လာအိုနိုင်ငံနဲ့ စစ်ကောင်စီတို့ကြား MoU ရေးထိုး
လာအိုနိုင်ငံနဲ့ စစ်ကောင်စီတို့အကြား နှစ်နိုင်ငံ နားလည်မှုစာချွန်လွှာ MoU ကို လာအိုနိုင်ငံခြားရေး ဝန်ကြီးဌာနမှာ နိုဝင်ဘာ ၇ ရက်နေ့က လက်မှတ်ရေးထိုးခဲ့တယ်လို့ စစ်ကောင်စီနိုင်ငံခြားရေးရာ ဝန်ကြီးဌာရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
လာအိုနိုင်ငံ ဗီယင်ကျန်းမြို့ မှာ ကျင်းပခဲ့တဲ့ အခမ်းအနားတစ်ခုမှာ စစ်ကောင်စီရဲ့ မြန်မာနိုင်ငံ မဟာဗျူဟာနဲ့ နိုင်ငံတကာလေ့လာရေးအဖွဲ့နဲ့ လာအိုနိုင်ငံ နိုင်ငံခြားရေးရာ အင်စတီကျုတို့အကြား ပူးပေါင်းဆောင်ရွက်မှု ဆိုင်ရာ နားလည်မှုစာချွန်လွှာ ရေးထိုးခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။
အဲဒီလို သဘောတူညီမှု လက်မှတ်ရေးထိုးရာမှာ ပထဝီနိုင်ငံရေး ဖြစ်ပေါ်ပြောင်းလဲမှုတွေ၊ ဒေသတွင်းနဲ့ နိုင်ငံတကာရေးရာ အကျိုးတူကိစ္စရပ်တွေ အပါအဝင် အခြားနယ်ပယ်ကဏ္ဍ အသီးသီးမှာ ပူးပေါင်းဆောင်ရွက်မှုကို အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်နိုင်ဖို့ဖြစ်တယ်လို့ စစ်ကောင်စီဘက်က ထုတ်ပြန်ပါတယ်။
အခမ်းအနားမှာ စစ်ကောင်စီရဲ့ လာအိုနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးအောင်ကို တက်ရောက်ခဲ့ပြီး လာအိုနိုင်ငံဘက်ကတော့ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး H.E. MrBounleua Phandanouvong နဲ့ နိုင်ငံခြားရေးရာ အင်စတီကျုရဲ့ ညွှန်ကြားရေးမှူးချုပ် Ms. Vithaya Xayavong တို့ တက်ရောက်ခဲ့တယ်လို့ သိရှိရပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာ ၂၁ ရက်နေ့မှာလည်း လာအိုနိုင်ငံ ဗီယင်ကျန်းမြို့မှာပြုလုပ်ခဲ့တဲ့ လာအို-မြန်မာ နှစ်နိုင်ငံအကြား အလုပ်သမားရေးရာ ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ဝန်ကြီးအဆင့် အစည်းအဝေးကို စစ်ကောင်စီ အလုပ်သမားဝန်ကြီး ဦးမြင့်နောင် တက်ရောက်ခဲ့ပြီး နှစ်နိုင်ငံ အလုပ်သမားရေးရာ ပူးပေါင်းဆောင်ရွက်မှု နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးခဲ့ပါတယ်။
စစ်အာဏာသိမ်းပြီးနောက်ပိုင်း ပြည်တွင်းမှာ အလုပ်အကိုင် ရှားပါးလာတာကြောင့် မြန်မာနိုင်ငံသားတွေဟာ ပြည်ပနိုင်ငံတွေကို နည်းလမ်းပေါင်းစုံနဲ့ အလုပ်လုပ်ကိုင်ဖို့ ထွက်ခွာခဲ့ရာမှာ လာအိုနိုင်ငံလည်း အပါအဝင်ဖြစ်ပါတယ်။
လာအိုနိုင်ငံမှာ အလုပ်လုပ်ကိုင်နေတဲ့ မြန်မာအလုပ်သမား ငါးသိန်းနီးပါးရှိပြီး ဆောက်လုပ်ရေးလုပ်ငန်းခွင်၊ ကာစီနို၊ စိုက်ပျိုးရေးလုပ်ငန်းတွေနဲ့ ဈေးအရောင်းဆိုင်တွေမှာ တရားမဝင်ရော၊ တရားဝင်ပါ လုပ်ကိုင်နေကြတာပါ။
မြန်မာရွှေ့ပြောင်း အလုပ်သမားတွေအနေနဲ့ လစာငွေရဲ့ အနည်းဆုံး လေးပုံတစ်ပုံကို တရားဝင်လမ်းကြောင်းတွေကနေ ငွေလွှဲကြဖို့ဆိုပြီး စစ်ကောင်စီရဲ့ အလုပ်သမားဝန်ကြီး ဦးမြင့်နောင်က အောက်တိုဘာလ ၂၂ ရက်နေ့က လာအိုနိုင်ငံ ဗီယင်ကျန်းမြို့က စက်ရုံအလုပ်ရုံတွေမှာ အလုပ်လုပ်နေတဲ့ မြန်မာအလုပ်သမားတွေနဲ့ တွေ့ဆုံချိန်မှာ ပြောခဲ့ပါသေးတယ်။
ဓာတ်ပုံ – SAC
ပုံစာ – နိုဝင်ဘာ ၇ ရက်နေ့က လာအိုနိုင်ငံခြားရေးဌာနမှာ လက်မှတ်ရေးထိုးနေစဉ်