အမေရိကန် ကုလသံအမတ်နဲ့ မူဝါဒရေးရာ ဒုတိယအကြီးအကဲ ရာထူးနှစ်နေရာ ထရမ့် ခန့်အပ်
အမေရိကန်သမ္မတသစ် ဒေါ်နယ် ထရမ့်ရဲ့ အစိုးရအဖွဲ့အတွက် ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံအမတ်အဖြစ် ရီပတ်ဘလီကန်ရဲ့ လွှတ်တော်ကိုယ်စားလှယ် အဲလစ် စတီဖန်နစ် (Elise Stefanik) နဲ့ မူဝါဒရေးရာ ဒုတိယအကြီးအကဲအဖြစ် စတပ်ဖန်မီလ်လာ (Stephan Miller) တို့ကို ခန့်အပ်မှာဖြစ်တယ်လို့ ယမန်နေ့ နိုဝင်ဘာ ၁၁ ရက်နေ့က ထုတ်ပြန်ပါတယ်။
နယူးယောက်ပြည်နယ် လွှတ်တော်ကိုယ်စားလှယ်နဲ့ ရီပတ်ဘလီကန်ညီလာခံ ဥက္ကဋ္ဌ တာဝန်တွေယူထားသူ အသက် ၄၀ အရွယ် မစ္စ အဲလစ်ဟာ ထရမ့်ကို အလွန်အမင်းထောက်ခံသူတစ်ဦးဖြစ်ပါတယ်။
သူမကို ကုလ အမေရိကန်သံအမတ်အဖြစ် သူ့အစိုးရမှာ ခန့်အပ်ရတာ ဂုဏ်ယူတယ်လို့ ထရမ့်က ပြောသလို အဲလစ်ဟာ အလွန်ကို အင်အားကြီးမားပြီး၊ ခိုင်မာတဲ့၊ ပညာရှိတဲ့ အမေရိကကို ဦးစားပေးတဲ့ တိုက်ပွဲဝင်သူတစ်ဦး ဖြစ်တယ်လို့လည်း ထရမ့်က ချီးမွမ်းပြောဆိုသွားပါတယ်။
ထရမ့်ရဲ့ သက်တမ်းအကြာဆုံးလက်ထောက်တစ်ဦးဖြစ်တဲ့ စတီဖန်မီလ်လာကိုတော့ မူဝါဒရေးရာ ဒုတိယအကြီးအကဲခန့်အပ်မှုကို ဒုတိယသမ္မတဖြစ်သူ ဂျေဒီဗန့်က “ဒါဟာ သမ္မတရဲ့ နောက်ထပ် အံ့မခန်းကောင်းမွန်လွန်းတဲ့ ရွေးချယ်မှုတစ်ခုပါပဲ” လို့ သူ့ရဲ့ လူမှုကွန်ရက် X ကနေ ဂုဏ်ပြုပြောဆိုပါတယ်။
မစ္စတာမီလ်လာဟာ ထရမ့်ရဲ့ ပထမသမ္မတသက်တမ်းမှာ အကြီးတန်းအကြံပေးပုဂ္ဂိုလ်တာဝန်ယူခဲ့သလို ထရမ့်ရဲ့ လူဝင်မှုကြီးကြပ်ရေးမူဝါဒတွေမှာလည်း အဓိကကျသူဖြစ်ပါတယ်။ လက်ရှိမှာလည်း ထရမ့်ရဲ့ မဲဆွယ်မိန့်ခွန်းတွေကို ရေးသားပေးလေ့ရှိသလို ထရမ့်ရဲ့ အမေရိကဦးစားပေးမူဝါဒ အကောင်အထည်ဖော်တဲ့ America First Legal အဖွဲ့ရဲ့ ဥက္ကဋ္ဌအနေနဲ့ တာဝန်ယူထားပါတယ်။
ကုလသမဂ္ဂကတော့ ထရမ့်ရဲ့ ဒုတိယသမ္မတသက်တမ်းမှာ အမေရိကန်ရဲ့ ရံပုံငွေထည့်ဝင်မှုနဲ့ ပါဝင်ဆောင်ရွက်မှုတွေ လျှော့ချလာမှာကို စိုးရိမ်နေပါတယ်။ ဒါ့အပြင် အမေရိကန်ရဲ့ နောက်ဆုတ်မှုက တရုတ်နိုင်ငံအတွက် ကမ္ဘာလုံးဆိုင်ရာ သံတမန်အရေးမှာ ပိုပြီးလွှမ်းမိုးလာနိုင်တဲ့ အခွင့်အလမ်းတစ်ရပ် ဖြစ်လာနိုင်တယ်လို့လည်း သုံးသပ်သူတွေက ထောက်ပြနေကြပါတယ်။
ထရမ့်ဟာ ယူကရိန်းစစ်ပွဲကို ဖြေရှင်းဖို့နဲ့ အစ္စရေး-ဂါဇာအရေးမှာလည်း အစ္စရေးဘက်က အားပေးထောက်ခံဖို့ ကတိပြုထားပါတယ်။ ဒါပေမဲ့ ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံတွေကို ရံပုံငွေ ထည့်ဝင်မှု လျှော့ချတာ၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) နဲ့ ပါရီရာသီဥတုသဘောတူညီချက်လိုမျိုး နိုင်ငံတကာ အဖွဲ့အစည်းတွေက နုတ်ထွက်တာမျိုးတွေ လုပ်ဆောင်လာမှာကိုလည်း စိုးရိမ်ပူပန်မှုတွေ ရှိနေပါတယ်။
အခုရာထူးခန့်အပ်မှုတွေဟာ လာမယ့် ဇန်နဝါရီလ ၂၀ ရက်နေ့မှာ ကျမ်းသစ္စာကျိန်ဆိုပြီး သမ္မတအဖြစ် စတင်တာဝန်ထမ်းဆောင်မယ့် ထရမ့်ရဲ့ ဒုတိယသမ္မတသက်တမ်းအတွက် အရေးပါတဲ့ ခန့်အပ်မှုတွေ ဖြစ်ပါတယ်။ မစ္စအဲလစ်ကို ခန့်အပ်မှုဟာ အထက်လွှတ်တော်ရဲ့ အတည်ပြုချက်လိုအပ်မှာဖြစ်ပြီး မစ္စတာမီလ်လာရဲ့ ရာထူးကတော့ အစိုးရအဖွဲ့ဝင်ရာထူးမဟုတ်တဲ့အတွက် အထက်လွှတ်တော်ရဲ့ အတည်ပြုချက် မလိုအပ်ပါဘူး။
ထရမ့်ဟာ ပြီးခဲ့တဲ့ နိုဝင်ဘာ ၈ ရက်နေ့မှာ အိမ်ဖြူတော်အကြီးအကဲအဖြစ် ဆူဇီဝိုင်းလ် (Susie Wiles) ကို ခန့်အပ်ခဲ့ပြီး ဒုတိယသမ္မအဖြစ်ကတော့ အိုဟိုင်းအိုးပြည်နယ်ရဲ့ အထက်လွှတ်တော်အမတ် ဂျေဒီဗန့် (JD Vance) ကို ရွေးချယ်ခန့်အပ်ထားပြီး ဖြစ်ပါတယ်။
ဓာတ်ပုံ- Tom Williams/ Pool via Reuters/AP Photo/ Matt Rourke
ပုံစာ- ရီပတ်ဘလီကန်လွှတ်တော်ညီလာခံဥက္ကဋ္ဌ အဲလစ်စတီဖန်နစ်ကို ဝါရှင်တန်မှာ ဇွန်လ ၁၃ ရက်နေ့ကတွေ့ရစဉ် (ပုံဟောင်း)
ကိုးကား- Reuters, AP News