မြန်မာနိုင်ငံရဲ့ လုပ်ရပ်တွေဟာ အာဆီယံ ဗဟိုချက်မူဝါဒကို ထိခိုက်စေတယ်လို့ စင်္ကာပူ ကာကွယ်ရေးဝန်ကြီး ပြော
မြန်မာနိုင်ငံရဲ့ လုပ်ရပ်တွေဟာ နှစ်ပေါင်း ၂၀ ကျော် ကာကွယ်ရေးဆိုင်ရာ ပူးပေါင်း ဆောင်ရွက်မှု ကာလတစ်လျှောက် ကြိုးစားတည်ဆောက်ခဲ့တဲ့ အာဆီယံ ဗဟိုချက်မူဝါဒကို ထိခိုက်စေပြီး အန္တရာယ်ရှိနေတယ်လို့ စင်္ကာပူ ကာကွယ်ရေးဝန်ကြီး ဒေါက်တာငွေအင်ဟင်းက အသိပေးပါတယ်။
ယမန်နေ့ နိုဝင်ဘာ ၂၀ ရက်နေ့၊ စင်္ကာပူကာကွယ်ရေး ဝန်ကြီးဌာနက ထုတ်ပြန်ချက်ထဲ အဲဒီလို ပြောကြားခဲ့သလို လာအိုနိုင်ငံမှာ ကျင်းပခဲ့တဲ့ ၁၈ ကြိမ်မြောက် အာဆီယံကာကွယ်ရေးဝန်ကြီးများ အစည်းအဝေး (ADMM) မှာလည်း ဒေသတွင်းရဲ့ အမြင့်ဆုံးကာကွယ်ရေးဆိုင်ရာ တိုင်ပင်ဆွေးနွေးရေးနဲ့ ပူးပေါင်းဆောင်ရွက်ရေး ယန္တရားတွေဟာ ယုံကြည်စိတ်ချရမှု ဆုံးရှုံးနိုင်တယ်လို့ ပြောပါတယ်။
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလမှာ စစ်တပ်က အရပ်သားအစိုးရကို ဖြုတ်ချပြီး မတရားအာဏာသိမ်းလိုက်ပြီး နောက်မှာ ဆန္ဒပြမှုတွေ၊ လက်နက်ကိုင်တော်လှန်မှုတွေ ဖြစ်ပွားခဲ့ပြီး အခြေအနေတွေကို စစ်တပ်က ထိန်းချုပ်နိုင်ခြင်း မရှိခဲ့ပါဘူး။
အာဆီယံဗဟိုချက်မူဝါဒဟာ ဒေသတွင်း ပူးပေါင်းဆောင်ရွက်ရေးနဲ့ သံတမန်ရေးရာ ကိစ္စရပ်တွေမှာ အာဆီယံက ဦးဆောင်အခန်းကဏ္ဍကနေ ပါဝင်သင့်တယ်ဆိုတဲ့ အခြေခံမူကို ရည်ညွှန်းတာလည်း ဖြစ်ပါတယ်။ အာဆီယံမှာ မြန်မာအပါအဝင် အဖွဲ့ဝင် ၁၀ နိုင်ငံရှိပါတယ်။
မြန်မာနိုင်ငံရဲ့ ကန့်ကွက်မှုတွေကြောင့် တချို့ကိစ္စရပ်တွေ ရပ်တန့်နေတယ်လို့လည်း စင်္ကာပူကာကွယ်ရေးဝန်ကြီးဌာန (MINDEF) က ထုတ်ပြန်ချက်မှာ ရေးသားခဲ့ပေမဲ့ ဘယ်ကိစ္စရပ်တွေ ဖြစ်တယ်ဆိုတာကိုတော့ အသေးစိတ် ထုတ်ဖော်ရေးသားထားတာ မရှိပါဘူး။
ဒါ့အပြင် မြန်မာနိုင်ငံရဲ့ လုပ်ရပ်တွေဟာ အာဆီယံက ချမှတ်ထားတဲ့ ဘုံသဘောတူညီချက် ငါးချက်ကို အကောင်အထည်ဖော်မှုလည်း မရှိသလို အာဆီယံရဲ့ လုပ်ငန်းဆောင်တာတွေကို အဟန့်အတားဖြစ်စေခဲ့တယ်လို့ ဒေါက်တာငွေအင်ဟင်းက ထောက်ပြခဲ့ပါသေးတယ်။
ဘုံသဘောတူညီချက် ငါးချက်ဟာ အာဆီယံအဖွဲ့ဝင်နိုင်ငံတွေက မြန်မာ့အရေး အဆုံးသတ်စေဖို့ ရည်ရွယ်ပြီး သဘောတူညီထားတဲ့ ငြိမ်းချမ်းရေးအစီအစဉ် ဖြစ်ပေမဲ့ စစ်ကောင်စီကတော့ အကောင်အထည်ဖော်ဖို့ ပျက်ကွက်နေဆဲပဲ ဖြစ်ပါတယ်။
ဒါ့အပြင် မြန်မာနိုင်ငံအနေနဲ့ အာဆီယံကို ကိုယ့်နိုင်ငံရေးအတွက် အသုံးမချရန်နဲ့ ကိုယ့်ရဲ့ ရည်ရွယ်ချက်တွေအတွက် ADMM ကို အခက်အခဲဖြစ်အောင် မလုပ်ဖို့လည်း MINDEF ရဲ့ ထုတ်ပြန်ချက်မှာ ထည့်သွင်း ဖော်ပြထားပါတယ်။
ဒေါက်တာငွေအင်ဟင်းက တခြားဝန်ကြီးတွေကို “ADMM ရဲ့ ဗဟိုချက်မူဝါဒကို ထိန်းသိမ်းရန်အတွက် ADMM ရဲ့ အကျိုးစီးပွားအလို့ငှာ စည်းလုံးညီညွှတ်စွာ အတူတကွ လုပ်ဆောင်ကြဖို့”ကိုလည်း တိုက်တွန်းပြောဆိုခဲ့ပါတယ်။ အဲဒီကိစ္စရပ်တွေကို လာမယ့်နှစ်မှာ ဆက်လက်ဆွေးနွေးကြဖို့လည်း ADMM က သဘောတူခဲ့ကြတယ်လို့ သိရပါတယ်။
မြန်မာနိုင်ငံမှာ စစ်တပ်ကအာဏာသိမ်းမှုနောက်ပိုင်း အရပ်သား ၅,၀၀၀ ကျော် သေဆုံးခဲ့ပြီး လူပေါင်း ၃ ဒသမ ၃ သန်းကျော် နေရပ်စွန့်ခွာ ထွက်ပြေးခဲ့ရတယ်လို့ အခုနှစ် စက်တင်ဘာလက ထုတ်ပြန်ခဲ့တဲ့ ကုလသမဂ္ဂအစီရင်ခံစာအရ သိရပါတယ်။
ဓာတ်ပုံ- MINDEF
ပုံစာ- လာအိုနိုင်ငံမှာ ကျင်းပခဲ့တဲ့ ၁၈ ကြိမ်မြောက် အာဆီယံကာကွယ်ရေးဝန်ကြီးများ အစည်းအဝေး (ADMM) မှာ စင်္ကာပူကာကွယ်ရေးဝန်ကြီး ငွေအင်ဟင်းကို တွေ့ရစဉ်
ကိုးကား- CNA