ထိုင်းနိုင်ငံထဲက ဒုက္ခသည်စခန်း ကိုးခုမှာ မြန်မာဒုက္ခသည်ဦးရေ ပိုတိုးလာပြီး စားနပ်ရိက္ခာနဲ့ အမိုးအကာတွေ လိုအပ်နေ

Author အဂ္ဂ
Categories
Published on Oct 25, 2024

ထိုင်း-မြန်မာနယ်စပ်က ဒုက္ခသည်တွေဟာ စားနပ်ရိက္ခာနဲ့ အမိုးအကာ အကူအညီတွေ ပိုမိုလိုအပ်လာတာကြောင့်  စိုးရိမ်ဖွယ်အခြေအနေ ဖြစ်နေတယ်လို့ မြန်မာစစ်ဘေးဒုက္ခသည်တွေအတွက် လူသားချင်းစာနာထောက်ထားမှု အကူအညီတွေပေးနေတဲ့ The Border Consortium (TBC) ရဲ့  ၂၀၂၄ နှစ်လယ်ပိုင်းအစီရင်ခံစာ (ဇန်နဝါရီလကနေ ဇွန်လအထိ) မှာ ဖော်ပြထားပါတယ်။

 

ဒီကနေ့ အောက်တိုဘာ ၂၅ ရက်နေ့မှာ ထုတ်ပြန်ခဲ့တဲ့ TBC ရဲ့ အစီရင်ခံစာမှာ ထိုင်းနိုင်ငံထဲက ဒုက္ခသည်စခန်း ၉ ခုမှာ လက်ရှိ မြန်မာဒုက္ခသည်ဦးရေ တစ်သိန်းနှစ်ထောင်ကျော်အထိ ရှိနေပြီး ၂၀၂၄ နှစ်ဆန်းပိုင်းနဲ့ယှဉ်ရင် ၁၅ ရာခိုင်နှုန်း တိုးလာတာ တွေ့ရတယ်လို့ ရေးသားထားပါတယ်။

 

TBC အဖွဲ့က ဒုက္ခသည် ၉၈,၀၀၀ ကျော်အတွက် Food Card စနစ်နဲ့ အစားအသောက်တွေ ထောက်ပံ့ပေးနေသလို သုံးလတစ်ကြိမ် အာဟာရပြည့်ဝမှု စစ်ဆေးတာတွေလည်း လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။

 

အသစ်ရောက်လာတဲ့ ဒုက္ခသည်တွေအတွက်လည်း ယာယီလုံခြုံရေး နယ်မြေတွေ စီစဉ်ပေးထားပြီး အစားအသောက်၊ အမိုးအကာနဲ့ တစ်ကိုယ်ရေသုံး ပစ္စည်းတွေကိုလည်း အရေးပေါ်အကူအညီအနေနဲ့ ထောက်ပံ့ပေးနေတယ်လို့ သိရပါတယ်။

 

မြန်မာပြည်အရှေ့တောင်ပိုင်းမှာ ပြည်တွင်းဒုက္ခသည် ၁ ဒသမ ၁ သန်းကျော်ရှိနေပြီး လူပေါင်း ၂၅၀,၀၀၀ ကျော်အတွက် TBC က အရေးပေါ်အကူအညီတွေ ပေးနေတယ်လို့လည်း ထည့်သွင်းရေးသားထားပါတယ်။

 

အဲဒီထဲမှာ လူပေါင်း ၁၃၀,၀၀၀ ကျော်အတွက်  အမေရိကန်ဒေါ်လာ ၃၀ တန်ဖိုးရှိ ငွေသားထောက်ပံ့မှု၊ ပြည်တွင်းဒုက္ခသည် ၅၀,၀၀၀ အတွက် သုံးလစာ အစားအသောက်အကူအညီနဲ့ ဒေသခံ ၁၃၀,၀၀၀ အတွက် အခြေခံကျန်းမာရေးစောင့်ရှောက်မှုတွေ ပါဝင်တယ်လို့ ဆိုပါတယ်။

 

လက်ရှိမှာ အမေရိကန်က ရန်ပုံငွေ ၆၉ ရာခိုင်နှုန်း၊ ဗြိတိန်က ၁၅ ရာခိုင်နှုန်း၊ ဩစတြေးလျက ၇ ရာခိုင်နှုန်း ထောက်ပံ့ပေးနေပေမဲ့ လိုအပ်ချက်တွေ များလာနေတယ်လို့လည်း ဆက်လက်ရေးသားထားပါတယ်။

 

ဒါ့အပြင် လာမယ့် ၂၀၂၅ ခုနှစ်မှာ ဒုက္ခသည်ဦးရေ ၁၁၆,၀၀၀ အထိ တိုးလာနိုင်သလို စားနပ်ရိက္ခာကတ် တန်ဖိုးနဲ့ လောင်စာစရိတ်တွေ ၄ ရာခိုင်နှုန်းနဲ့ မီးသွေးစရိတ် ၁၀ ရာခိုင်နှုန်းလောက် ပိုတက်လာနိုင်တယ်လို့လည်း ခန့်မှန်းထားပါတယ်။

 

စစ်ကောင်စီဟာ ၂၀၂၁ ဖေဖော်ဝါရီကနေ ၂၀၂၄ ဇွန်လအထိ အရပ်သား ၅,၃၅၀ ကျော်ကို သတ်ဖြတ်ခဲ့ပြီး လူ့အခွင့်အရေးကာကွယ်သူ ၂၆,၅၀၀ ကျော်ကို ဖမ်းဆီးထိန်းသိမ်းထားပါတယ်။ တစ်နိုင်ငံလုံးမှာ နေရပ်စွန့်ခွာထွက်ပြေးရတဲ့ ဒုက္ခသည် ၃ သန်းကျော်အထိ ရှိနေတယ်လို့လည်း ဆိုထားပါတယ်။

 

ဒါ့အပြင် စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုတွေ၊ လက်နက်ကြီးနဲ့ပစ်ခတ်မှုတွေကြောင့် လုံခြုံရေးအန္တရာယ်က ဆက်လက်မြင့်မားနေနိုင်ပြီး အထူးသဖြင့်ကတော့ တိုက်ပွဲဖြစ်ပွားရာဒေသတွေမှာ ပိုပြီးဆိုးရွားနေပါတယ်လို့ ဖော်ပြထားပါတယ်။

 

ဆေးရုံ၊ စာသင်ကျောင်းနဲ့ ဘာသာရေး အဆောက်အအုံတွေကိုလည်း စစ်တပ်က ဖျက်ဆီးနေတာကြောင့် နိုင်ငံတကာ လူသားချင်းစာနာမှုဥပဒေကို ချိုးဖောက်နေတယ်လို့လည်း အစီရင်ခံစာက ထောက်ပြထားပါတယ်။

 

ဓာတ်ပုံ- Suthep Kritsanavarin via TBC

ကိုးကား- TBC Midyear Annual Report January To June 2024