ထန်တလန် မြို့သိမ်းတိုက်ပွဲ ပြင်းထန်နေပြီး CNA ဗိုလ်ကြီးတစ်ဦး ထပ်မံကျဆုံး

Author ဆလိုင်း
Categories
Published on Oct 24, 2024

စစ်ကောင်စီတပ်ရဲ့ တစ်မြို့လုံးမီးရှို့ဖျက်ဆီးခံထားရတဲ့ ချင်းပြည်၊ ထန်တလန် မြို့သိမ်းတိုက်ပွဲ ဆက်လက်ပြင်းထန်နေတယ်လို့ CJ Platform ရဲ့ ရှေ့တန်းစစ်ရေးသတင်းရင်းမြစ်ဆီကနေ သိရပါတယ်။

 

ပြီးခဲ့တဲ့ အောက်တိုဘာ ၂၂ ရက် NLD ရုံးက စစ်ကောင်စီတပ်တွေနဲ့ တိုက်ပွဲအတွင်း ချင်းအမျိုးသားတပ်မတော်(CNA)ရဲ့ အသက် ၂၇ နှစ်အရွယ် ဗိုလ်ကြီး ဆလိုင်းမင်းထွန်း ကျဆုံးခဲ့တယ်လို့ ၎င်းက ပြောပါတယ်။ သူဟာ ချင်းပြည်၊ ပလက်ဝမြို့နယ်၊ မရမ်းကျေးရွာဇာတိဖြစ်တယ်လို့ သိရပါတယ်။

 

“ကျွန်တော်တို့ ၂၂ ရက်နေ့၊ မနက် ၃ နာရီလောက်က NLD ရုံးအဆောက်အအုံက စစ်ကောင်စီတပ်ဖွဲ့ကို ထိုးစစ်ဆင်တိုက်ခိုက်ပါတယ်။ တိုက်ပွဲက အတော်လေး ပြင်းထန်ခဲ့ပါတယ်။ စစ်ကောင်စီဘက်ကလည်း တိုက်ပွဲဖြစ်တဲ့နေရာကို လေကြောင်းကနေ ပစ်ခတ်နေတယ်။ အဲဒီမှာ ကျွန်တော်တို့ဘက်က ဗိုလ်ကြီးတစ်ဦးကျသွားတယ်” လို့ ရှေ့တန်းစစ်ရေးသတင်းရင်းမြစ်က CJ Platform ကို ပြောပါတယ်။

 

ထန်တလန်မြို့ကို အလုံးစုံ သိမ်းပိုက်ရရှိရေး စစ်ကောင်စီလက်ကျန် တပ်စခန်းတွေကို ချင်းတော်လှန်ရေးပူးပေါင်းတပ်တွေက အခုရက်ပိုင်းတွင်း ပြန်လည် ထိုးစစ်ဆင်တိုက်ခိုက်နေတဲ့အတွက် တိုက်ပွဲတွေ ပြင်းထန်နေပါတယ်။

 

ထန်တလန်မြို့မှာ စစ်ကောင်စီလက်ကျန် တပ်စခန်းနှစ်ခုပဲရှိတော့ပြီး အင်အား ၁၀၀ လောက်နဲ့ NLD ရုံး အဆောက်အအုံနဲ့ ရဲစခန်းတို့မှာ တပ်စွဲထားတယ်လို့ သိရပါတယ်။

 

ဒီမြို့ဟာ စစ်ကောင်စီတပ်နဲ့ ချင်းတော်လှန်ရေးတပ်ဖွဲ့တွေအတွက် စစ်ရေး၊ လမ်းပန်းဆက်သွယ်ရေးအရ အရေးပါတာကြောင့် တိုက်ပွဲပြင်းထန်နေတာလို့ သိရပါတယ်။

 

“ကျွန်တော်တို့ ထန်တလန်တိုက်တယ်ဆိုတာ စစ်ရေး၊ နိုင်ငံရေး၊ လမ်းပန်းဆက်သွယ်ရေး စတဲ့ အင်မတန်အရေးပါတဲ့အတွက် တိုက်ခိုက်နေတာဖြစ်တယ်။ ထန်တလန်တိုက်ပွဲမှာ နှစ်ဖက်ကျဆုံးမှုများပါတယ်။ စစ်ကောင်စီဘက်က လေကြောင်းပစ်ကူအပါအဝင် ဟားခါးကနေ လက်နက်ကြီးတွေ ပစ်ကူပေးနေတယ်” လို့ ရှေ့တန်းစစ်ရေးသတင်းအရင်းမြစ်က CJ Platform သို့ ပြောပါတယ်။

 

ထန်တလန်မြို့သိမ်းတိုက်ပွဲကို ပြီးခဲ့တဲ့ ဇူလိုင်လ ၂၂ ရက်နေ့ကစတင် ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီရဲ့ ခလရ ၂၆၉ တပ်ကုန်းနဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ တပ်စွဲထားတဲ့ လိုင်ဗာတည်းခိုခန်းနဲ့ CB ဘဏ် အဆောက်အအုံတို့ကို CNA ဘက်က သိမ်းပိုက်ရရှိခဲ့ပါတယ်။

 

ဒါ့အပြင် ထန်တလန်-ဟားခါးကြား အော်တိုတပ်စခန်းအပါအဝင် စစ်ကောင်စီတပ်စခန်းတွေကိုလည်း သိမ်းပိုက်ရရှိထားပါတယ်။

 

နှစ်လကျော်ကြာဖြစ်ပွားနေတဲ့ ထန်တလန်တိုက်ပွဲမှာ အခု CNA က ဗိုလ်ကြီး ဆလိုင်းမင်းထွန်း၊ ချင်းတော်လှန်ရေးအဖွဲ့က CDF(ထန်တလန်) စစ်ဦးစီးချုပ်၊ CDF(ဇိုတုန်) တပ်ရင်းမှူးတို့အပါအဝင် ရဲဘော် ၃၀ နီးပါး ကျဆုံးခဲ့တယ်လို့ သိရပါတယ်။

 

ဓာတ်ပုံ – ပေးပို့

 

ပုံစာ – နှစ်ဖက်တိုက်ပွဲတွင်း ပျက်စီးသွားတဲ့ ထန်တလန်မြို့တွင်း တစ်နေရာကို တွေ့မြင်ရစဥ်