အမေရိကန်ရဲ့ နိုဝင်ဘာ ၅ ရွေးကောက်ပွဲအတွက် ၅၃ သန်းကျော် ကြိုတင်မဲပေးပြီးပြီလို့ဆို

Author အဂ္ဂ
Categories
Published on Oct 30, 2024

အမေရိကန်ပြည်ထောင်စုမှာ လာမယ့် နိုဝင်ဘာ ၅ ရက်နေ့မှာ ကျင်းပမယ့် အထွေထွေရွေးကောက်ပွဲအတွက် လူပေါင်း ၅၃ သန်းကျော်ဟာ ကြိုတင်မဲပေးပြီးသွားပြီလို့ ဖလော်ရီဒါတက္ကသိုလ်ရဲ့ ကြိုတင်မဲ စောင့်ကြည့်လေ့လာမှု အချက်အလက်တွေအရ သိရပါတယ်။

 

မဲပေးပိုင်ခွင့်ရှိသူ ၁၈၆ သန်းကျော်ရှိတဲ့ အနက် ၅၃ သန်းကျော်က ကြိုတင်မဲပေးခဲ့တာကြောင့် မဲပေးပိုင်ခွင့်ရှိသူ သုံးပုံတစ်ပုံနီးပါးက ကြိုတင်မဲ ပေးခဲ့ကြတာလည်း ဖြစ်ပါတယ်။

 

လက်ရှိမှာ သမ္မတလောင်းတွေဖြစ်ကြတဲ့ ဒီမိုကရက်တစ်ပါတီက ကမ်မလာဟဲရစ်နဲ့ ရီပတ်ဘလီကန်ပါတီက ဒေါ်နယ်ထရမ့်တို့ကတော့ ရွေးကောက်ပွဲမတိုင်ခင်နောက်ဆုံးပတ်မှာ မဲဆွယ်စည်းရုံးမှုတွေကို တောက်လျှောက်ဆိုသလို လုပ်ဆောင်နေပါတယ်။

 

လက်ရှိပေးပြီးသွားတဲ့ ကြိုတင်မဲတွေထဲက ၃၉ ရာခိုင်နှုန်းဟာ ဒီမိုကရက်ပါတီအဖြစ် မှတ်ပုံတင်ထားသလို ၃၆ ရာခိုင်နှုန်းကတော့ ရီပတ်ဘလီကန်ပါတီအဖြစ် မှတ်ပုံတင်ထားတယ်လို့လည်း အချက်အလက်တွေအရ သိရပါတယ်။

 

ဒါ့အပြင် ကြိုတင်မဲပေးသူတွေဟာ အသက်ကြီးသူတွေပိုများနေပြီး မဲပေးပြီးသူ ၄၁ ရာခိုင်နှုန်းဟာ အသက် ၆၅ နှစ်နဲ့အထက် ဖြစ်နေတာကိုလည်း တွေ့ရပါတယ်။

 

ပြီးခဲ့တဲ့ ၂၀၂၀ ရွေးကောက်ပွဲမှာတော့ လူပေါင်း ၁၀၁ သန်းကျော် ကြိုတင်မဲပေးခဲ့တယ်လို့ ၂၀၂၀ အထွေထွေ ရွေးကောက်ပွဲကော်မရှင်ရဲ့ အချက်အလက်တွေ အရသိရပါတယ်။

 

အမေရိကန်ပြည်ထောင်စုမှာ မဲပေးပိုင်ခွင့်ရှိသူများပြားတာကြောင့် မဲရုံအများစုဟာ ကြိုတင်မဲပေးစနစ်ကို ကျင့်သုံးကြပါတယ်။ မဲပေးမယ့်သူတွေဟာ မဲရုံကို ကိုယ်တိုင်လာရောက်ပြီး မဲပေးနိုင်သလို စာတိုက်ကနေလည်း မဲစာရွက်ကို ပေးပို့နိုင်ပါတယ်။ ပြည်နယ်တချို့မှာ ဆိုရင် ရွေးကောက်ပွဲမတိုင်ခင် ၄၅ ရက်အလိုကတည်းက လူကိုယ်တိုင် ကြိုတင်မဲပေးနိုင်ပါတယ်။

 

 

 

ဓာတ်ပုံ – Anthony Behar/Sipa USA/AP

 

ပုံစာ- နယူးယောက်မြို့ သဘာဝသမိုင်းပြတိုက်က မဲရုံမှာ ကြိုတင်မဲပေးနေကြတဲ့ သူတွေကို အောက်တိုဘာ ၂၆ ရက်နေ့က တွေ့ရစဉ်

 

ကိုးကား – Axios