ရွှေပြည်သာမှာ ရေထဲဓာတ်ကြိုးပြတ်ကျနေရာဖြတ်မိတဲ့ အမျိုးသမီးစက်ရုံဝန်ထမ်းတစ်ဦး ဓာတ်လိုက်သေဆုံး

Author ကိုထက်
Categories
Published on Oct 24, 2024

နှစ်ပေါင်း ၃၀ အတွင်း မကြုံစဖူးရေဘေးနဲ့ကြုံနေရတဲ့ ရန်ကုန်မြို့၊ ရွှေပြည်သာမြို့နယ်၊ အမှတ် ၁၂ ရပ်ကွက်မှာ ယမန်နေ့ အောက်တိုဘာလ ၂၃ ရက်မနက်ပိုင်းက ရေထဲဓာတ်ကြိုးပြတ်ကျနေရာကို ဖြတ်မိတဲ့ အမျိုးသမီးစက်ရုံဝန်ထမ်းတစ်ဦး ဓာတ်လိုက်သေဆုံးခဲ့တယ်လို့ အဲဒီရပ်ကွက်နေသူတွေဆီက သိရပါတယ်။

 

အဲဒီမြို့နယ် အမှတ် ၁၂ ရပ်ကွက်မှာနေထိုင်တဲ့ အသက် ၄၀ အရွယ် စက်ရုံဝန်ထမ်းအမျိုးသမီးဟာ အလုပ်သွားဖို့ ထွက်လာချိန် သေဆုံးခဲ့ရတာဖြစ်တယ်လို့ အမှတ်(၁၂)ရပ်ကွက်နေ အသက် ၅၀ အရွယ် အမျိုးသားတစ်ဦးက CJ Platform ကို ပြောပါတယ်။

 

“သာဓုကန်စက်မှုဇုန်က အထည်ချုပ်မှာလုပ်တဲ့တစ်ယောက် အခုမနက်(အောက်တိုဘာ ၂၃)က ဖယ်ရီကားဆီသွားဖို့လုပ်နေတာမှာ အဆောင်ကနေအထွက်ပဲ ဓာတ်ကြိုးကရေထဲကျနေတာမသိဘဲ လမ်းမထွက်လိုက်တာ။ ပွဲချင်းပြီးပါပဲ” လို့ ၎င်းက ပြောပါတယ်။

 

ရေကြီးရေလျှံမှုဆက်ဖြစ်နေသေးတဲ့ ရွှေပြည်သာမြို့နယ်အတွင်းမှာ မြွေအန္တရာယ်၊ လျှပ်စစ်အန္တရာယ်အထူးသတိရှိဖို့ လိုတယ်လို့ နာမည်မဖော်လိုတဲ့ မြို့နယ်အခြေစိုက်လူမှုကူညီရေးကယ်ဆယ်ရေးအသင်းတစ်ခုမှ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

 

“ရေကထပ်တော့မတက်တော့ပေမဲ့ ပြန်ကျဖို့ရာကကြာနေသေးတယ်။ အခုလည်း လမ်းတွေမှာရေက ခြေကျင်းဝတ်လောက်ရှိနေသေးတယ်။ အဓိကကတော့ မြွေအန္တရာယ် လျှပ်စစ်ဓာတ်ကြိုးတွေပြတ်ကျတာရှိ/မရှိ သတိထားကြည့်ပြီး သွားလာကြဖို့ လိုတယ်ပေါ့နော်” လို့ သူက ပြောပါတယ်။

 

ရွှေပြည်သာမြို့နယ်မှာ လက်ရှိရေဘေးသင့်သူ ၂၀၀ နီးပါးအထိရှိပြီး ၎င်းတို့ဟာ ရေဘေးလွတ်ရာ ကယ်ဆယ်ရေးစခန်း၊ ဆွေမျိုးအိမ်တွေမှာ တိမ်းရှောင်နေကြရတယ်လို့ သိရပါတယ်။

 

ရွှေပြည်သာမြို့နယ်အတွင်းမှာ အမှတ် ၅၊ ၇၊ ၁၉၊ ၂၀၊ စမ်းချောင်းကြီး၊ စမ်းချောင်းလေး၊ စမ်းကရင်ရွာ စတဲ့နေရာတွေမှာ ရေဝင်ရောက်မှုပိုဖြစ်နေတဲ့အတွက် လူတွေကို အရေးပေါ်ပြောင်းရွှေ့ပေးခဲ့ရတယ်လို့ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့က ယမန်နေ့က ထုတ်ပြန်ထားပါတယ်။

 

ရန်ကုန်မြို့မှာ မုန်တိုင်းငယ်အရှိန်ကြောင့် အောက်တိုဘာလ ၂၀ ရက်ညပိုင်းကစလို့ မိုးအဆက်မပြတ် စံချိန်တင်ရွာသွန်းနေတာကြောင့် လမ်းမတွေ၊ အနိမ့်ပိုင်းရပ်ကွက်တွေမှာ ရေကြီးရေလျှံတာတွေ ဖြစ်ပေါ်ခဲ့ပြီး အောက်တိုဘာလ ၂၃ ရက်မှာတော့ နေရာတချို့မှာ ရေပြန်ကျပြီဖြစ်တယ်လို့ သိရပါတယ်။

 

ဓာတ်ပုံ – လူမှုကွန်ရက်