ဘင်္ဂလားပင်လယ်အော်မှာ မုန်တိုင်းငယ် စဖြစ်၊ သုံးရက်အတွင်း နေပြည်တော်အပါအဝင် တိုင်းနဲ့ ပြည်နယ် ၁၂ ခုမှာ မိုးကြီး/လေပြင်းတိုက်ခတ်နိုင်

Author လဂွန်းအိမ်
Categories
Published on Oct 22, 2024

ဘင်္ဂလားပင်လယ်အော် အရှေ့အလယ်ပိုင်းမှာ ဖြစ်ပေါ်နေတဲ့ လေဖိအားနည်းရပ်ဝန်းဟာ ဒီကနေ့ မနက်ပိုင်းမှာပဲ မုန်တိုင်းငယ်အဖြစ်ကို ရောက်ရှိခဲ့ပြီဖြစ်တယ်လို့ စစ်ကောင်စီမိုးဇလနဲ့ မိုးလေဝသပညာရှင်တွေရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

အဲဒီမုန်တိုင်းငယ်ဟာ ဟိုင်းကြီးကျွန်းရဲ့ အနောက်-အနောက်တောင်ဘက် ရေမိုင် ၁၈၅ မိုင်ခန့်နဲ့ အနောက်ဘင်္ဂလားပြည်နယ်၊ ဆာဂါကျွန်း တောင်-အရှေ့တောင်ဘက် ရေမိုင် ၄၁၀ မိုင်ခန့်အကွာ မှာရှိနေပြီး အမြင့်ဆုံးလေတိုက်နှုန်းမှာ တစ်နာရီကို မိုင် ၃၀ ကနေ ၃၅ မိုင်နှုန်းခန့်ရှိနိုင်တယ်လို့ ဆိုပါတယ်။

အဲဒီမုန်တိုင်းငယ်ဟာ အားကောင်းလာပြီး အနောက်-အနောက်မြောက်ဘက်ကို ဆက်လက် ရွေ့လျားနေပြီး မနက်ဖြန် အောက်တိုဘာ ၂၃ ရက်နေ့မှာ ဆိုင်ကလုန်းမုန်တိုင်းအဆင့်ကို ရောက်ရှိမှာဖြစ်သလို ၂၄ ရက်နေ့မှာတော့ ဘင်္ဂလားပင်လယ်အော်အနောက်မြောက်ပိုင်းမှာ အားကောင်းတဲ့ဆိုင်ကလုန်းမုန်တိုင်းအဆင့်ထိ ရောက်ရှိမှာဖြစ်တယ်လို့ မိုးဇလက ခန့်မှန်းထားပါတယ်။

လက်ရှိမုန်တိုင်းငယ်ဟာ အနောက်မြောက်ဘက်ကို တစ်နာရီ ရှစ်မိုင်နှုန်းလောက်နဲ့ ဆက်လက်ရွေ့လျားနေတယ်လို့ မိုးလေဝသပညာရှင် ဦးဝင်းနိုင်က သူ့ရဲ့ လူမှုကွန်ရက်ကနေ ဒီကနေ့ မွန်းလွဲ ၃ နာရီခွဲခန့်က ထုတ်ပြောထားပါတယ်။

ဆက်လက်ပြီး အဲဒီမုန်တိုင်းငယ်ဟာ ရန်ကုန်မြို့ရဲ့ အနောက်-အနောက်တောင်ဘက် ၃၂၅ ခန့်၊ ပုသိမ်မြို့ရဲ့ အနောက်-အနောက်တောင်ဘက် ၂၃၇ မိုင်ခန့်၊ စစ်တွေမြို့တောင်-အနောက်တောင်ဘက် ၃၆၈ မိုင်ခန့်၊ ဘင်္ဂလားပင်လယ်အော်အရှေ့အလယ်ပိုင်းမှာ ဆက်လက်တည်ရှိနေတယ်လို့ ၎င်းက ဆိုထားပါတယ်။

လက်ရှိမုန်တိုင်းငယ်ရဲ့အရှိန်ကြောင့် ဒီကနေ့ကနေ အောက်တိုဘာ ၂၄ ရက်အထိ သုံးရက်အတွင်း ကချင်၊ ကရင်နီ(ကယား)ပြည်နဲ့ ရှမ်းပြည်တို့ကလွဲပြီး နေပြည်တော်အပါအဝင် ကျန်တိုင်းနဲ့ ပြည်နယ် ၁၂ ခုမှာ နေရာစိပ်စိပ်ကနေ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာနိုင်ပြီး ဒေသအများစုမှာ မိုးကြီးတာအပြင် လေပြင်းတိုက်ခတ်တာတွေပါဖြစ်နိုင်တယ်လို့ စစ်ကောင်စီမိုးဇလက ခန့်မှန်းထားပါတယ်။

 

ဒါ့အပြင် မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်တို့မှာ ရံဖန်ရံခါ မိုးသက်လေပြင်းများကျရောက်ပြီး လှိုင်းအလွန်ကြီးနိုင်တယ်လို့ ဆိုထားပါတယ်။

 

မိုးသက်လေပြင်းကျရောက်ချိန် ရေပြင်/မြေပြင်လေဟာ တစ်နာရီကို မိုင် ၅၀ ကနေ ၅၅ မိုင်အထိ တိုက်ခတ်နိုင်ပြီး လှိုင်းအမြင့်မှာ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်တို့မှာ ၁၀ ပေ ကနေ ၁၄ ပေခန့် ရှိနိုင်တယ်လို့ မိုးဇလက ခန့်မှန်းထားပါတယ်။

 

အခုလို မုန်တိုင်းအရှိန်ကြောင့် ရုတ်တရက်ရေကြီးတာနဲ့ မြေပြိုတာ စတဲ့သဘာဝဘေးအန္တရာယ်တွေ ဖြစ်ပေါ်နိုင်လို့ ကုန်းမြင့်ဒေသအနီး နေထိုင်ကြသူတွေ မြေပြိုမှုအန္တရာယ်ရှိနိုင်သလို မြစ်/ချောင်းအနီး နေထိုင်ကြသူတွေအနေနဲ့ ရေကြီး၊ ရေလျှံတာတွေကို ကြိုတင်သတိထားကြဖို့ မိုးဇလက သတိပေးထားပါတယ်။

 

ဒါ့အပြင် ပြည်တွင်းရေကြောင်းသွားလာရေးနဲ့ လေကြောင်းပျံသန်းရေးအနေနဲ့လည်း ကြိုတင်သတိပြုဖို့ စစ်ကောင်စီမိုးဇလရဲ့ ဒီကနေ့မနက် ၁၁ နာရီထုတ်ပြန်ချက်ထဲကနေ အသိပေးထားပါသေးတယ်။

 

 

 

ဓာတ်ပုံ – MFSD