မြဝတီကျားဖြန့်လုပ်ငန်းခွင်ကနေ ထွက်ပြေးလာတဲ့ နိုင်ငံခြားသား ၄၀ နီးပါးကို ထိုင်းရဲတပ်ဖွဲ့ကယ်တင်

Author CJ Platform
Categories
Published on Nov 26, 2024

မြန်မာနိုင်ငံ မြဝတီဘက်ခြမ်းမှာရှိတဲ့ အွန်လိုင်းငွေလိမ်လုပ်ငန်း(ကျားဖြန့်)တစ်ခုကနေ ထွက်ပြေးလွတ်မြောက်လာတဲ့ နိုင်ငံခြားသား ၃၉ ဦးကို နယ်စပ်ကင်းလှည့်နေတဲ့ ထိုင်းအာဏာပိုင်တွေက ယမန်နေ့ နိုဝင်ဘာ ၂၅ ရက်နေ့ မနက်ပိုင်းမှာ တွေ့ရှိပြီး ကယ်တင်နိုင်ခဲ့တယ်လို့ ဒေသတွင်းသတင်းဌာနတွေက ဖော်ပြပါတယ်။

 

ထိုင်းနိုင်ငံရဲ့ နရဲစွမ်အထူးတပ်ဖွဲ့နဲ့ နယ်စပ်ကင်းလှည့်ရဲတပ်ဖွဲ့တွေ ပါဝင်တဲ့ စစ်ဆေးရေးအဖွဲ့ဟာ မဲဆောက်မြို့အနီးက ထိုင်း-မြန်မာ နယ်စပ်ဒေသတဝိုက်ကို ကင်းလှည့်နေစဉ် ရွာတစ်ရွာအနီးမှာ အဆိုပါနိုင်ငံခြားသားတွေကို တွေ့ရှိခဲ့တာဖြစ်တယ်လို့လည်း ဆိုပါတယ်။

 

နိုင်ငံခြားသားတွေဟာ သီရိလင်္ကာနိုင်ငံသား ၃၂ ဦး၊ နီပေါနိုင်ငံသား ငါးဦး၊ မလေးရှားနိုင်ငံသား တစ်ဦးနဲ့ ရုရှားနိုင်ငံသား တစ်ဦးတို့ ဖြစ်ကြပြီး သူတို့တွေကို စစ်ဆေးကြည့်တဲ့အခါမှာ သက်သေခံစာရွက်စာတမ်းတွေ ကိုင်ဆောင်ထားတာတွေ့ရပြီး တရားမဝင်ပစ္စည်းတွေတော့ တွေ့ရှိခဲ့ခြင်းမရှိဘူးလို့ သိရပါတယ်။

 

သူတို့တွေဟာ မဲဆောက်မြို့ရဲ့ တစ်ဖက်ခြမ်းက ကျားဖြန့်တွေအခြေစိုက်ရာလို့ လူသိများတဲ့ မြန်မာနိုင်ငံ မြဝတီမြို့က စီမံကိန်းတစ်ခုမှာ အလုပ်လုပ်ဖို့ဆိုပြီး လိမ်လည်ခေါ်ဆောင်ခံရတာဖြစ်တယ်လို့ သူတို့တွေရဲ့ ပြောကြားချက်အရ သိရပါတယ်။

 

တရုတ်လူမျိုးတွေ ဦးဆောင်လုပ်ကိုင်နေတယ်လို့ ယူဆရတဲ့ ကျားဖြန်စင်တာမှာ ငွေလိမ်ဂိုဏ်းအတွက် အတင်းအကျပ် အလုပ်လုပ်ခိုင်းခံရပြီးနောက် ထွက်ပြေးလွတ်မြောက်အောင် ကြံစည်ခဲ့ပြီး သောင်ရင်းမြစ်ကိုဖြတ်ကာ ထိုင်းဘက်ခြမ်းကို ရောက်ရှိလာတာဖြစ်တယ်လို့လည်း သူတို့တွေက ထွက်ဆိုထားကြပါတယ်။

 

လက်ရှိမှာတော့ သူတို့တွေရဲ့ သက်ဆိုင်ရာသံရုံးတွေကို ဆက်သွယ်ထားပြီး ပြည်နယ်လူဝင်မှုကြီးကြပ်ရေးရုံးကနေတဆင့် သူတို့နိုင်ငံတွေဆီကို ပြန်လည်လွှဲပြောင်းပေးအပ်သွားဖို့ စီစဉ်နေတယ်လို့ ထိုင်းအာဏာပိုင်တွေက ပြောပါတယ်။

 

ဓာတ်ပုံ – Assawin Pinitwong

 

ပုံစာ – တက်ခ်ခရိုင် မဲဆောက်မြို့ အနီးမှာ ကျားဖြန်လုပ်ငန်းခွင်ကနေ ထွက်ပြေးလာတဲ့ နိုင်ငံခြားသားတွေကို ထိုင်းရဲတပ်ဖွဲ့ ကယ်တင်ခဲ့စဉ်

 

ကိုးကား- Bangkok Post

 

 

Related News

Depend on news