ထိုင်းနိုင်ငံမှာ ရေဝက် သေဆုံးမှု မြင့်တက်၊ မျိုးတုံး ပျောက်ကွယ်တော့မယ့် အန္တရာယ်နဲ့ ရင်ဆိုင်နေရ

Author CJ Platform
Categories
Published on Nov 19, 2024

ထိုင်းနိုင်ငံရဲ့ အန်ဒမန်ပင်လယ်ကမ်းရိုးတန်းဒေသတွေမှာ ပင်လယ်နေ နို့တိုက်သတ္တဝါတစ်မျိုးဖြစ်တဲ့ ရေဝက်တွေ သေဆုံးမှုဟာ စိုးရိမ်ဖွယ်ရာ အခြေအနေကို ရောက်ရှိနေပြီလို့ သဘာဝသယံဇာတနဲ့ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနက ပြောဆိုခဲ့ပါတယ်။

 

ယခုလထဲ ကရာဘီကမ်းခြေမှာ ရေဝက်နှစ်ကောင်သေဆုံးခဲ့ပြီး ပထမဆုံးအဖြစ် သေဆုံးနေတဲ့ ရေဝက်ကို နိုဝင်ဘာ ၈ ရက်နေ့တုန်းက ခေါင်သွန်ခရိုင်ခွဲဒေသက ကမ်းခြေမှာ တွေ့ရှိခဲ့တာလည်း ဖြစ်ပါတယ်။

 

နောက်ထပ်ကိုးရက်အကြာ နိုဝင်ဘာ ၁၇ ရက်နေ့မှာ နောက်ထပ် ရေဝက် အမတစ်ကောင် သေဆုံးပြီး ကမ်းပေါ်မှာလာတင်နေတာကို တွေ့ရှိခဲ့ရပြီးနောက်မှာတော့ ရေဝက်တွေနဲ့ ပတ်သက်တဲ့ မှတ်ချက်ပေးပြောဆိုမှု ပြုလုပ်ခဲ့တာလည်းဖြစ်ပါတယ်။

 

နိုဝင်ဘာ ၁၇ ရက်နေ့က တွေ့ရှိခဲ့တဲ့ ရေဝက်ဟာ အရှည်တစ်မီတာနဲ့ အရွယ်မရောက်သေးတဲ့ ရေဝက် အမတစ်ကောင်ဖြစ်ပြီး ခန္ဓာကိုယ်ပေါ်မှာ အခြားရေဝက်တွေ ကိုက်ထားတယ်လို့ ယူဆရတဲ့ ဒဏ်ရာတွေတွေ့ရှိခဲ့တယ်လို့ Love the Krabi Sea Association အဖွဲ့ ဥက္ကဋ္ဌ အလီချန်နမ်က ပြောဆိုပါတယ်။

 

ရေဝက်အမရဲ့ ခန္ဓာကိုယ်ကိုတော့ ထရန်ခရိုင်တွင်းက အန်ဒမန်ပင်လယ်အောက်ဘက် ရေနေသတ္တဝါနဲ့ ကမ်းရိုးတန်းအရင်းအမြစ်များ သုတေသနစင်တာကို ခွဲစိတ်စစ်ဆေးဖို့ ပို့ဆောင်ခဲ့တယ်လို့လည်း သိရပါတယ်။

 

အခုနှစ်အတွင်း အန်ဒမန်ပင်လယ်ပြင်မှာ ရေဝက် စုစုပေါင်း ၃၅ ကောင်အထိ သေဆုံးခဲ့ပြီး ပြီးခဲ့တဲ့ ၂ နှစ်အတွင်းမှာ စုစုပေါင်း ၇၂ ကောင်အထိ သေဆုံးခဲ့တယ်လို့ ရေနေသတ္တဝါ ကျွမ်းကျင်ပညာရှင်  သွန်သမရွန်နာဝါဆာဝပ်က ပြောပါတယ်။

 

ဒါ့အပြင် ထိုင်းနိုင်ငံမှာ ပြီးခဲ့တဲ့ ခုနစ်နှစ်အတွင်း တစ်လကို ရေဝက်တစ်ကောင်နှုန်းလောက်သာ သေဆုံးခဲ့ပေမဲ့ လက်ရှိမှာတော့ တစ်လကို ၃ ဒသမ ၇၅ ကောင်နှုန်းအထိ မြင့်တက်လာနေတယ်လို့လည်း သိရပါတယ်။

 

သဘာဝသယံဇာတနဲ့ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ချလာမာချိုင်သီရိအွန်ကတော့ ရေဝက်တွေရဲ့ အဓိကအစာဖြစ်တဲ့ ပင်လယ်မြက်တွေ လျော့နည်းလာတာဟာ သေဆုံးမှုနှုန်း မြင့်တက်လာခြင်းရဲ့ အဓိက အကြောင်းအရင်းဖြစ်တယ်လို့ ယမန်နေ့ နိုဝင်ဘာ ၁၈ ရက်နေ့မှာ ပြောပါတယ်။

 

ထရန်ခရိုင်က ဟတ်ချောင်မိုင်အမျိုးသားဥယျာဉ်နဲ့ မူးခေါ့လီဘွန်း ပင်လယ်ထိန်းသိမ်းရေးနယ်မြေတွေမှာ ပင်လယ်မြက်ပေါက်ရောက်မှုဟာ အရင်နှစ်တွေကထက် ထက်ဝက်ခန့် လျော့နည်းသွားတယ်လို့လည်း ဆိုပါတယ်။

 

မစ္စတာသွန်ကတော့ လက်ရှိနှုန်းထားအတိုင်းဆက်ပြီး သေဆုံးနေမယ်ဆိုရင် လာမယ့် လေး၊ ငါးနှစ် အတွင်းမှာ အန်ဒမန်ပင်လယ်တွင်းက ရေဝက်တွေ လုံးဝပျောက်ကွယ်သွားနိုင်တယ်လို့ သတိပေးပါတယ်။

 

ဝန်ကြီးဌာနအနေနဲ့လည်း အမျိုးသားဥယျာဉ်၊ တောရိုင်းတိရိစ္ဆာန်နဲ့ အပင်မျိုးစိတ် ထိန်းသိမ်းရေးဌာန၊ ရေနေသတ္တဝါနဲ့ ကမ်းရိုးတန်းအရင်းအမြစ်ဌာနတို့ကို ရေဝက်ကာကွယ်ထိန်းသိမ်းရေးအစီအမံတွေ၊ ပင်လယ်မြက် ပြန်လည်စိုက်ပျိုးခြင်းတွေ၊ အစာဖြည့်တင်းတာနဲ့ ရေဝက်ပြန်လည်ထူထောင်ရေးကန်တွေ တည်ထောင်ပြီး ရေဝက်ကယ်ဆယ်ရေး အခြေခံနည်းပညာ သင်တန်းတွေ ပေးနေပေမဲ့ ဒီအစီအစဉ်တွေကို ပိုမိုအရှိန်မြင့်လုပ်ဆောင်ဖို့ လိုနေသေးတယ်လို့ ဝန်ကြီးချလာမာက ပြောပါတယ်။

 

ဓာတ်ပုံ- Department of National Park, Wildlife and Plant Conservation

 

ပုံစာ- ပြီးခဲ့တဲ့ စက်တင်ဘာလအတွင်း ထရန်ခရိုင်ဟတ်ချောင်မိုင်ကမ်းခြေမှာ သုတေသန စစ်တမ်းကောက်ယူနေချိန် ရေဝက်တစ်ကောင် ကူးခတ်နေတာကို တွေ့မြင်ရစဉ်

 

ကိုးကား – Bangkok Post