မြန်မာဘက် လူကုန်ကူးခံရနိုင်ချေရှိတဲ့ တရုတ်ခရီးသွား ငါးဦးကို ထိုင်းရဲတပ်ဖွဲ့ကယ်တင်
ထိုင်းနိုင်ငံ ရဲတပ်ဖွဲ့ဟာ မဲဆောက်မြို့ကနေတဆင့် မြဝတီဘက်ကို လူကုန်ကူးခံရနိုင်ချေရှိတဲ့ တရုတ်ခရီးသွား ငါးဦးကို မဲဆောက်-တာ့ခ်လမ်းပေါ်က ဟွိုင်ဟင်ဖုန်း လုံခြုံရေးစစ်ဆေးရေးဂိတ်မှာ ယမန်နေ့ နိုဝင်ဘာ ၁၂ ရက်နေ့မှာ စစ်ဆေးတွေ့ရှိပြီး ကယ်တင်နိုင်ခဲ့တယ်လို့ ဒေသတွင်း သတင်းဌာနတွေရဲ့ ဖော်ပြချက်အရ သိရပါတယ်။
အဲဒီ တရုတ်ခရီးသွားတွေဟာ တရားဝင် နိုင်ငံကူးလက်မှတ်တွေကို ကိုင်ဆောင်ထားပြီး ပတ္တယားကမ်းခြေကို အပန်းဖြေခရီးထွက်ဖို့သာ ရည်ရွယ်ထားပြီး နယ်စပ်ဒေသတွေကို ခရီးသွားဖို့ ရည်ရွယ်ချက်မရှိပေမဲ့ မဲဆောက်ဘက်ကို လမ်းလွှဲခေါ်လာတယ်လို့ စကားပြန်ကတဆင့် သိရတဲ့အခါ အံ့အားသင့်ခဲ့ရတယ်လို့လည်း ဆိုပါတယ်။
ထိုင်းရဲတပ်ဖွဲ့ကတော့ တရုတ်ခရီးသွားတွေကို မဲဆောက်ကနေတဆင့် မြဝတီမြို့ကို ခေါ်ဆောင်ပြီး တရားမဝင်အွန်လိုင်းလိမ်လည်မှုစင်တာမှာ အလုပ်လုပ်ဖို့ အတင်းအကျပ်စေခိုင်းတာမျိုး ပြုလုပ်နိုင်တယ်လို့ ယုံကြည်နေပါတယ်။
အရင်ကလည်း အခုလို ကိစ္စရပ်တွေ ဖြစ်ပွားဖူးတယ်လို့လည်း သိရပါတယ်။ ယမန်နေ့က ကယ်တင်ခဲ့တဲ့ တရုတ်ခရီးသွားငါးဦးကိုတော့ ကယ်တင်ပြီးနောက်မှာ အာဏာပိုင်တွေဟာ သူတို့သွားဖို့ ရည်ရွယ်ထားတဲ့ ပတ္တယားကမ်းခြေကို ပို့ဆောင်ပေးခဲ့တယ်လို့လည်း ဆိုပါတယ်။
“ကျွန်တော်တို့အနေနဲ့ လူကုန်ကူးမှုနဲ့ နိုင်ငံဖြတ်ကျော်မှုခင်းတွေကို တားဆီးဖို့ ဉာဏ်ရည်တုနည်းပညာ (AI) အထောက်အကူပြု စောင့်ကြည့်စနစ်တွေ အပါအဝင် ပိုမိုတင်းကျပ်တဲ့ နယ်စပ်ထိန်းချုပ်မှုဆိုင်ရာ အစီအမံတွေကို အကောင်အထည်ဖော်နေပါတယ်လို့” လူကုန်ကူးမှုတိုက်ဖျက်ရေး လုပ်ငန်းတွေကို ကြီးကြပ်ဖို့ တာ့ခ်ခရိုင်ကို ရောက်ရှိနေတဲ့ ရဲတပ်ဖွဲ့အကြီးအကဲ ဒုတိယရဲမှူးချုပ် ပရာဂျွပ်ဝမ်ဆွတ်က ပြောပါတယ်။
အထူးသဖြင့် ထိုင်း-မြန်မာနယ်စပ်တစ်လျှောက်မှာ လုပ်ကိုင်နေကြတဲ့ လူကုန်ကူးမှုကွန်ရက်တွေ တိုက်ဖျက်ရေးမှာ အစိုးရရဲ့ ကတိကဝတ်တွေကို အလေးထားဆောင်ရွက်နေတယ်လို့လည်း ဆက်ပြောပါတယ်။ လက်ရှိဖမ်းဆီးတားဆီးနိုင်ခဲ့တဲ့ တရုတ်ခရီးသွား ငါးဦး အမှုကို ကျူးလွန်ဖို့ ကြိုးပမ်းခဲ့တဲ့ လူကုန်ကူးမှုကွန်ရက်ကိုလည်း စုံစမ်းစစ်ဆေးမှုတွေ ဆက်လက်လုပ်ဆောင်နေတယ်လို့လည်း သိရပါတယ်။
ဓာတ်ပုံ – The Reporter
ပုံစာ – ထိုင်းဒုရဲချုပ် ပရာဂျွပ်ဝမ်စွတ် လူကုန်ကူးမှုတိုက်ဖျက်ရေးစင်တာကို ယမန်နေ့က လည်ပတ်ကြည့်ရှုနေစဉ်။
ကိုးကား – Khaosod English