ရွေး/ကော်စုံစမ်းစစ်ဆေးမှာ မစိုးရိမ်ဘူး(ထိုင်းဝန်ကြီးချုပ်)

Author အဂ္ဂ
Categories
Published on Oct 22, 2024

ထိုင်းဝန်ကြီးချုပ် ဖယ်ထောင်ထန် ရှင်နာဝပ်ထရာအနေနဲ့ ရွေးကောက်ပွဲကော်မရှင်က မကြာခင် စတင်မယ့် စုံစမ်းစစ်ဆေးမှုအပေါ် သူ(မ)က စိုးရိမ်မှု မရှိဘူးလို့ ဒေသတွင်း သတင်းဌာနတွေကို ပြောကြားလိုက်ပါတယ်။

 

ထိုင်းနိုင်ငံရဲ့ ရွေးကောက်ပွဲကောက်မရှင်(EC)ဟာ ဖွေထိုင်းပါတီနဲ့ သူတို့ရဲ့ ညွှန့်ပေါင်းအစိုးရထဲပါဝင်တဲ့ မဟာမိတ် ခြောက်ပါတီအပေါ် ဝန်ကြီးချုပ်ရဲ့ ဖခင် ဝန်ကြီးချုပ်ဟောင်း သက်ဆင်ရဲ့ ဩဇာလွှမ်းမိုးမှုတွေ ရှိနေတယ်ဆိုတဲ့ တိုင်ကြားချက်တွေကို စုံစမ်းစစ်ဆေးဖို့ လက်ခံလိုက်ပြီးနောက် ဝန်ကြီးချုပ်က အခုလို ပြောဆိုလိုက်တာဖြစ်ပါတယ်။

 

“ကျွန်မအနေနဲ့ ဘာမှစိုးရိမ်မိတာမျိုး မရှိပါဘူး” လို့ မကြာခင်စတင်တော့မယ့် စုံစမ်းစစ်ဆေးမှုနဲ့ ပတ်သက်ပြီး မေးမြန်းတဲ့အပေါ် ထိုင်းဝန်ကြီးချုပ် ဖယ်ထောင်ထန်က ပြန်လည်ဖြေကြားပါတယ်။

 

EC ဟာ ဖွေထိုင်းပါတီနဲ့ ညွှန့်ပေါင်းပါတီခြောက်ခုကို ဖျက်သိမ်းလို့ရနိုင်တဲ့ တိုင်ကြားလွှာ ခြောက်စောင်ကို သုံးသပ်ပြီးတဲ့နောက်မှာ အဲဒါတွေကို စုံစမ်းစစ်ဆေးရေးကော်မတီတစ်ရပ်ဖွဲ့စည်းပြီး စစ်ဆေးဖို့ ပြီးခဲ့တဲ့ သောကြာနေ့ အောက်တိုဘာ ၁၈ ရက်မှာ ဆုံးဖြတ်ခဲ့ပါတယ်။

 

အဲဒီမှာ အမည်မဖော်လိုသူတစ်ဦးက ဦးဆောင်တိုင်ကြားခဲ့ပြီး နောက် ဘုရင်စနစ်လိုလားတဲ့ Thai Pakdee ပါတီခေါင်းဆောင် ဝရွန်ဒက်ချ်ဂျစ်တ်ဗီဂရွန်၊ စစ်တပ်ပါတီဖြစ်တဲ့ Palang Pracharath ပါတီအမတ်ဟောင်း ရွန်ခိုင်လီကစ်ဝတ်တနာနဲ့ Dove Group ရဲ့ ခေါင်းဆောင်ဟောင်း နာပရွတ်ဂျ် ဗိုရာချစ်ဗွတ်တီကားလ် စတဲ့အုပ်စုလေးစုကနေ တိုင်ကြားခဲ့တာလို့ သိရပါတယ်။

 

ဒါ့အပြင် ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးက အရင်ဝန်ကြီးချုပ်ဟောင်း ဆရက်သာသာဗီဆင်ကို ဖြုတ်ချပြီးနောက် အရင်ညွှန့်ပေါင်းစိုးရအဖွဲ့ဝင်တွေဟာ သက်ဆင်နဲ့ လာရောက်တွေ့ဆုံခဲ့ပါတယ်။ သင့်လျော်တဲ့ ဝန်ကြီးချုပ်လောင်း စာရင်းတင်သွင်းဖို့ ဆွေးနွေးခဲ့တဲ့ ကိစ္စအပါအဝင် သက်ဆင်ရဲ့ လုပ်ဆောင်ချက်တွေကိုလည်း တိုင်ကြားချက်မှာ ကိုးကားဖော်ပြထားသေးတယ်လို့လည်း ဆိုပါတယ်။

 

လက်ရှိဝန်ကြီးချုပ်ရုံး ဝန်ကြီးနဲ့ ဖွေထိုင်းပါတီရဲ့ ဒုတိယခေါင်းဆောင် ချူဆက်ဆရီနေးလ်ကတော့ “ဒါဟာ ပြဿနာအဟောင်းသာဖြစ်ပြီး ပါတီအနေနဲ့ အစောပိုင်းကတည်းက ဒီကိစ္စကို ရှင်းလင်းပြီးဖြစ်တယ်” လို့ ဆိုပါတယ်။ ရွေးကောက်ပွဲကော်မရှင်ဘက်က ဆင့်ခေါ်လာခဲ့ရင်လည်း ပါတီဘက်က ရှင်းလင်းချေပဖို့ အသင့်ရှိနေတယ်လို့ သူက ဆက်ပြောပါတယ်။

 

“EC ဘက်က စုံစမ်းမြေးမြန်းလာတာနဲ့ သူ(သက်ဆင်)က ကျွန်တော်တို့ကို လွှမ်းမိုးတာ ဒါမှမဟုတ် ဩဇာညောင်းတာမျိုး ရှိမနေဘူးဆိုတာ သူတို့ကို ပြောပြသွားမှာပါ” လို့ မစ္စတာ ချူဆက်က ပြောပါတယ်။

 

ဒါ့အပြင် အစိုးရလုပ်ငန်းဆောင်တာတွေကို အနှောင့်အယှက်ဖြစ်စေတဲ့အပြင် ဘယ်လိုကျိုးကြောင်းဆီလျော်မှုမှမရှိဘဲ ဆက်တိုက်ဆိုသလို တိုင်ကြားမှုတွေ ပြုလုပ်နေတဲ့သူတွေကို တားဆီးနိုင်ဖို့အတွက် တရားစီရင်ရေးနဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေတွေကိုလည်း   ပြင်ဆင်မွမ်းမံသင့်တယ်လို့ သူက ဖြည့်စွက်ပြောပါတယ်။

 

လက်ရှိတည်ဆဲဥပဒေတွေမှာလည်း တိုင်ကြားခြင်းခံရတဲ့ တရားပြိုင်ဟာ ပြစ်မှုကျူးလွန်ထားခြင်း မရှိကြောင်း ချေပပြီးနောက် တရားလိုကို တန်ပြန်တရားစွဲဆိုခွင့်တွေပြုထားတယ်လို့ သူက ပြောပါတယ်။

 

လက်ရှိမှာတော့ ဖွေထိုင်းပါတီဟာ ရွေးကောက်ပွဲကော်မရှင်နဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးတို့ရဲ့ ဆုံးဖြတ်ချက်ကို စောင့်ဆိုင်းနေပြီး အဖြေကိုသိရပြီးမှပဲ စွပ်စွဲတိုင်ကြားသူတွေကို ဥပဒေကြောင်းအရ ဆက်လက်ဆောင်ရွက်မလား မဆောင်ရွက်ဘူးလားဆိုတာ ဆုံးဖြတ်သွားမှာပါလို့ သူက ထပ်မံဖြည့်စွက်ပြောခဲ့ပါတယ်။

 

ဓာတ်ပုံ – Nation Thailand

 

ကိုးကား – Nation Thailand