ဗီယက်နမ်မှာ သေဒဏ်ချမှတ်ထားတဲ့ အိမ်ခြံမြေလုပ်ငန်းရှင်ကို ထောင်ဒဏ်တစ်သက် တစ်ကျွန်းထပ်မံချမှတ်

Author အဂ္ဂ
Categories
Published on Oct 18, 2024

ဗီယက်နမ်နိုင်ငံမှာ သေဒဏ်ချမှတ်ခံထားရတဲ့ အိမ်ခြံမြေလုပ်ငန်းရှင်တစ်ဦးကို နောက်ထပ်စွဲချက်တွေနဲ့ ထောင်ဒဏ်တစ်သက်တစ်ကျွန်း ယမန်နေ့ အောက်တိုဘာ ၁၇ ရက်နေ့မှာ ထပ်မံ ချမှတ်လိုက်တယ်လို့ နိုင်ငံတကာသတင်းဌာနတွေက ဖော်ပြကြပါတယ်။

 

အသက် ၆၈ နှစ်အရွယ် ထရွန်းမိုင်လန်းဆိုတဲ့ အိမ်ခြံမြေလုပ်ငန်းရှင်ကို ပိုင်ဆိုင်မှုတွေ လိမ်လည်သိမ်းယူမှု၊ ငွေကြေးခဝါချမှုနဲ့ နိုင်ငံတကာနယ်စပ်တွေကို တရားမဝင် ငွေကြေးသယ်ဆောင်ပေးမှုတွေကို ကျူးလွန်ကြောင်း ပြစ်မှုထင်ရှားခဲ့လို့ အခုလို ပြစ်ဒဏ်ချမှတ်ခဲ့တာလို့လည်း သိရပါတယ်။

 

မစ္စလန်းဟာ “ဒီအမှုမှာ အမြင့်ဆုံး တာဝန်ယူမှုရှိရပါမယ်” လို့ တရားသူကြီးက အမိန့်ချမှတ်စဉ်မှာ ပြောကြားခဲ့ပါတယ်။

 

သူ(မ) အပါအဝင် ကြံရာပါ ၃၃ ဦးဟာ နိုင်ငံတကာနယ်စပ်တွေကို အမေရိကန်ဒေါ်လာ ၄ ဒသမ ၅ ဘီလီယံ သယ်ဆောင်မှု၊ ဆိုင်ဂုံကူးသန်းရောင်းဝယ်ရေး ဘဏ်ကနေ (တရားမဝင်ရယူထားတဲ့ ပိုင်ဆိုင်မှု) ဗီယက်နမ် ငွေ ဒေါင် ၄၄၆ ထရီလီယံကို ငွေကြေးခဝါချမှုနဲ့ စာချုပ်စာတမ်းတွေသုံးပြီး ရင်းနှီးမြှုပ်နှံသူတွေဆီကနေ ဒေါင် ၃၀ ထရီလီယံခန့် အလွဲသုံးစားလုပ်မှုတွေနဲ့ ပြစ်မှုထင်ရှားကြောင်း တွေ့ရှိခဲ့တာလည်း ဖြစ်ပါတယ်။

 

မစ္စလန်းကတော့ စွဲချက်တချို့ကို ငြင်းဆိုထားပြီး အယူခံ ဝင်၊ မဝင်ကိုတော့ မသိရှိသေးပါဘူး။ သူ့ဘဝဟာ ဒီလိုပုံစံနဲ့ အဆုံးသတ်မယ်လို့ မထင်ထားပေမဲ့ တာဝန်ယူဖို့ အသင့်ရှိပါတယ်လို့ ရုံးတော်ကို ပြောဆိုခဲ့တယ်လို့လည်း သိရပါတယ်။ ဒါပေမဲ့ တူမဖြစ်သူနဲ့ ယာဉ်မောင်းတို့အပါအဝင် အခြားတရားခံတွေကို ပြစ်ဒဏ်လျှော့ပေါ့ပေးဖို့ တောင်းဆိုခဲ့ပြီး သူတို့ဟာ ဝန်ထမ်းအနေနဲ့ တာဝန်ထမ်းဆောင်ခဲ့တာသာ ဖြစ်တယ်လို့ ဆိုခဲ့ပါတယ်။

 

သူ (မ) ဟာ ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီကနေ ၂၀၂၂ အောက်တိုဘာလအထိ SCB လို့ လူသိများတဲ့ ဆိုင်ဂုံကူးသန်းရောင်းဝယ်ရေးဘဏ်ကနေ အမေရိကန် ဒေါ်လာ ၂ ဒသမ ၃ သန်းကို အလွဲသုံးစားလုပ်ခဲ့ပြီး ဗီယက်နမ်နိုင်ငံရဲ့ အကြီးမားဆုံး လိမ်လည်မှုမှာ ပါဝင်ခဲ့တာကြောင့် ပြီးခဲ့တဲ့ ဧပြီလမှာ သေဒဏ်ချမှတ် ခံထားရပါသေးတယ်။ သေဒဏ်ချမှတ်မှုကို အယူခံဝင်ထားပြီး သူ့ရှေ့နေကတော့ အယူခံကြားနာမှုအတွက် ရက်သတ်မှတ်ထားတာတွေ မရှိသေးဘူးလို့ ဆိုထားပါတယ်။

 

နိုင်ငံတော်ဘဏ်ရဲ့ အထောက်အပံ့နဲ့ လည်ပတ်နေတဲ့ SCB ဘဏ်ဟာ အခုလိုမျိုး ငွေကြေးခဝါချမှုတွေ လုပ်ဆောင်နိုင်လို့ နိုင်ငံရဲ့ ငွေကြေးကြီးကြပ်မှု ဘယ်လောက်အထိ အားနည်းနေပြီလဲဆိုတာ ပြသရာရောက်တယ်လို့ ငွေကြေးပိုင်းဆိုင်ရာ အကဲဖြတ်သတ်မှတ်ပေးတဲ့ Fitch Ratings အဖွဲ့က မေလအစီရင်ခံစာထဲမှာ ဖော်ပြထားပါတယ်။ လက်ရှိမှာတော့ SCB ကို နိုင်ငံတော်ရဲ့ အထူးစောင့်ကြည့်မှုအောက်မှာ ထားရှိထားတယ်လို့ သိရပါတယ်။

 

ဒါ့အပြင် အစိုးရဘဏ်စနစ်ရဲ့ အရာရှိ ၁၇ ဦးဟာ SCB ရဲ့ ဥပဒေချိုးဖောက်မှုတွေကို ဖုံးကွယ်ထားပေးဖို့ လာဘ်ပေးလာဘ်ယူမှု ပြုလုပ်ခဲ့တာ တွေ့ရှိခဲ့တာကြောင့် အပြစ်ပေးအရေးယူခဲ့တယ်လို့ သိရပါတယ်။ အဲဒီအရေးယူမှုတွေထဲမှာ နိုင်ငံတော်ဘဏ်ရဲ့ စီးပွားရေးနဲ့ ကြီးကြပ်ရေးဌာနခွဲရဲ့ အကြီးအကဲဟောင်း ဒိုသီနန်းက အမေရိကန်ဒေါ်လာ ၅ ဒသမ ၂ သန်းအထိ လာဘ်ယူခဲ့တာကြောင့် သူ(မ)ကိုလည်း ထောင်ဒဏ်တစ်သက်ချမှတ်ခဲ့ပါတယ်။

 

ဗီယက်နမ်နိုင်ငံမှာ အာဏာရကွန်မြူနစ်ပါတီဟာ “ချစ်ချစ်တောက်ပူနေတဲ့ မီးပြင်းဖို” လှုပ်ရှားမှုလို့ အမည်ပေးထားတဲ့ အဂတိလိုက်စားမှုတိုက်ဖျက်ရေး အလေးထား ဆောင်ရွက်နေတာဖြစ်ပြီး မစ္စလန်းရဲ့ အမှုကတော့ ပြစ်ဒဏ်တွေ ပြင်းထန်လွန်းတာကြောင့် နိုင်ငံတကာရဲ့ အာရုံစိုက်မှုကို ခံနေရတာဖြစ်ပါတယ်။

 

ဒီလှုပ်ရှားမှုဟာ ကွယ်လွန်သွားပြီဖြစ်တဲ့ ကွန်မြူနစ်ပါတီအထွေထွေ အတွင်းရေးမှူး ငုယင်ဖူထရွန်းက စတင်ခဲ့တာဖြစ်ပြီး သူ့နေရာ ဆက်ခံတဲ့ လက်ရှိသမ္မတ မစ္စတာတိုလမ်ကလည်း လူ့အဖွဲ့အစည်းရဲ့ ကဏ္ဍအားလုံးကို ထိထိရောက်ရောက်လုပ်ဆောင်နေတဲ့ ဒီလှုပ်ရှားမှုကို ခိုင်ခိုင်မာမာ ဆက်ပြီး လုပ်ဆောင်သွားမယ်လို့ ပြောဆိုထားပါတယ်။

 

“ချစ်ချစ်တောက်ပူနေတဲ့ မီးပြင်းဖို” လှုပ်ရှားမှုကြောင့် နိုင်ငံရဲ့ အဆင့်မြင့်အစိုးရ အရာရှိကြီးတွေ ရာထူးက နုတ်ထွက်ရတာတွေရှိသလို စီးပွားရေး လုပ်ငန်းရှင်ကြီးတွေကိုလည်း ထောင်သွင်းအကျဉ်းချတဲ့အထိ ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်နေတာကိုလည်း တွေ့ရပါတယ်။

 

ဓာတ်ပုံ – Bloomberg

ကိုးကား-  Bloomberg