မလေးရှားမှာ မြန်မာကိုးဦးကို လူကုန်ကူးမှုနဲ့ မလေးနိုင်ငံသား နှစ်ဦးဖမ်းဆီးခံရ

Author အဂ္ဂ
Categories
Published on Oct 19, 2024

မလေးရှားနိုင်ငံ လီပစ်ခရိုင်မှာ မြန်မာနိုင်ငံသား ကိုးဦးကို လူကုန်းကူးတယ်ဆိုတဲ့ သံသယနဲ့ ဒေသခံနှစ်ဦးကို မလေးရှားရဲတပ်ဖွဲ့က ပြီးခဲ့တဲ့ အောက်တိုဘာ ၁၇ ရက်နေ့ ညနေပိုင်းမှာ ဖမ်းဆီးခဲ့တယ်လို့ ဒေသတွင်း သတင်းဌာနတွေရဲ့ ဖော်ပြချက်အရ သိရပါတယ်။

 

အဲဒီနေ့ ညနေ ၄ နာရီကနေ စတင်ခဲ့တဲ့ ရာဇဝတ်မှုတားဆီးရေးစစ်ဆေးမှုအတွင်း အသက် ၂၅ နှစ်အရွယ် အမျိုးသားတစ်ဦးမောင်းနှင်လာတဲ့ နစ်ဆန် နာဗာရာကားကို တားဆီးစစ်ဆေးခဲ့ရာမှာ အသက် ၁၂ နှစ်အရွယ် မိန်းကလေး အပါအဝင် အထောက်အထားမဲ့ မြန်မာငါးဦးကို တွေ့ရှိခဲ့တယ်လို့ လီပစ်ခရိုင်ရဲတပ်ဖွဲ့ အကြီးအကဲ ရဲမှူး အစ္စမေးလ်မန်းက ပြောပါတယ်။

 

အဲဒီလိုပဲ တခြားတစ်နေရာမှာ လမ်းဘေးချရပ်ထားတဲ့ ဟွန်ဒါ အက်ကော့ဒ်ကားတစ်စီးကို စစ်ဆေးခဲ့ရာ အသက် ၄၉ နှစ်အရွယ် ယာဉ်မောင်းနဲ့ အထောက်အထားမဲ့ မြန်မာလေးဦး(အမျိုးသား နှစ်ဦး၊ အမျိုးသမီးနှစ်ဦး)ကို တွေ့ရှိခဲ့တာကြောင့် စုံစမ်းစစ်ဆေးဖို့ ထိန်းသိမ်းခဲ့တယ်လို့ သိရပါတယ်။

 

ဒါကြောင့် ဒေသခံ ယာဉ်မောင်းနှစ်ဦးကို လူကုန်ကူးမှုတိုက်ဖျက်ရေးနဲ့ ရွှေ့ပြောင်းနေထိုင်သူများ တရားမဝင်ခိုးသွင်းမှု တိုက်ဖျက်ရေးဥပဒေ ပုဒ်မတွေနဲ့ တရားစွဲဆိုဖမ်းဆီးထိန်းသိမ်းထားတယ်လို့ အထက်ပါ ရဲမှူးက ပြောပါတယ်။

 

အသက် ၁၂ နှစ် ကနေ ၃၇ နှစ်ကြားရှိတဲ့ အထောက်အထားမဲ့ မြန်မာနိုင်ငံသား ကိုးဦးကိုလည်း တရားဝင်စာရွက်စာတမ်းတွေမရှိဘဲ ခရီးသွားလာခြင်းအတွက် လူဝင်မှုကြီးကြပ်ရေး အက်ဥပဒေပုဒ်မတွေနဲ့ တရားစွဲဆိုပြီး ဖမ်းဆီးထိန်းသိမ်းထားတယ်လို့လည် ၎င်းက ဆက်ပြောပါတယ်။

 

လက်ရှိမှာတော့ သူတို့ ၁၁ ဦးစလုံးကို လီပစ်ရဲစခန်းမှာ ဖမ်းဆီးထိန်းသိမ်းထားတယ်လို့ သိရပါတယ်။