ဟင်္သာတမြို့ မြို့လယ်အဝိုင်းတွင် ဆိုင်ကယ်ဖမ်းရန်စောင့်ဆိုင်းနေသည့် စစ်ကောင်စီအဖွဲ့အတွင်း ဗုံးပေါက်ကွဲပြီး ယာဉ်ထိန်းရဲသုံးဦးဒဏ်ရာရ

Author မွန်လေး
Categories
Published on Oct 13, 2022

ဟင်္သာတမြို့ မြို့လယ်အဝိုင်း ယာဉ်ထိန်းရုံးအနီး ဗုံးပေါက်မှုတစ်ခုဖြစ်ပွားခဲ့ပြီး စစ်ကောင်စီ လက်အောက်ခံ ယာဉ်ထိန်းရဲသုံးဦးဒဏ်ရာရရှိခဲ့ပြီး နှစ်ဦးသည် အပြင်းအထန်းဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

ယနေ့(အောက်တိုဘာ ၁၃ရက်) ညနေ ၄နာရီအချိန်တွင် ဧရာ၀တီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့ မြို့လယ်အဝိုင်း ရှေ့ ယာဉ်ထိန်းရုံးအနီး (ဟင်္သာတ ရုပ်အဝိုင်းနား)တွင် ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ထိခိုက်ဒဏ်ရာရရှိသူများကို ဟင်္သာတပြည်သူ့ဆေးရုံသို့ ပို့ဆောင်ခဲ့ကြောင်းသိရသည်။

“အဲ့နေရာက အဝိုင်းနားပေါ့ ပေါက်တာက သင်္ချိုင်းဘေးက ယာဉ်ထိန်းရုံးနားမှာ ပေါက်သွားတာ၊ ယာဉ်ထိန်းရဲ နှစ်ယောက် သေတယ်လို့ကြားတယ်၊ စစ်သားတွေနဲ့ ဆိုင်ကယ်ဖမ်းဖို့စောင့်နေချိန်မှာ ထပေါက်တာ သင်္ချိုင်းဘေးက ကာထားတဲ့ သွပ်ပြားတွေ ပွင့်ထွက်သွားတယ် အပင်က ကိုင်းတွေကျကျိုးကျပြီး အပေါ်က ဓာတ်ကြိုးတွေတောင် ပြတ်ထွက်ကုန်တယ် အတော်ကိုပြင်းတာ”ဟု ဒေသခံတစ်ဦးကပြောကြားသည်။

အဆိုပါ ပေါက်ကွဲမှုအား မည်သည့် အဖွဲ့ကလုပ်ဆောင်သည်ကို သိရှိရခြင်းမရှိသေးဘဲ ဗုံးပေါက်မှုကြောင့် သုံးဦးထိခိုက်ကာ၊ ယာဉ်ထိန်းရဲနှစ်ဦးသေဆုံးခဲ့ခြင်းဖြစ်ကြောင်း CJ Platform က ကနဦးရရှိသည့် သတင်းများအချက်အလက်များအရ သိရှိရသော်လည်း အတည်မပြုနိုင်သေးပေ။

ပေါက်ကွဲမှုဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်သားများသည် လမ်းသွားလမ်းလားများအား စစ်ဆေးမှုများပြုလုပ်နေကြောင်းသိရသည်။