ဗလင်စီယာက ရေဘေးသင့်ဒေသတွေ သွားကြည့်တဲ့ စပိန်ဘုရင်နဲ့ မိဖုရားတို့ ရွှံ့၊ ဥတွေနဲ့ ပစ်ပေါက်ခံရပြီး ဆန္ဒပြခံရ
စပိန်နိုင်ငံ၊ ဗလင်စီယာဒေသမှာ ပြီးခဲ့တဲ့အပတ်က ရေကြီးမှုဖြစ်ပွားခဲ့ပြီး လူပေါင်း ၂၀၀ ကျော်သေဆုံးခဲ့ရပြီးတဲ့နောက် အဲဒီဒေသတွေကို သွားရောက်ကြည့်ရှုတဲ့ စပိန်ဘုရင် ဖိလစ်(Felipe)နဲ့ မိဖုရားလက်တီဇီယာ(Letizia)တို့ကို ဒေသခံတွေက ရွှံ့၊ ဥတွေနဲ့ ပစ်ပေါက်ပြီး ဒေါသတကြီး ဆန္ဒပြခဲ့ကြတယ်လို့ နိုင်ငံတကာ သတင်းဌာနတွေက ဖော်ပြကြပါတယ်။
ဘုရင်နဲ့ မိဖုရားဖြစ်သူတို့ဟာ ဗလင်စီယာဒေသက ရေဘေးသင့်မှုအကြီးမားဆုံးခံခဲ့ရတဲ့ ပိုင်ပေါ်တာမြို့ကို ယမန်နေ့ နိုဝင်ဘာ ၃ ရက်က သွားရောက်ခဲ့စဉ်မှာ ဒေသခံတွေက “လူသတ်သမား၊ လူသတ်သမား” လို့ အော်ဟစ်ခဲ့ကြပြီး နီးရာ ပစ္စည်းတွေ ရွှံ့တွေနဲ့ ပစ်ပေါက်ခဲ့ပြီး ဆန္ဒပြခဲ့ကြတာဖြစ်တယ်လို့ ဆိုပါတယ်။
ဝန်ကြီးချုပ် ပီဒရိုဆန်းချက်ခ်(Pedro Sanchez)နဲ့ ဒေသဆိုင်ရာအုပ်ချုပ်ရေးမှူး ကားလို့စ်မာဇွန်(Carlos Mazon)တို့လည်း ဘုရင်နဲ့ မိဖုရားတို့ရဲ့ ခရီးစဉ်မှာ အတူလိုက်ပါခဲ့ကြပြီး အာဏာပိုင်တွေရဲ့ ရေဘေးအပေါ် တုံ့ပြန်မှုနှေးကွေးတာကို စိတ်ပျက်နေကြတဲ့ ဒေသခံတွေက သူတို့နှစ်ဦးကို အဓိကပစ်မှတ်ထားပြီး ဒေါသတကြီး ဆန္ဒပြခဲ့တာလို့လည်း သိရပါတယ်။
ထွက်ပေါ်လာတဲ့ရုပ်သံဗီဒီယိုထဲမှာတော့ ဘုရင်နဲ့ မိဖုရားကို ရွှံ့တွေ၊ ပစ္စည်းတွေမထိမှန်အောင် လုံခြုံရေးတပ်ဖွဲ့ဝင်တွေက ထီးတွေနဲ့ ကာကွယ်ပေးနေကြရပြီး နောက်ပိုင်းမှာတော့ ဘုရင် ဖိလစ်က ဒေသခံတစ်ဦးရဲ့ ပြောဆိုမှုကို ထီး ဘေးချထားပြီး အေးအေးဆေးဆေး နားထောင်ပေးနေတာကိုလည်း တွေ့မြင်ရပါတယ်။
စပိန်ရေဘေးမှာ အဓိကတာဝန်ရှိကြတဲ့ ဝန်ကြီးချုပ် ဆန်းချက်နဲ့ ဒေသဆိုင်ရာ အုပ်ချုပ်ရေးမှူး မာဇွန်တို့ဟာ ပါတီနောက်ခံမတူညီတာကလည်း ရေဘေးကယ်ဆယ်ရေးမှာ ပိုပြီးထိခိုက်စေခဲ့ပါတယ်။ စပိန်နိုင်ငံရဲ့ ဖွဲ့စည်းပုံအရ ဒေသန္တရအစိုးရရဲ့ ခွင့်ပြုချက်မရဘဲ ဗဟိုအစိုးရက အရေးပေါ်ရံပုံငွေနဲ့ အရင်းအမြစ်တွေကို ထုတ်ပေးခွင့်မရှိဘဲ ရေဘေးသင့်ပြီး လေးရက်အကြာမှသာ ဒေသန္တရအစိုးရရဲ့ ခွင့်ပြုချက်ရခဲ့တာကြောင့် ဒေသခံတွေက ဒေါသထွက်နေကြတာဖြစ်ပါတယ်။
လက်ရှိအချိန်ထိ အနည်းဆုံး လူ ၂၁၇ ဦး သေဆုံးခဲ့ရတဲ့ ရေဘေးဟာ စပိန်နိုင်ငံရဲ့ သမိုင်းမှာ အဆိုးရွားဆုံး သဘာဝဘေးအန္တရာယ်လို့ သတ်မှတ်ခံခဲ့ရပါတယ်။ အချက်အလက်တွေအရ နောက်ဆုံး ထိခိုက်သေဆုံးခဲ့ရတဲ့ အသက် ၇၀ အရွယ်အမျိုးသမီးရဲ့ ရုပ်အလောင်းဟာ သူ့နေအိမ်နဲ့ ၁၂ ကီလိုမီတာ (၇ မိုင်ဝန်းကျင်) အကွာမှာ တွေ့ရှိခဲ့ရတဲ့အထိ ရေဘေးက ဆိုးရွားခဲ့တာလည်း ဖြစ်ပါတယ်။
ဗဟိုအစိုးရဟာ ကယ်ဆယ်ရေးလုပ်ငန်းတွေအတွက် စစ်သား ၅,၀၀၀ ကျော်ကို ဗလင်စီယာဒေသကို စေလွှတ်ထားပြီး တခြား စေတနာ့ဝန်ထမ်းထောင်ချီကလည်း ကယ်ဆယ်ရေးမှာ ကူညီဖို့အသင့်ရှိနေပေမဲ့ ဒေသန္တရအစိုးရရဲ့ စီမံခန့်ခွဲမှုအားနည်းမှုကြောင့် နာရီပေါင်းများစွာ စောင့်ဆိုင်းပြီး ပြန်လှည့်သွားရတာတွေလည်း ကြုံတွေ့နေရပါတယ်။
စပိန်မိုးလေဝသဌာနကတော့ ဒီကနေ့ နိုဝင်ဘာ ၄ ရက်မှာ ဗလင်စီယာဒေသတဝိုက်မှာ အနီရောင်အဆင့် မိုးသည်းထန်စွာရွာသွန်းမှု ပြီးဆုံးသွားပြီလို့ ဆိုထားပြီး အနီးနားက ဒေသတချို့မှာတော့ လိမ္မော်ရောင်နဲ့ အဝါရောင်အဆင့် မိုးရွာသွန်းမှုနဲ့ မုန်တိုင်းတချို့ ဖြစ်ပေါ်နိုင်သေးတယ်လို့ ဆိုထားပါတယ်။
သိပ္ပံပညာရှင်တွေကတော့ ရာသီဥတုဖောက်ပြန်ပြောင်းလဲမှုတွေကြောင့် ဥရောပတိုက်မှာလည်း ဆိုးရွားပြင်းထန်တဲ့ ရာသီဥတုတွေ မကြာခဏကြုံတွေ့လာရနိုင်တယ်လို့ ဆိုထားပါတယ်။ မိုးလေဝသပညာရှင်တွေကတော့ မြေထဲပင်လယ်ပိုပြီး ပူနွေးလာတာကြောင့် ရေငွေ့ပျံမှုပို များလာမှုဟာ မိုးသည်းထန်စွာရွာသွန်းမှုရဲ့ အဓိကကျတဲ့အချက်ဖြစ်တယ်လို့လည်း သုံးသပ်ပြောဆိုပါတယ်။
ဓာတ်ပုံ – Manaure Quintero/ AFP Getty Images
ပုံစာ – ယမန်နေ့က ဗလင်စီယာဒေသ ပိုင်ပေါ်တာမြို့ကို သွားရောက်ခဲ့တဲ့ စပိန်ဘုရင် ဖိလစ်နဲ့ မိဖုရားတို့ကို ဒေသခံတွေက ရွှံတွေ၊ ပစ္စည်းတွေနဲ့ ပစ်ပေါက်ပြီး ဆန္ဒနေပြကြစဉ်
ကိုးကား – CNN, Reuters