ဟာနွန်းစတဲ့ မြို့သုံးမြို့က ဒေသခံတွေကတော့ အစ္စရေးတပ်တွေဟာ နေအိမ်ဒါဇင်ပေါင်းများစွာကို တိုက်ခိုက်ဖောက်ခွဲပြီး ဖျက်ဆီးခဲ့တယ်လို့ ဆိုကြပါတယ်။

 

အစ္စရေးစစ်တပ်ဟာ ဂါဇာမြောက်ဘက်စွန်းက လူတွေကို အတင်းအကျပ်ရွှေ့ပြောင်းစေတာနဲ့ ဗုံးကြဲတိုက်ခိုက်မှုတွေ လုပ်ဆောင်ပြီး ကြားခံနယ်မြေ တစ်ခုဖန်တီးဖို့ ကြိုးစားနေတာဖြစ်တယ်လို့ ပါလက်စတိုင်းဘက်က ပြောဆိုပါတယ်။

 

ဒါပေမဲ့ အစ္စရေးဘက်ကတော့ အဲဒီပြောဆိုချက်ကို ငြင်းဆိုထားပြီး အရင်က နယ်မြေရှင်းလင်းထားတဲ့ နေရာတွေမှာ ဟားမက်စ်တပ်ဖွဲ့ဝင်တွေ ပြန်ပြီးစုစည်းတာမျိုး မလုပ်နိုင်အောင် တားဆီးဖို့အတွက် ပြန်လည် ထိုးစစ်ဆင် ဝင်ရောက်လာတာဖြစ်တယ်လို့ ပြောပါတယ်။

 

ဒါ့အပြင် ဟားမက်စ်တွေဟာ နေအိမ်တွေ၊ ကျောင်းတွေနဲ့ ဆေးရုံတွေကို စစ်ဆင်ရေးအကာအကွယ်အဖြစ် မကြာခဏဆိုသလို သုံးနေတယ်လို့လည်း အစ္စရေးဘက်က စွပ်စွဲခဲ့ပါတယ်။ ဟားမက်စ်တွေကတော့ စွပ်စွဲချက်ကို ငြင်းဆိုထားပြီး အစ္စရေးစစ်တပ်ကသာ အရပ်သားနေရာပါမချန် ဘာမှမခွဲခြားဘဲ တိုက်ခိုက်နေတာလို့ ပြန်လည်စွပ်စွဲထားပါတယ်။

 

ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် အောက်တိုဘာ ၇ ရက်နေ့မှာ ဟားမက်စ်တိုက်ခိုက်ရေးသမားတွေက အစ္စရေးနိုင်ငံထဲကို ကျူးကျော်ပြီး တိုက်ခိုက်ခဲ့တာကြောင့် အစ္စရေးဘက်က ၁,၂၀၀ ကျော် သေဆုံးခဲ့သလို ၂၅၀ ကျော်ဟာ ဓားစာခံအဖြစ် ဖမ်းဆီးခံရပြီးနောက်ပိုင်း အစ္စရေးဘက်က လူနေထူထပ်တဲ့ ဂါဇာဒေသ တစ်လျှောက်ကို ထိုးစစ်ဆင် တိုက်ခိုက်မှုတွေ လုပ်ဆောင်နေတာလည်း ဖြစ်ပါတယ်။

 

အစ္စရေးတို့ရဲ့ တိုက်ခိုက်မှုကြောင့် ပါလက်စတိုင်းဘက်က လူပေါင်း ၄၄,၄၀၀ ကျော် သေဆုံးခဲ့ပြီး အများအပြားလည်း ထိခိုက်ဒဏ်ရာရခဲ့ကာ ဂါဇာဒေသနေရာ အတော်များများလည်း အပျက်အစီးတွေအဖြစ် ပြောင်းလဲသွားခဲ့ရပါတယ်။

 

အစ္စရေးစစ်တပ်ဟာ ပြီးခဲ့တဲ့ အပတ်တွေအတွင်းမှာ ဂါဇာစစ်ပွဲနဲ့ အတူ ဖြစ်ပွားခဲ့တဲ့ လက်ဘနွန်အခြေစိုက် ဟစ်ဇ်ဘိုလာတို့နဲ့ အပစ်အခတ်ရပ်စဲရေး သဘောတူညီမှု ရရှိခဲ့ပါတယ်။ ဒါပေမဲ့ ဂါဇာစစ်ပွဲတစ်နှစ်ကျော် ကာလအတွင်းမှာ ဟားမက်စ်တွေနဲ့ တစ်ပတ်ကြာ အပစ်ရပ်စဲရေး တစ်ကြိမ်သာ ရှိခဲ့ပြီး အခုအချိန်ထိ စစ်ပွဲတွေ ဆက်တိုက်ဖြစ်ပွားနေပါတယ်။

 

ဓာတ်ပုံ-  REUTERS/Dawoud Abu Alkas

 

ပုံစာ- အစ္စရေးတို့ရဲ့ တိုက်ခိုက်မှုတွေကြောင့် နေရပ်စွန့်ခွာထွက်ပြေးခဲ့ရသူတွေကို ဂါဇာကမ်းမြောင်ဒေသ မြောက်ဘက်ပိုင်းတွင် ယမန်နေ့ ဒီဇင်ဘာ ၄ ရက်နေ့က တွေ့မြင်ရစဉ်

 

ကိုးကား- Reuters