ကြိုတင်မဲပေးပြီးသူ ၈၁ သန်းကျော်နဲ့ နောက်ဆုံးချိန်ထိ မဲအပြိုင်ဆွယ်နေတဲ့ အမေရိကန်သမ္မတလောင်းများ

Author CJ Platform
Categories
Published on Nov 05, 2024

အမေရိကန်ပြည်ထောင်စုရဲ့ ဒီနှစ် ၂၀၂၄၊ နိုဝင်ဘာ ၅ ရွေးကောက်ပွဲမှာ မဲပေးပိုင်ခွင့်ရှိသူ လူဦးရေရဲ့ ၅၀ ရာခိုင်နှုန်းကျော်ဖြစ်တဲ့ မဲဆန္ဒရှင် ၈၂ သန်းကျော် ကြိုတင်မဲပေးထားပြီဖြစ်တယ်လို့ နိုင်ငံတကာသတင်းဌာနတွေရဲ့ ဖော်ပြချက်အရ သိရပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၀ ရွေးကောက်ပွဲမှာတော့ ကြိုတင်မဲပေးမှုဟာ မဲပေးပိုင်ခွင့်ရှိသူ ၇၀ ရာခိုင်နှုန်း သန်း ၁၁၀ ကျော်အထိ ရှိခဲ့ပါတယ်။

 

ဒါဟာ ဒီရွေးကောက်ပွဲမှာ ကြိုတင်မဲထက် လူကိုယ်တိုင်ပဲ မဲပေးလိုတဲ့ ဆန္ဒပိုရှိနေတာ၊ ကပ်ရောဂါကာလအတွင်း လုပ်ခဲ့တဲ့ ၂၀၂၀ ရွေးကောက်ပွဲမှာ လူစုလူဝေးကို ရှောင်လွှဲဖို့ စာတိုက်ကနေတစ်ဆင့် မဲပေးခဲ့ကြပေမဲ့ လက်ရှိရွေးကောက်ပွဲမှာတော့ လူကိုယ်တိုင်မဲပေးကြဖို့ ဆုံးဖြတ်လိုက်ကြတာတွေကလည်း ကြိုတင်မဲအရေအတွက် လျော့နည်းသွားတာဖြစ်နိုင်တယ်လို့ သုံးသပ်မှုတွေလည်း ရှိနေပါတယ်။

 

သမ္မတလောင်းနှစ်ယောက်ကလည်း ရွေးကောက်ပွဲမတိုင်ခင် နောက်ဆုံးအချိန်ထိ အကြိတ်အနယ် ယှဉ်ပြိုင်ရမယ့် ပြည်နယ်တွေမှာ မဲအပြိုင်အဆိုင်ဆွယ်နေတယ်လို့ သိရပါတယ်။

 

မဲဆွယ်စည်းရုံးမှုနောက်ဆုံးနေ့မှာ ရီပတ်ဘလီကန်ပါတီရဲ့ သမ္မတလောင်း ထရမ့်ဟာ ပြည်နယ်သုံးခုမှာ လူထုစည်းဝေးပွဲ လေးကြိမ်အထိပြုလုပ်ခဲ့ပါတယ်။ မြောက်ကယ်ရိုလိုင်းနားက ရီလိတ်ချ်မြို့၊ ပန်ဆယ်ဗေးနီးယားပြည်နယ်က ရီးဒင်းမြို့နဲ့ ပစ်ဘာ့ချ်မြို့စတဲ့ သုံးနေရာက လူထုစည်းဝေးပွဲတွေမှာ မဲဆွယ်စည်းရုံးခဲ့ပြီးနောက် နောက်ဆုံးပိတ်အနေနဲ့ မီချီဂန်က ဂရန်းရက်ပစ်မြို့မှာ လူထုစည်းဝေးပွဲ လုပ်ဆောင်သွားမယ်လို့ သိရပါတယ်။

 

ထရမ့်က သူသာပြန်ပြီး အရွေးခံခဲ့ရမယ်ဆိုရင် ကုန်ဈေးနှုန်းတွေ ပိုသက်သာမယ်၊ လစာတွေ ပိုပြီးများလာမယ်၊ မြို့ကြီးတွေကလည်း ပိုသန့်ရှင်းပြီး ဘေးကင်းလာမယ်လို့ ကတိပြုခဲ့သလို “ဒါဟာ အမေရိကရဲ့ ရွှေခေတ်ဖြစ်လိမ့်မယ်” လို့ ပစ်ဘာ့ချ်မြို့က လူစုစည်းဝေးပွဲမှာ မဲဆွယ်စည်းရုံးရင်း ပြောဆိုခဲ့ပါတယ်။

 

ဒီမိုကရက်တစ်ပါတီရဲ့ သမ္မတလောင်း ကမ်မလာဟဲရစ်ကတော့ တစ်နေ့လုံးနီးပါး ဗန်ဆယ်ဗေးနီးယားက အလုပ်သမားတွေနေထိုင်ရာနေရာတွေမှာ မဲဆွယ်ရင်း အချိန်ကုန်ဆုံးခဲ့ပြီး နောက်ဆုံးအနေနဲ့ ဖီလာဒဲလ်ဖီးယားက လူထုစည်းဝေးပွဲနဲ့ မဲဆွယ်စည်းရုံးမှုကို အဆုံးသတ်မှာဖြစ်တယ်လို့ သိရပါတယ်။

 

“ဘာအမှားမှ မလုပ်ကြပါနဲ့။ ကျွန်မတို့ အနိုင်ရမှာပါ။ ကျွန်မတို့က ဒီမိုကရေစီအတွက် တိုက်ပွဲဝင်နေတာပါ။ သင်တို့ရဲ့ မဲက သင်တို့ရဲ့ အသံဖြစ်ပြီး သင်တို့ရဲ့ အသံက သင်တို့ရဲ့ အင်အားပါပဲ” လို့ ကမ်မလာဟဲရစ်က ပစ်ဘာ့ချ်မြို့က လူထုစည်းဝေးပွဲမှာ ပြောဆိုပါတယ်။

 

သမ္မတလောင်းတွေနည်းတူ ဒုသမ္မတလောင်းတွေကလည်း ရွေးကောက်ပွဲမတိုင်ခင် နောက်ဆုံးအချိန်မှာ မဲဆွယ်ရေးအတွက် ခြေရှုပ်နေကြပြီး ဒီမိုကရက်တစ်ပါတီရဲ့ ဒုသမ္မတလောင်း တင်ဝေါ့ဇ်ဟာ သူ့မွေးရပ်မြေဖြစ်တဲ့ မင်နီယာပိုးလစ်မြို့မှာ ဒီမိုကရက်တစ်မဟာမိတ်တွေ၊ ထောက်ခံသူတွေနဲ့အတူ မဲဆွယ်စည်းရုံးရေးတွေ လုပ်ဆောင်နေပါတယ်။

 

ဒါ့အပြင် သူဟာ အကြိတ်အနယ်ယှဉ်ပြိုင်ရနိုင်တဲ့ ဝစ်စ်ကွန်ဆင်ပြည်နယ်အထိ သွားရောက်ပြီး သမ္မတလောင်း  ဟဲရစ်အတွက်ပါ မဲဆွယ်စည်းရုံးမှုတွေ လုပ်ဆောင်ပေးခဲ့ပြီး မဲဆန္ဒရှင်တွေကိုလည်း “လာမယ့် မျိုးဆက်တွေအတွက် အနာဂတ်ကို ပုံဖော်ပေးကြဖို့” တိုက်တွန်းပြောဆိုခဲ့တယ်လို့ သိရပါတယ်။

 

ရီပတ်ဘလီကန်ရဲ့ ဒုသမ္မတလောင်း ဂျေဒီဗန့်ကလည်း ဝစ်စ်ကွန်ဆင်၊ မီချီဂန်နဲ့ ဂျော်ဂျီယာပြည်နယ်တွေကို မဲဆွယ်စည်းရုံးရေး ခရီးစဉ်တွေ သွားရောက်ခဲ့သလို ပြိုင်ဘက် သမ္မတလောင်း ဟဲရစ်ဟာ သူတို့အလုပ်တွေမှာ ကျဆုံးခဲ့ပြီး သမ္မတလောင်း ထရမ့်ကသာ အမေရိကရွှေခေတ်ကို ဦးတည်ဆောင်ရွက်နိုင်တယ်လို့ ဆိုခဲ့ပါတယ်။

 

ဒါ့အပြင် အတ္တလန္တာမြို့မှာလည်း ပြီးခဲ့တဲ့ ၂၀၂၀ ရွေးကောက်ပွဲမှာ လက်ရှိသမ္မတဂျိုးဘိုင်ဒင်ရဲ့ ပွတ်ကာသီကာ အနိုင်ရခဲ့မှုကို ထောက်ပြခဲ့ပြီး မဲဆန္ဒရှင်တွေကို သူတို့ကို မဲပေးဖို့ တိုက်တွန်းပြောဆိုခဲ့ပါတယ်။

 

ဓာတ်ပုံ – AP

 

ပုံစာ – ပန်ဆယ်ဗေးနီးယားပြည်နယ် ပစ်ဘာ့ချ်မြို့မှာ အပြိုင်မဲဆွယ်နေကြတဲ့ သမ္မတလောင်းတွေဖြစ်တဲ့ ဟဲရစ်နဲ့ ထရမ့်တို့ကို ယမန်နေ့ နိုဝင်ဘာ ၄ ရက်နေ့ကတွေ့ရစဉ်

 

ကိုးကား – AP News