မြန်မာအလှမယ် သဲစုငြိမ်းရဲ့ ဆုကို MGI ပြန်လည်ရုတ်သိမ်း

Author အဂ္ဂ
Categories
Published on Oct 28, 2024

ထိုင်းနိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပခဲ့တဲ့ Miss Grand International (MGI)ပြိုင်ပွဲမှာ 2nd Runner up ဆု ရရှိခဲ့တဲ့ မြန်မာအလှမယ် သဲစုငြိမ်းကို စည်းကမ်းချိုးဖောက်တဲ့ အပြုအမူနဲ့ လုပ်ဆောင်ချက်တွေကြောင့် ဆုကို ပြန်လည်ရုတ်သိမ်းလိုက်တယ်လို့ ဒီကနေ့ မွန်းလွဲပိုင်းမှာ MGI က တရားဝင်သတင်းထုတ်ပြန်လိုက်ပါတယ်။

 

အောက်တိုဘာ ၂၅ ရက်နေ့မှာ ကျင်းပပြီးစီးခဲ့တဲ့ ၁၂ ကြိမ်မြောက် MGI ပြိုင်ပွဲမှာ 2nd Runner Up ဆုသာ ရရှိခဲ့တဲ့ အလှမယ် သဲစုငြိမ်းရဲ့ သရဖူကို National Director ဖြစ်သူက စင်ပေါ်မှာပဲ လွှင့်ပစ်ခဲ့တဲ့ ကိစ္စအပြင် စင်ပေါ်ကထွက်ခွာစဉ်မှာလည်း ရုန်းရင်းဆန်ခတ်ဖြစ်ခဲ့တဲ့ အခြေအနေတွေကြောင့်  ပရိသတ်အများကြား ဝေဖန်မှုတွေ မြင့်တက်ခဲ့ပါတယ်။

 

ပြိုင်ပွဲပြီးတဲ့နောက်မှာလည်း အလှမယ် သဲစုငြိမ်းနဲ့ ND(National Director) တို့က Live လွှင့်ပြီး ပြဿနာတွေထပ်တက်အောင် ပြုမူပြောဆိုခဲ့သလို MGI အဖွဲ့အစည်းကနေ နုတ်ထွက်တယ်လို့ ပြောဆိုခဲ့ပါသေးတယ်။

 

ဒါကြောင့် “Miss Grand International အဖွဲ့အစည်းအနေနဲ့ Miss Grand Myanmar 2024 2nd Runner Up ဆုရှင် မသဲစုငြိမ်းရဲ့ ဆုကို ပြန်လည်ရုပ်သိမ်းလိုက်ကြောင်း ကြေညာအပ်ပါတယ်။ ဒီလိုရုပ်သိမ်းရတာဟာ စည်းမျဉ်းစည်းကမ်းတွေကို ချိုးဖောက်တဲ့ အပြုအမူနဲ့ လုပ်ဆောင်ချက်တွေကြောင့် ဖြစ်ပါတယ်” လို့ MGI ဘက်က တရားဝင်ထုတ်ပြန်ခဲ့တာလည်း ဖြစ်ပါတယ်။

 

၁၂ ကြိမ်မြောက် MGI ပြိုင်ပွဲဟာ ဘန်ကောက် MGI Hall မှာ ကျင်းပခဲ့တာဖြစ်ပြီး နိုင်ငံပေါင်း ၆၈ နိုင်ငံက အလှမယ်တွေ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပါတယ်။

 

၂၀၂၄ ခုနှစ်အတွက် MGI အလှမယ် သရဖူကို အိန္ဒိယအလှမယ် ရေချယ်ဂုပတာ (Rachel Gupta) ကရရှိခဲ့ပြီး ဖိလစ်ပိုင်အလှမယ် ခရစ်စတင်း ဂျူလီယန် အိုပီယာဇာ (Christine Julian Opiaza) က 1st Runner up နဲ့ မြန်မာအလှမယ် သဲစုငြိမ်းက 2nd Runner Up ဆုရရှိခဲ့ပါတယ်။

 

ဓာတ်ပုံ – MGI