ပခုက္ကူထောင်တွင် ဆူပူမှုဖြစ် နိုင်ငံရေးအကျဉ်းသားများအပေါ် ဖိနှိပ်နေသည့် ထောင်မှူးအသစ် ဓားဖြင့်ခုတ်ခံရပြီး သေ

Author ကိုပေါက်
Categories
Published on Oct 16, 2022

ပခုက္ကူအကျဥ်းထောင် အကျဥ်းသားများနှင့်ဝန်ထမ်းများ ယမန်နေ့ ညပိုင်းက ပဋိပက္ခဖြစ်ပြီး ထောင်မှူးတစ်ဦး ဓားဖြင့်ခုတ်ခံရ၍ သေဆုံးသွားသည်ဟု အကျဥ်းဦးစီးနှင့် နီးစပ်သူများထံမှ သိရသည်။

ပခုက္ကူအကျဥ်းထောင်တွင် ယမန်နေ့ ည ၈နာရီခန့်က ဝန်ထမ်းများ၏ ဖိနှိပ်ချုပ်ချယ်မှု့တို့ကြောင့် အကျဥ်းသားများနှင့် ဝန်ထမ်းများအကြား ပဋိပက္ခဖြစ်ကာ ထောင်မှူးတစ်ဦး ဓားဖြင့်အခုတ်ခံရပြီး သေဆုံးသွားသည်ဟု အကျဥ်းဦးစီးနှင့် နီးစပ်သူတစ်ဦးက CJ Platform ကိုအတည်ပြုသည်။
“ထောင်ဆူပြီးတဲ့နောက် ခိုက်ရန်ဖြစ်ပွားပြီး ထောင်မှူးတစ်ဦး ဓားနဲ့ခုတ်ခံရတယ်လို့ သိရတယ် ဒဏ်ရာတွေနဲ့ သေသွားတယ် ထောင်မှုးက အသစ်ပြောင်းလာတဲ့ ထောင်မှူးပါ”ဟု ရှင်းပြသည်။
ပခုက္ကူအကျဥ်းထောင် ဆူပူမှုဖြစ်စဥ်တွင် စစ်ကောင်စီတပ်များ သွားရောက်ချိန်၌ ထောင်မှူးမှာ ထိခိုက်ဒဏ်ရာများဖြင့် ပခုက္ကူဆေးရုံကို ပို့ဆောင်ထားရသည်ဟု အမည်မဖော်လိုသူ ထောင်ဝန်ထမ်းတစ်ဦးက CJ Platform ကို ပြောသည်။
“စစ်တပ်ကို အကျဥ်းဦးစီးဘက်က ဖုန်းဆက်ပေမဲ့ အရောက်နောက်ကျတော့ ဓားဒဏ်ရာတွေနဲ့ သေတယ်လို့လည်း ကြားတယ် ထောင်ထဲမှာတော့ မသေသေးဖူးလို့ သတင်းလွှင့်ထားတယ်၊ ကျွန်တော့် ဂျူတီချိန်မဟုတ်တော့ ဘယ်သူခုတ်တာလဲဆိုတာကို မေးလို့မရသေးဘူး အခုစစ်တပ်ကပဲ ထိန်းထားတာ “ဟု ရှင်းပြသည်။
လက်ရှိအခြေအနေတွင် စစ်ကောင်စီတပ်မှ ပခုက္ကူအကျဥ်းထောင်မှ နိုင်ငံရေးအကျဥ်းသားများကို အခြားထောင်များသို့ ရွှေ့ပြောင်းနေသည်ဟု အကျဥ်းဦးစီးနှင့် နီးစပ်သူများထံမှ သိရသည်။
ပခုက္ကူထောင်တွင်း ဖြစ်ပွားခဲ့သည့် ဆူပူမှု ဖြစ်စဉ်နှင့် ပက်သက်ပြီး CJ Platform အနေဖြင့် သီးခြား အတည်ပြုနိုင်သည့် အချက်အလက်များကို ထပ်မံ တင်ပြနိုင်ရန် မြေပြင်သတင်းထောက်များမှ ဆက်သွယ် စုံစမ်းနေဆဲဖြစ်သည်။
ပြီးခဲ့သည့် စက်တင်ဘာလ ၁၀ရက်နေ့ကလည်း ပခုက္ကူအကျဥ်းထောင်မှ အကျဥ်းသားငါးဦးထွက်ပြေ းလွတ်မြောက်သွားပြီးနောက် ထောင်မှူးကို ပြောင်းရွေ့ခဲ့ပြီး အသစ်ပြောင်းလာသည့် ထောင်မှူးဓားဖြင့် ခုတ်ခံရခြင်းဖြစ်သည်။