လှိုင်မှာ ရွှေဆိုင်သိမ်းပြီးပြန်လာတဲ့ကားကို လုယက်၊ ရွှေငါးပိဿာခန့်ပျောက်ဆုံးနေလို့ဆို

Author ကိုထက်
Categories
Published on Oct 23, 2024

ရန်ကုန်မြို့၊ လှိုင်မြို့နယ်မှာ ရွှေဆိုင်သိမ်းပြီးပြန်လာတဲ့ကားတစ်စီးဟာ ပြီးခဲ့တဲ့ အောက်တိုဘာလ ၂၁ ရက် ညနေပိုင်းမှာ လုယက်ခံရတဲ့အတွက် ရွှေငါးပိဿာလောက်ပျောက်ဆုံးသွားတယ်လို့ သိရပါတယ်။

 

ဖြစ်စဉ်ဟာ လှိုင်မြို့နယ် အမှတ် ၄ ရပ်ကွက် အေးရိပ်မွန်လမ်းမကြီပေါ်က ခြံအမှတ် ၂ ရှေ့မှာ ဖြစ်ပွားခဲ့ပြီး မြရွှေယုံရွှေဆိုင်ကနေ ဆိုင်သိမ်းပြီးပြန်လာတဲ့ကားကိုရပ်တန့်စေကာ တခြားအဖြူရောင်ကားပေါ်မှဆင်းလာတဲ့ လူနှစ်ဦးက သေနတ်ပစ်ဖောက်ကာ လုယက်သွားတာလို့ အဲဒီရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးအသိုင်းအဝိုင်းနဲ့နီးစပ်သူတစ်ဦးက CJ Platform ကို ပြောပါတယ်။

 

“သူတို့က ဆင်ရေတွင်းလမ်းထိပ်မှာ ဖွင့်ထားတဲ့ဆိုင်က ဆိုင်သိမ်းပြီးအိမ်ပြန်လာကြတာ။ အိမ်ရှေ့ရောက်ရောက်ချင်းမှာ ကားအဖြူပေါ်ကနေ လူနှစ်ယောက် တစ်ယောက်က သေနတ်နဲ့တစ်ချက်ပစ်ဖောက်တယ်။ နောက်တစ်ယောက်က နောက်ကားမှန်ကိုခွဲပြီး ရွှေတွေထည့်ထားတဲ့သေတ္တာသုံးလုံးကို ယူသွားကြတာ” လို့ ၎င်းက ‌ပြောပါတယ်။

 

အဲဒီရွှေဆိုင်ဟာ ရန်ကုန်မြို့၊ ကမာရွတ်မြို့နယ် အင်းစိန်လမ်းမနဲ့ ဆင်ရေတွင်လမ်းထိပ်မှာ ဖွင့်လှစ်ထားတဲ့ မြရွှေယုံရွှေဆိုင်ဖြစ်တယ်လို့ သိရပါတယ်။

 

“ပိုင်ရှင်က ယာဉ်မောင်းနဲ့တစ်ယောက်ကို အိမ်ပြန်ပြီးသိမ်းခိုင်းဖို့ လွှတ်လိုက်တာ။ သူတို့ပြောပုံအရတော့ ရွှေက ငါးပိဿာလောက်‌လို့ပြောတယ်။ အခုလှိုင်ရဲစခန်းမှာ အမှုဖွင့်ထားတယ်။ ဘာမှတော့မထူးသေးဘူး” လို့ အဲဒီအုပ်ချုပ်ရေးနဲ့နီးစပ်သူက ပြောပါတယ်။

 

လက်ရှိ လှိုင်မြို့နယ်ရဲစခန်းက အမှုဖွင့်ကာ ရွှေထည်ပစ္စည်းလုယက်သူတွေကို ဖမ်းဆီးရမိရေးဆောင်ရွက်နေပေမဲ့ ဒီကနေ့အောက်တိုဘာ ၂၃ ရက်နေ့အထိ လုယက်သွားသူတွေကို ဖမ်းဆီးရမိခြင်းမရှိသေးဘူးလို့ သိရပါတယ်။

ရန်ကုန်မှာ စစ်ကောင်စီတပ်က အာဏာသိမ်းခဲ့တဲ့ ၂၀၂၁ ခုနှစ်ကစလို့ နေ့စ‌ဉ်နဲ့အမျှ လုယက်မှု၊ ခိုးယူမှုစတဲ့ ဒုစရိုက်မှုတွေ အဖြစ်များလာနေတာပါ။

 

ပြီးခဲ့တဲ့ မေလတုန်းကလည်း တာမွေမြို့ နယ်က TK  ရွှေဆိုင်  ဓားပြတိုက် လုယက်ခံရပြီး ရွှေထည်ပစ္စည်း ၁၉ ကျပ်သားနဲ့ ကျပ်သိန်း ၆၅၀ ကျော်ပါသွားတဲ့ဖြစ်စဥ်ရှိခဲ့ပါတယ်။

 

ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် အောက်တိုဘာလတုန်းကလည်း ရန်ကုန်၊ ကြည့်မြင်တိုင်မြို့နယ်၊ ကြည့်မြင်တိုင်စျေးမှ ရွှေဆိုင်သိမ်းပြီး ပြန်လာတဲ့ အမျိုးသားကို   ဖမ်းဆီး သတ်ဖြတ်ကာ ရွှေတွေလုယူခဲ့တဲ့ဖြစ်စဉ်လည်း ဖြစ်ပွားခဲ့ပါသေးတယ်။

 

ဓာတ်ပုံ – ပေးပို့