မဲ‌ဆောက်ရှိ 7/11 စတိုးဆိုင်ကနေ ကုန်ပစ္စည်းတွေ မြန်မာအမျိုးသမီးငယ်တစ်ဦး ခိုးယူ

Published on Oct 23, 2024

ထိုင်း-မြန်မာနယ်စပ်မြို့ဖြစ်တဲ့ မဲဆောက်ရှိ 7/11(Seven Eleven)စတိုးဆိုင်က ကုန်ပစ္စည်းတွေကို မြန်မာမိန်းကလေးငယ်တစ်ဦးက ဒီကနေ့ အောက်တိုဘာ ၂၃ ရက်‌နေ့ မနက်ပိုင်းမှာ ခိုးယူမှုဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

 

အသက် ၁၆ နှစ်ကျော်ရှိ အဲဒီမိန်းကလေးငယ် စတိုးဆိုင်ကနေ အကြိမ်ရေအတော်များများ ခိုးယူခဲ့တာကို အရောင်းစာရေးတွေက ဖမ်းမိခဲ့တယ်လို့ အဲဒီအကြောင်းသိရှိထားသူ မဲဆောက်မြို့နေ အမျိုးသားတစ်ဦးက CJ Platform ကို ပြောပါတယ်။

 

“သူက ခဏခဏ ခိုးနေတာ။ တစ်ခါတည်း အများကြီးခိုးတာ မဟုတ်ဘူး။ ၁၄,၃၃၀ ဘတ်ဖိုးရှိတယ်။ ခိုးတယ်ဆိုတာကလည်း လေးငါးခု တစ်ခါတည်းခိုးလို့မရဘူး။ အကြိမ်‌ရေကိုမနည်းလောက်တော့ဘူး။ မိဘတွေကိုခေါ် ပြီး ပိုက်ဆံလျော်ခိုင်းတယ်။ ‌မ‌လျော်နိုင်ရင် ရဲလက်အပ်မယ်။ ဗီနိုင်းနဲ့ ပုံချိတ်မယ် ပြောတယ်။ ရဲခေါ် ရဲနဲ့ ရှင်း‌ပေါ့” လို့ သူက ပြောပါတယ်။

 

အဲဒီအမျိုးသမီးငယ်ဟာ မကြာခဏ ခိုးမှုကျူးလွန်‌လေ့ရှိတယ်လို့ သူ့မိဘတွေ ပြောဆိုတာကနေ ကြားသိရတယ်လို့ အထက်ပါ အမျိုးသားက ပြောပါတယ်။

 

“သူတို့ အဲဒီလိုတွေလုပ်တော့ နေရထိုင်ရတာ ဒီမှာနေနေတဲ့ မြန်မာတွေ ပိုကျပ်တာ‌ပေါ့။ ရှက်ဖို့လည်း ကောင်းတယ်။ ရဲကလည်း မျက်စိဒေါက်ထောက်ပြီး ကြည့်‌နေ‌တော့မှာ” လို့ ပဲခူးမြို့က မဲဆောက်မြို့ကို စစ်မှုထမ်းရှောင်လာသူ မြန်မာအမျိုးသားတစ်ယောက်က ပြောပါတယ်။

 

7/11 စတိုးဆိုင်က ပစ္စည်းခိုးယူသူ မြန်မာအမျိုးသမီးငယ်ဟာ ဒီကနေ့ ညနေ ၄ နာရီလောက်မှာ ငွေလာ လျော်သွားတယ်လို့ သိရပါတယ်။

 

ပြီးခဲ့တဲ့ ဩဂုတ်လ ၂၀ ရက်က မဲဆောက်မြို့မှာ ဆိုင်ကယ်ခိုးယူသူ ရွှေ့ပြောင်းမြန်မာနိုင်ငံသား နှစ်ဦးကို ဆိုင်ကယ်နဲ့အတူ ဖမ်းဆီးရမိတယ်လို့ မဲဆောက်မြို့ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။

 

ဓာတ်ပုံ – လူမှုကွန်ရက်

 

ပုံစာ – ဆိုင်ကယ်ခိုးယူတဲ့ မြန်မာရွှေ့ပြောင်း အလုပ်သမားတွေကို တွေ့ရပုံ