ကျူးဘားမှာ စွမ်းအင်ချွေတာတဲ့အနေနဲ့ စာသင်ကျောင်းနဲ့ ရုံးတချို့ပိတ်ပစ်ရ

Author အဂ္ဂ
Categories
Published on Oct 19, 2024

ကျူးဘားနိုင်ငံဟာ ဆိုးရွားတဲ့ စွမ်းအင်ပြတ်လပ်မှုနဲ့ ရင်ဆိုင်နေရတာကြောင့် ကျောင်းတွေနဲ့ အရေးမကြီးတဲ့ ရုံးတချို့ကို ယမန်နေ့ အောက်တိုဘာ ၁၈ ရက်နေ့ကစပြီး ပိတ်ပစ်လိုက်တယ်လို့ နိုင်ငံတကာ သတင်းဌာနတွေရဲ့ ဖော်ပြချက်အရသိရပါတယ်။

 

ကျူးဘားနိုင်ငံတဝန်းမှာ တစ်ရက်ကို ၁၂ နာရီအထက် လျှပ်စစ်မီးတွေပြတ်တောက်နေသလို မြို့တော်ဟာဗာနားပြင်ပက နေရာတချို့မှာ တစ်ရက်ကို ၆ နာရီအောက်ပဲ လျှပ်စစ်မီးရရှိနေပါတယ်။  တချို့ပြည်နယ်တွေမှာကတော့ နာရီပေါင်းများစွာ လျှပ်စစ်မီးပြတ်တောက်မှုတွေနဲ့ ကြုံတွေ့နေရတယ်လို့လည်း  သိရပါတယ်။

 

အခုလို စွမ်းအင်အလွန်အမင်း ပြတ်တောက်နေမှုကို တုံ့ပြန်တဲ့အနေနဲ့ အရေးမကြီးတဲ့ အစိုးရဝန်ဆောင်မှု လုပ်ငန်းတွေကို ရပ်ဆိုင်းထားမှာဖြစ်ကြောင်း၊ မူလတန်းကနေ တက္ကသိုလ်အထိ အဆင့်တိုင်းကို တနင်္ဂနွေနေ့အထိ ပိတ်ထားမှာဖြစ်ကြောင်းနဲ့ ညပိုင်းဖျော်ဖြေရေးကိစ္စတွေအပါအဝင် အပန်းဖြေခြင်းနဲ့ ယဉ်ကျေးမှုဆိုင်ရာ လှုပ်ရှားမှုအားလုံး ရပ်ဆိုင်းထားမှာဖြစ်တယ်လို့ နိုင်ငံရဲ့ လျှပ်စစ်သမဂ္ဂ (UNE) က ယမန်နေ့မှာပဲ ပြောပါတယ်။

 

“လောင်စာဆီရှားပါးမှုက အကြီးမားဆုံး အကြောင်းရင်းပါပဲ” လို့ ဝန်ကြီးချုပ် မန်နျူရယ်မာရီရို က ဆိုပါတယ်။

 

လတ်တလောမှာ ဖြစ်ပွားခဲ့တဲ့ မီလ်တန်မုန်တိုင်းကြောင့်လည်း ကမ်းလွန်သင်္ဘောတွေကနေ လောင်စာဆီတွေကို ဓာတ်အားပေးစက်ရုံတွေဆီ ပို့ဆောင်ဖို့ ခက်ခဲသွားတာကလည်း လူပေါင်း ၁၀ သန်းလောက် လျှပ်စစ်မီးမရနေတဲ့ အခြေအနေကို ပိုဆိုးစေတယ်လို့ သိရပါတယ်။

 

ကျူးဘားအစိုးရကတော့ စစ်အေးခေတ်ကာလနောက်ပိုင်း အမေရိကန်ရဲ့ ဒဏ်ခတ်ပိတ်ဆို့အရေးယူမှုနဲ့ သမ္မတဟောင်းဒေါ်နယ်ထရန့် လက်ထက်က ချမှတ်ခဲ့တဲ့ ဒဏ်ခတ်ပိတ်ဆို့မှုအသစ်တွေကြောင့် လောင်စာဆီနဲ့ သူတို့ရဲ့ ရေနံသုံးဓာတ်အားပေး စက်ရုံတွေအတွက် အရန်ပစ္စည်းတွေ ရရှိဖို့ ခက်ခဲလာတာလို့ စွပ်စွဲပြောဆိုနေခဲ့တာပါ။

 

ဒါ့အပြင် ကျူးဘားရဲ့ အဓိကလောင်စာဆီတင်သွင်းသူဖြစ်တဲ့ ဗင်နီဇွဲလားနိုင်ငံကလည်း တင်ပို့မှုကို လျှော့ချခဲ့ပါတယ်။ ဒီနှစ် ပထမ ၉ လအတွင်းမှာ ကျူးဘားကို တစ်နေ့ကို ပျမ်းမျှ စည်ပေါင်း ၃၂,၆၀၀ သာ တင်ပို့နိုင်ခဲ့ပြီး၊ ဒီပမာဏဟာ ၂၀၂၃ ခုနှစ် အလားတူကာလမှာ တင်ပို့ခဲ့တဲ့ ပမာဏရဲ့ ထက်ဝက်လောက်ပဲ ရှိပါတယ်။ ရုရှားနဲ့ မက္ကဆီကိုနိုင်ငံတွေကလည်း ကျူးဘားကို လောင်စာဆီတင်ပို့မှုကို သိသိသာသာ လျှော့ချခဲ့ပါတယ်။

 

ဒါပေမဲ့ အစိုးရတာဝန်ရှိသူတွေကတော့ လာမယ့်ရက်တွေမှာ ရာသီဥတု ပိုကောင်းလာပြီး လက်ရှိရောက်ထားတဲ့ လောင်စာဆီတွေကို နိုင်ငံတဝန်း ဖြန့်ဖြူးပေးနိုင်ပြီးရင်တော့ လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှု တိုးမြှင့်လာဖို့ မျှော်လင့်ထားတယ်လို့ ဆိုပါတယ်။