မြန်မာ့နိုင်ငံရေး အသွင်ကူးပြောင်းရေးကို ထောက်ခံတယ်လို့ တရုတ်ဝန်ကြီးချုပ်ပြော
တရုတ်ဝန်ကြီးချုပ် လီချန်းဟာ နိုဝင်ဘာ ၆ ရက်နေ့မှာ အာဏာသိမ်း စစ်ခေါင်းဆောင်နဲ့ တွေ့ဆုံခိုက် မြန်မာနိုင်ငံရဲ့ နိုင်ငံရေး ပြန်လည်သင့်မြတ်ရေးနဲ့ အသွင်ကူးပြောင်းရေး ကြိုးပမ်းမှုတွေကို တရုတ်အနေနဲ့ ထောက်ခံတယ်လို့ ပြောဆိုခဲ့ပါတယ်။
ဆင်ဟွာသတင်းဌာနရဲ့ ဖော်ပြချက်အရ မစ္စတာလီချန်းဟာ စစ်ခေါင်းဆောင်ဖြစ်သူနဲ့ တရုတ်နိုင်ငံ အနောက်တောင်ပိုင်းက မြန်မာနိုင်ငံနဲ့ နယ်နိမိတ်ချင်းထိစပ်နေတဲ့ ယူနန်ပြည်နယ်ရဲ့ မြို့တော် ကူမင်းမှာ တွေ့ဆုံခဲ့တာဖြစ်ပါတယ်။
အခုတစ်ခေါက် ခရီးစဉ်ဟာ စစ်ခေါင်းဆောင်ရဲ့ ၂၀၂၁ အာဏာသိမ်းမှုနောက်ပိုင်း တရုတ်နိုင်ငံကို ပထမဦးဆုံးအကြိမ် သွားရောက်ခဲ့တဲ့ ခရီးစဉ်လည်းဖြစ်ပါတယ်။
တရုတ်-မြန်မာနယ်စပ်ဒေသ အပါအဝင် မြန်မာနိုင်ငံအနှံ့အပြားမှာ အာဏာသိမ်းမှုကို လက်နက်ကိုင်ဆန့်ကျင်ခဲ့ကြသလို အာဏာသိမ်းစစ်တပ်ဟာ တရုတ်နဲ့ ထိစပ်နေတဲ့ ရှမ်းပြည် (မြောက်ပိုင်း) နဲ့ ကချင်ပြည်နယ်တွေမှာ အခြေစိုက်စခန်းတွေ မြို့တွေကို ဆက်တိုက်ဆိုသလို လက်လွှတ်ရပြီးနောက် တရုတ်နိုင်ငံကို အခုလိုမျိုး ပထမဦးဆုံး ခရီးစဉ်အဖြစ် သွားရောက်ခဲ့တာလည်း ဖြစ်ပါတယ်။
မစ္စတာလီချန်းက တရုတ်နိုင်ငံဟာ နိုင်ငံစုံပူးပေါင်းဆောင်ရွက်မှု နယ်ပယ်မှာ မြန်မာနိုင်ငံနဲ့လည်း စည်းလုံးညီညွတ်တဲ့ ပူးပေါင်းဆောင်ရွက်မှုတွေကို တိုးမြှင့်လိုပြီး တရုတ်-မြန်မာ စီးပွားရေးစင်္ကြံကို ပိုမိုမြှင့်တင်သွားဖို့ ကမ်းလှမ်းခဲ့တယ်လို့ ဆင်ဟွာသတင်းဌာနက ဖော်ပြထားပါတယ်။
ဒါ့အပြင် မြန်မာနိုင်ငံတွင်းက တရုတ်နိုင်ငံသားတွေနဲ့ အဖွဲ့အစည်းတွေရဲ့ လုံခြုံရေးကို ကာကွယ်ပေးဖို့ တိုက်တွန်းခဲ့သလို အွန်လိုင်းလောင်းကစားနဲ့ ဖုန်းဆက်လိမ်လည်မှု (ကျားဖြန်) အပါအဝင် နယ်စပ် ဖြတ်ကျော် ရာဇဝတ်မှုတွကို နှစ်နိုင်ငံပူးပေါင်း တိုက်ဖျက်ဖို့ကိုလည်း အလေးပေး ပြောဆိုခဲ့ပါတယ်။
စစ်ခေါင်းဆောင်ဟာ တရုတ်-မြန်မာ စီးပွားရေးစင်္ကြံတည်ဆောက်မှုစီမံချက်ကို အလေးပေးဆောင်ရွက်နေပြီး တရုတ်- မြန်မာနယ်စပ်က တိုင်းရင်းသားလက်နက်ကိုင်အရေးနဲ့ ကျားဖြန်ကိစ္စတွေကို ပူးပေါင်းဖြေရှင်းသွားဖို့ ပြောဆိုခဲ့တယ်လို့ စစ်ကောင်စီလက်အောက်က သတင်းစာကနေ ယမန်နေ့က ထုတ်ပြန်ခဲ့ပါတယ်။
ဓာတ်ပုံ- Reuters
ကိုးကား- Reuters