ဂွမြို့ တိုက်ပွဲမှာ စစ်ကောင်စီဘက်က ဆုတ်ခွာနေရ

Author သုတ
Categories
Published on Oct 25, 2024

ရခိုင်ပြည်ရဲ့ တောင်ဘက်အစွန်ဆုံးဖြစ်တဲ့ ဂွမြို့နယ်မှာ စစ်ကောင်စီ စစ်ကြောင်းနဲ့ အာရက္ခတပ်တော် ( AA) တို့ ဒီကနေ့ အောက်တိုဘာလ ၂၅ ရက်၊ နံနက် ၅ နာရီခန့်မှာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်က ထိခိုက်သေဆုံးမှုတွေနဲ့ ဆုတ်ခွာထွက်ပြေးရတာတွေရှိတယ်လို့ စစ်ရေးသတင်းအရင်းအမြစ်တစ်ဦးက CJ Platform ကို ပြောပါတယ်။

 

ဂွမြို့နယ်၊ ကြွေချိုင်ရွာထိပ်ရှိ တောင်ပိန္နဲရိပ် စားသောက်ဆိုင်အနီး စစ်ကောင်စီတပ် စစ်ကြောင်းကို AA က အလစ်အငိုက် ဝင်ရောက်တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့  စုံစမ်းသိရှိရပါတယ်။

 

“မနက်အစောကြီးရှိသေးတယ်။ အပြန်အလှန်ပစ်နေတာ တော်တော်ကြာတယ်။ စစ်တပ်က အငိုက်မိသွားတာ။ သေတဲ့လူလည်း အတော်များတယ်။ ပြန်မဆွဲနိုင်ဘူး။ လက်နက်တွေလည်းထားခဲ့ပြီး ထွက်ပြေးသွားတယ်”လို့ CJ Platform ရဲ့ စစ်ရေးသတင်းအရင်းအမြစ်က ပြောပါတယ်။

 

စစ်ကောင်စီနဲ့ AA တို့ကြား တစ်နာရီခွဲကြာ  တိုက်ပွဲဖြစ်ပွားခဲ့ပြီး  စစ်ကောင်စီဘက်က လက်နက်တချို့ကို AA က သိမ်းဆည်း ရရှိခဲ့တယ်လို့ သူက ဆက်ပြောပါတယ်။

 

တိုက်ပွဲဖြစ်ပွားပြီးနောက် ဆုတ်ခွာ ထွက်ပြေးသွားတဲ့ စစ်ကောင်စီ တပ်သားတွေဟာ ဆပ်သွားတိုက်နယ်ဆေးရုံမှာ ဝင်ရောက် တပ်စွဲထားတယ်လို့ သိရပါတယ်။

 

အောက်တိုဘာလ ၂၁ ရက်နေ့ကလည်း တိုက်ပွဲဖြစ်ပွားရာအနီး ကြွေချိုင်ရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်သားတွေကို AA က ထိုးစစ်ဆင် တိုက်ခိုက်ခဲ့တာကြောင့် ထိခိုက်သေဆုံးမှု အများအပြားနဲ့ စစ်ကောင်စီဘက်က ဆုတ်ခွဲထွက်ပြေးခဲ့ရတာတွေ ရှိခဲ့ပါတယ်။

 

ပြီးခဲ့တဲ့ ဩဂုတ်လ ၁၀ ရက်နေ့ကစလို့ အာရက္ခတပ်တော် (AA) ရဲ့ ထိုးစစ်ဆင် တိုက်ခိုက်ခဲ့တဲ့ အရှိန်ဟာ ဂွမြို့အနီးထိ နီးကပ်လာတာပါ။

 

စစ်ကောင်စီဘက်က ဂွမြို့ လက်မလွှတ်ရရေးအတွက် ဧရာဝတီတိုင်းရှိ တပ်စခန်းတွေကနေ လူအင်အားနဲ့ လက်နက်တွေကို အဆက်မပြတ် ပို့ဆောင်ဖြည့်တင်းကာ ခံစစ်ကို ပြင်ဆင်နေတယ်လို့ စစ်ရေးသတင်းအရင်းအမြစ်တွေက ပြောပါတယ်။

 

ဓာတ်ပုံ- လူမှုကွန်ရက်