ထရမ့်နဲ့ ဘိုင်ဒင်တွေ့ဆုံပြီး အာဏာလွှဲပြောင်းနိုင်ရေး ဆွေးနွေး

Author CJ Platform
Categories
Published on Nov 14, 2024

လက်ရှိ အမေရိကန်ပြည်ထောင်စုရဲ့ သမ္မတ ဂျိုးဘိုင်ဒင်နဲ့ ရွေးကောက်ခံ သမ္မတအသစ်ဖြစ်တဲ့ ဒေါ်နယ်ထရမ့်တို့ဟာ အိမ်ဖြူတော်ရဲ့ ဘဲဥပုံရုံးခန်းမှာ ယမန်နေ့ နိုဝင်ဘာ ၁၃ ရက်နေ့က နှစ်နာရီကြာ တွေ့ဆုံဆွေးနွေးခဲ့ကြတယ်လို့ အိမ်ဖြူတော်ပြောခွင့်ရ ပုဂ္ဂိုလ် ကာရင် ဂျင်ပီယဲရ် (Karine Jean-Pierre) ရဲ့ ပြောကြားချက်အရ သိရပါတယ်။

 

အသက် (၈၁) နှစ်အရွယ် ဘိုင်ဒင်နဲ့ အသက် (၇၈) နှစ်အရွယ် ထရမ့်တို့ဟာ နိုင်ငံရေးပြိုင်ဘက်တွေ ဖြစ်ပေမဲ့လည်း နှစ်ဦးစလုံးက နွေးထွေးပျူငှာစွာနဲ့ ထိထိရောက်ရောက် ဆွေးနွေးခဲ့ကြတယ်လို့လည်း မစ္စတာပီယဲရ်က ဆိုပါတယ်။

 

နှစ်ဦးစလုံးက ငြိမ်းချမ်းစွာအာဏာလွှဲပြောင်းရေးကို အလေးထားပြောဆိုခဲ့ကြပြီး ဘိုင်ဒင်က “”ကျွန်တော်တို့ ပြောခဲ့သလိုပဲ၊ ချောမွေ့တဲ့ အကူးအပြောင်း ဖြစ်ဖို့ မျှော်လင့်ပါတယ်။ ခင်ဗျား လိုအပ်တာတွေ အဆင်ပြေအောင် ကျွန်တော်တို့ တတ်နိုင်သမျှ လုပ်ပေးပါ့မယ်။ ကြိုဆိုပါတယ်၊ ပြန်လည်ကြိုဆိုပါတယ်”လို့ ထရမ့်ကို ပြောခဲ့ပါတယ်။

 

ထရမ့်ကလည်း “နိုင်ငံရေးဆိုတာ ခက်ခဲကြမ်းတမ်းပါတယ်။ အများအားဖြင့် သာယာတဲ့လောက မဟုတ်ပေမဲ့ ဒီနေ့တော့ သာယာနေပါတယ်။ ဒါကို ကျွန်တော် တန်ဖိုးထားပါတယ်။ အာဏာလွှဲပြောင်းမှုက ဖြစ်နိုင်သမျှ အချောမွေ့ဆုံး ဖြစ်မယ်လို့ ထင်ပါတယ်။ အဲဒီအတွက် ဂျိုးကို အများကြီး ကျေးဇူးတင်ပါတယ်”လို့ ပြန်လည် ပြောဆိုခဲ့ပါတယ်။

 

ဆွေးနွေးပွဲမှာ ယူကရိန်းနဲ့ အရှေ့အလယ်ပိုင်းအရေးတွေကိုလည်း အဓိကထားဆွေးနွေးခဲ့ကြပြီး ဘိုင်ဒင်က ယူကရိန်းကို‌ ထောက်ပံ့မှုဟာ အမေရိကန်ရဲ့ အမျိုးသားလုံခြုံရေးအတွက် အရေးကြီးတယ်လို့ ပြောဆိုခဲ့ပြီး ထရမ့်ကတော့ ရုရှား-ယူကရိန်းစစ်ပွဲကို မြန်မြန် အဆုံးသတ်မယ်လို့ ကတိပေးခဲ့ပါတယ်။

 

ဒါ့အပြင် ဘိုင်ဒင်က အစိုးရ ရန်ပုံငွေနဲ့ သဘာဝဘေးအန္တရာယ် ကယ်ဆယ်ရေး ရန်ပုံငွေတွေကို လွှတ်တော်မှာ အတည်ပြုခိုင်းဖို့ ထရမ့်ကို တိုက်တွန်းခဲ့သေးတယ်လို့လည်း သိရပါတယ်။

 

ထရမ့်နဲ့ ဘိုင်ဒင်တို့ အခုလိုမျိုး နှစ်ဦးကြား တွေ့ဆုံမှုဟာ အဓိပ္ပာယ်ရှိတဲ့ ပထမဆုံးတွေ့ဆုံမှုလည်း ဖြစ်ပါတယ်။ ဒါပေမဲ့ အာဏာလွှဲပြောင်းဖို့ လုပ်ငန်းစဉ်တွေ ကတော့ တစ်စိတ်တစ်ပိုင်းနဲ့ ရပ်တန့်နေဆဲ ဖြစ်ပါတယ်။ လက်ရှိမှာ ထရမ့်အဖွဲ့ဘက်က စာရွက်စာတမ်းတွေ မပြည့်စုံသေးသလို အစိုးရရုံးခန်းနဲ့ စက်ပစ္စည်းတွေ အသုံးပြုခွင့် နည်းလမ်းတွေ စဉ်းစားနေဆဲ ဖြစ်တယ်လို့ သိရပါတယ်။

 

တွေ့ဆုံပွဲကို အီလွန်မက်လည်း တက်ရောက်ခဲ့ပြီး၊ သမ္မတဇနီး ဂျဲလ်ဘိုင်ဒန်က ထရမ့်ဇနီး မက်လာနီယာထရမ့်အတွက် ဂုဏ်ယူဝမ်းမြောက်ကြောင်း စာရေးပေးခဲ့ပါတယ်။ ဒါပေမဲ့ မက်လာနီယာထရမ့်က တွေ့ဆုံပွဲကို တက်ရောက်ခဲ့ခြင်း မရှိပါဘူး။

 

နိုင်ငံရေး ပဋိပက္ခနဲ့ တင်းမာမှုတွေရှိနေတဲ့သူနှစ်ယောက် အခုလို တွေ့ဆုံခဲ့တာဟာ အမေရိကန် နိုင်ငံရေးသမိုင်းမှာ အရေးပါတဲ့ အခိုက်အတန့်လည်းဖြစ်တယ်လို့ ဆိုပါတယ်။

 

သမ္မတလောင်းကို လက်ရှိသမ္မတက အိမ်ဖြူတော်က ဘဲဥပုံရုံးခန်းကို ဖိတ်ခေါ်ကြိုဆိုတဲ့ ဓလေ့ထုံးစံအတိုင်း ဘိုင်ဒင်က ထရမ့်ကို ဖိတ်ခေါ်ခဲ့ပေမဲ့ ပြီးခဲ့တဲ့ ၂၀၂၀ ရွေးကောက်ပွဲမှာ ထရမ့်ကို ဘိုင်ဒင်အနိုင်ရခဲ့စဉ်က အဲဒီချိန်က သမ္မတဖြစ်နေတဲ့ ထရမ့်က ဖိတ်ခေါ်ကြိုဆိုတာမျိုး မလုပ်ခဲ့ပါဘူး။

 

ဓာတ်ပုံ – Kevin Lamarque/Reuters

 

ပုံစာ – အိမ်ဖြူတော်ရဲ့ ဘဲဥပုံရုံးခန်းမှာ ဘိုင်ဒင်နဲ့ ထရမ့်တို့ ယမန်နေ့က တွေ့ဆုံခဲ့ကြစဉ်

ကိုးကား – Reuters