ဒီကနေ့ လားရှိုး ဗုံးနှစ်ကြိမ်ထပ်ကြဲခံရ၊ ရိုးရာအရက်ချက်စက်ရုံ မီးလောင်ပျက်စီး

Author လဂွန်းအိမ်
Categories
Published on Oct 23, 2024

ကိုးကန့်တပ် MNDAA ထိန်းချုပ်ထားတဲ့ ရှမ်းပြည်(မြောက်ပိုင်း)က လားရှိုးမြို့ကို စစ်ကောင်စီက ဒီကနေ့မနက်ပိုင်းမှာ လေယာဉ်နဲ့ ဗုံးထပ်ကြဲလို့ ရိုးရာအရက်ချက်စက်ရုံ မီးလောင်ပျက်စီးခဲ့တယ်လို့ လားရှိုးဒေသခံတွေဆီကနေ သိရပါတယ်။

ဒီကနေ့ အောက်တိုဘာ ၂၃ ရက် မနက် ၈ နာရီခွဲခန့်မှာ လားရှိုးမြို့အဝင် မယ်ဟန်ရွာအနီးက ရိုးရာအရက်ချက်စက်ရုံနဲ့ ဟိုပိတ်ရွာအနီးတို့ကို ဗုံးနှစ်ကြိမ်လာကြဲခဲ့တာဖြစ်ပြီး လူထိခိုက်သေဆုံးတာတော့မရှိဘူးလို့ သိရပါတယ်။

 

“ဒီနေ့မနက် ၈ နာရီခွဲမှာ တစ်ကြိမ်၊ ၁၀ နာရီဝန်းကျင်မှာ တစ်ကြိမ် ဗုံးလာကြဲတာပါ။ ပထမ တစ်လုံးကတော့ ရိုးရာအရက်ချက်စက်ရုံပါ။ နောက်တစ်ကြိမ်ကတော့ ဟိုပိတ်နားလို့ကြားပါတယ်” လို့ လားရှိုးမြို့ခံအမျိုးသမီးတစ်ဦးက CJ Platform ကို ပြောပါတယ်။

 

စစ်ကောင်စီရဲ့ဒုတိယအကြိမ် ဟိုပိတ်အနီးဗုံးကြဲမှုမှာတော့ ထိခိုက်သေဆုံးမှုအခြေအနေတွေနဲ့ ပျက်စီးဆုံးရှုံးမှု အခြေအနေကိုတော့ မသိသေးဘူးလို့ သူမက ဆက်ပြောပါတယ်။

 

လားရှိုးမြို့အဝင်ဆိုင်းဘုတ်အနီးရှိ ရိုးရာဆန်အရက်ချက်စက်ရုံ ဗုံးကြဲတိုက်ခိုက်ခံရတာကြောင့် စက်ရုံ အဆောက်အအုံမီးလောင်ကျွမ်းခဲ့ပြီး ကိုးကန့်ဒေသအထူးဒေသ(၁)ရဲ့ မီးသတ်တပ်ဖွဲ့က အချိန်မီသွားရောက်ငြှိမ်းသတ်နိုင်ခဲ့တယ်လို့ MNDAA ဘက်က ထုတ်ပြန်ထားပါတယ်။

 

အဲဒီလို ဗုံးကြဲတိုက်ခိုက်ခံရမှုတွေကြောင့် ထိခိုက်သေဆုံးသူမရှိဘူးလို့လည်း ကိုးကန့်တပ်ရဲ့ လားရှိုးမြို့ ပြန်လည်ထောင်ရေးအဖွဲ့က ဆိုထားပါတယ်။

 

လားရှိုးမြို့နဲ့အနီးတဝိုက်ကို စစ်ကောင်စီတပ်က မကြာခဏဗုံးကြဲတိုက်ခိုက်နေတာကြောင့် လားရှိုးမြို့ခံတွေ ဘေးလွတ်ရာ တိမ်းရှောင်နေကြသလို မြို့တွင်းနေထိုင်သူတွေဟာလည်း လေကြောင်းရန်ကို အမြဲကြောက်လန့်နေကြတယ်လို့ မြို့ခံတွေက ဆိုပါတယ်။

 

ဓာတ်ပုံ – လားရှိုးမြို့ပြန်လည်ထူထောင်ရေး

 

ပုံစာ – မီးလောင်ပျက်စီးသွားတဲ့ ရိုးရာအရက်ချက်စက်ရုံကိုတွေ့ရစဉ်

 

Related News

Depend on news