ရေသံသရာစက်ဝန်း ပျက်ယွင်းလာတာကြောင့် ဆာဟာရသဲကန္တရမှာ ရေကြီး

Author အဂ္ဂ
Categories
Published on Oct 16, 2024

လူသားတွေကြောင့် ဖြစ်လာတဲ့ ကမ္ဘာကြီးပူနွေးလာမှုနဲ့ ရာသီဥတု ပြောင်းလဲမှုတွေဟာ ရေသံသရာစက်ဝန်းကို ပျက်ယွင်းစေပြီး ဆာဟာရသဲကန္တာရရဲ့ အစိတ်အပိုင်းတချို့မှာ ရေကြီးရေလျှံမှုတွေ ဖြစ်ခဲ့တယ်လို့ နိုင်ငံတကာသတင်းဌာနတွေက ဖော်ပြကြပါတယ်။

 

ပြီးခဲ့တဲ့ စက်တင်ဘာလအတွင်း ဆာဟာရသဲကန္တာရမှာ မိုးသည်းထန်စွာ ရွာသွန်းခဲ့တာကြောင့် ဆယ်စုနှစ်များစွာအတွင်း ပထမဆုံးအကြိမ်အဖြစ် ရေကြီးရေလျှံမှုတွေ ဖြစ်ခဲ့တယ်လို့ သိရပါတယ်။

 

ဆာဟာရသဲကန္တာမှာ မိုးရွာလေ့ရှိပေမဲ့ အများအားဖြင့်တော့ နွေရာသီ နှောင်းပိုင်းကာလတွေမှာ တစ်နှစ်ကို မိုးရေချိန်လက်မ အနည်းငယ်လောက်ပဲ ရွာသွန်းလေ့ရှိပါတယ်။ ဒါပေမဲ့ စက်တင်ဘာလအတွင်းမှာ ဆာဟာရအနောက်မြောက်ဒေသကို ဖြတ်ကျော် ဝင်ရောက်လာတဲ့ လေဖိအားနည်း ရပ်ဝန်းကြောင့် မော်ရိုကိုနိုင်ငံ၊  အရှေ့တောင်ပိုင်းက ဒေသတချို့မှာ နှစ်ရက်ကျော်ကြာ မိုးရွာသွန်းခဲပြီး မိုးရေချိန် ရှစ်လက်မနီးပါးအထိ ရွာသွန်းခဲ့တာကို နာဆာရဲ့ မိုးလေဝသ အချက်အလက်တွေမှာ တွေ့ရပါတယ်။

 

မော်ရိုကိုနိုင်ငံ၊ အရှေ့တောင်ပိုင်း သဲကန္တာရမြို့ဖြစ်တဲ့ အာရာချီဒီယာမြို့မှာ စက်တင်ဘာလအတွင်း နှစ်ရက်တာကာလ မိုးရေချိန် ၃ လက်မနီးပါး ရွာသွန်းခဲ့ပါတယ်။ ဒီပမာဏဟာ စက်တင်ဘာလ တစ်လလုံးအတွက် ပုံမှန်မိုးရေချိန်ရဲ့  ၄ ဆခန့်ရှိပြီး ဒေသတွင်း တစ်နှစ်စာမိုးရေချိန်ရဲ့ ထက်ဝက်ကျော် ပမာဏအထိ ရွာသွန်းခဲ့တာလည်း ဖြစ်ပါတယ်။

“အချိန်တိုလေးအတွင်းမှာ အခုလောက်ထိ မိုးရွာတာမျိုး မကြုံရတာ နှစ် ၃၀ ကနေ  ၅၀ လောက်ရှိပါပြီ”လို့ မော်ရိုကို မိုးလေဝသဌာနက ဟူစိန်ယူအာဘတ်ဘ်က ပြီးခဲ့တဲ့ အပတ်အတွင်းမှာ AP သတင်းဌာနကို ပြောပါတယ်။

 

ပြီးခဲ့တဲ့ လအတွင်း မိုးသည်းထန်စွာ ရွာသွန်းမှုဟာ လူဦးရေနည်းပါးတဲ့ ဝေးလံခေါင်သီဒေသတွေအပြင် မော်ရိုကို မြို့နဲ့ ကျေးရွာတချို့မှာပါ ရွာသွန်းခဲ့တာကြောင့် ရေကြီးရေလျှံမှုဖြစ်ပွားခဲ့ပြီး လူတစ်ဒါဇင်ကျော် သေဆုံးခဲ့ပါသေးတယ်။

 

မိုးရွာသွန်းမှုကြောင့် သဲတောင်ကုန်းတွေကြားမှာ ရေကန်တွေ ဖြစ်ပေါ်ခဲ့ရသလို မော်ရိုကိုနိုင်ငံက အကြီးဆုံးအမျိုးသား ဥယျာဉ်ဖြစ်တဲ့ အီရီကွီအမျိုးသားဥယျာဉ်အတွင်းမှာ ပုံမှန်အားဖြင့် ခြောက်သွေ့နေတတ်တဲ့ ရေကန်တွေတောင် ရေတွေ ပြည့်လျှံခဲ့ပါတယ်။

 

သဲကန္တရလို နေရာမျိုးမှာ အခုလိုမျိုး မိုးသည်းထန်စွာ ရွာသွန်းလာတာဟာ လူသားတွေကြောင့် ဖြစ်တဲ့ ရာသီဥတုပြောင်းလဲမှုတွေနဲ့ ဆက်စပ်နေပြီး မကြာသေးခင်က ပြုလုပ်ထားတဲ့ သုတေသနတွေမှာလည်း ရုပ်ကြွင်းလောင်စာ ညစ်ညမ်းမှုတွေကြောင့် ကမ္ဘာကြီးပူနွေးလာတာ၊ ရာသီဥတု ပြောင်းလဲလာတာတွေကြောင့် ဆာဟာရဒေသမှာ ပိုမိုပြင်းထန်တဲ့ မိုးရွာသွန်းမှုတွေ ဖြစ်လာနိုင်တယ်လို့ ဆိုထားပါတယ်။

 

ဓာတ်ပုံ- AP

ကိုးကား- CNN