ထိုင်ဝမ်နဲ့ စပိန်မှာ သဘာဝဘေးတွေကြောင့် လူ ၁၆၀ နီးပါးသေဆုံးပြီး လူငါးသိန်းလောက် လျှပ်စစ်မီးမရဖြစ်နေ

Author CJ Platform
Categories
Published on Nov 01, 2024

ဥရောပနိုင်ငံ စပိန်နဲ့ အာရှက ထိုင်ဝမ်တို့မှာ မုန်တိုင်းနဲ့ ရုတ်တရက်မိုးအဆမတန်ရွာသွန်းမှုတွေကြောင့် လူသေဆုံးမှုနဲ့ ထိခိုက်ပျက်စီးမှုတွေ အများအပြား ဖြစ်ပေါ်ခဲ့တယ်လို နိုင်ငံတကာ သတင်းဌာနတွေရဲ့ ဖော်ပြချက်အရ သိရပါတယ်။

 

စပိန်နိုင်ငံမှာ ပြီးခဲ့တဲ့ အောက်တိုဘာ ၂၉ ရက်နေ့ကစတင်ကာ ဗလင်စီယာဒေသတဝိုက်မှာ ရုတ်တရက် မိုးသည်းထန်စွာ ရွာသွန်းခဲ့ပြီး ရှစ်နာရီအတွင်းရွာတဲ့ မိုးရေချိန်ဟာ ပုံမှန် တစ်နှစ်စာ မိုးရေချိန်ပမာဏအထိရှိခဲ့တယ်လို့ အဲဒီနိုင်ငံမိုးဇလအချက်အလက်တွေအရ သိရပါတယ်။

 

ဒါကြောင့် ရေကြီးမြေပြိုမှုတွေ ဖြစ်ပွားခဲ့ပြီး လက်ရှိအချိန်အထိ‌ လူ ၁၅၈ ယောက်သေဆုံးခဲ့ရသလို ဒါဇင်နဲ့ ချီပြီးလည်း ပျောက်ဆုံးနေတယ်လို့ စပိန်နိုင်ငံရဲ့ ဒေသတွေ ပူးပေါင်းဆောင်ရွက်မှုအတွက် တာဝန်ရှိတဲ့ ဝန်ကြီး အန်ဂယ်ဗစ်တာတောရက်စ်(Angel Victor Torres)က ပြောပါတယ်။

 

အခုလိုမျိုး လူရာနဲ့ချီသေဆုံးခဲ့တဲ့ ဖြစ်ရပ်ဆိုးကြီးဟာ စပိန်နိုင်ငံရဲ့ ခေတ်သစ်သမိုင်းမှာတော့ ရေကြီးမှုနဲ့ ဆက်စပ်နေတဲ့ အဆိုးရွားဆုံး ကပ်ဘေးကြီးတစ်ခုဖြစ်တယ်လို့လည်း သိရပါတယ်။

 

အဲဒီလိုပဲ ထိုင်ဝမ်ကျွန်း အရှေ့ဘက်ကမ်းကို ယမန်နေ့ အောက်တိုဘာ ၃၁ ရက်က စတင်ပြီး ကွန်ရေးမုန်တိုင်း ဝင်ရောက်တိုက်ခတ်ခဲ့တာကြောင့် စတော့ဈေးကွက်နဲ့ လေယာဉ်ခရီးစဉ်အားလုံး ဖျက်သိမ်းလိုက်ရတယ်လို့ သိရပါတယ်။

 

ထိုင်ဝမ်ကျွန်းကို ဝင်ရောက်တိုက်ခတ်တဲ့ မုန်တိုင်းတွေထဲ နှစ်ပေါင်း ၃၀ အတွင်း အကြီးမားဆုံး မုန်တိုင်းဖြစ်တဲ့ ကွန်ရေးကြောင့် လူငါးသိန်းနီးပါး လျှပ်စစ်မီးပြတ်တောက်မှုနဲ့ ရင်ဆိုင်နေရတယ်လို့ ထိုင်ဝမ်အစိုးရဘက်က ထုတ်ပြန်ပါတယ်။

 

မီးသတ်ဌာနကတော့ ကျွန်းအလယ်ပိုင်းမှာ ကားတစ်စီးက လဲကျလာတဲ့ သစ်ပင်ကို တိုက်မိခဲ့တာကြောင့် လူတစ်ဦး သေဆုံးခဲ့ရတယ်လို့ ဆိုပါတယ်။

 

လက်ရှိ အင်အားကြီးမုန်တိုင်းကွန်ရေးဟာ ဖြည်းဖြည်းချင်း အားပျော့လာနေပေမဲ့ ပြင်းအားဟာ Category 4 အဆင့်မှာပဲ ရှိနေသေးပြီး တစ်နာရီကို ၂၅၀ ကီလိုမီတာ (၁၅၅ မိုင်)နှုန်းနဲ့ တိုက်ခတ်နေသေးတယ်လို့ Tropical Storm Risk ရဲ့ အချက်အလက်တွေအရ သိရပါတယ်။

 

မိုးလေဝသပညာရှင်တွေကတော့ လူသားတွေကြောင့်ဖြစ်တဲ့ ရာသီဥတုဖောက်ပြန်မှုတွေကြောင့် အခုလိုမျိုး ပြင်းထန်ဆိုးရွားတဲ့ ရာသီဥတုအခြေအနေတွေဟာ မကြာခဏဖြစ်လာနိုင်ပြီး ပိုပြီးလည်း ထိခိုက်ပျက်စီးလာလိမ့်မယ်လို့ သတိပေးထားပါတယ်။

 

ဓာတ်ပုံ- Reuters/ Eva Manez

 

ပုံစာ – ဗလင်စီယာမြို့ဆင်ခြေဖုံးမှာ ရေကြီးမြေပြိုမှုကြောင့် ထိခိုက်ပျက်စီးသွားသည့် ကားများကို အောက်တိုဘာ ၃၁ ရက်နေ့က တွေ့ရစဉ်

 

ကိုးကား –  Reuters