ထိုင်းက ကျောင်းကားမီးလောင်မှုမှာ နစ်နာသူတွေကို ထောက်ပံ့ငွေထပ်ပေးဖို့ အရှိန်တိုးမြှင့်လုပ်ဆောင်နေ အမှတ်တရ ဘောလုံးကွင်း ဆောက်ပေးမယ်

Author အဂ္ဂ
Categories
Published on Oct 14, 2024

ထိုင်းနိုင်ငံ ပထုန်ဌာနီမှာ အောက်တိုဘာလဆန်းပိုင်းကဖြစ်ပွားခဲ့တဲ့ ကျောင်းကားမီးလောင်မှုအတွင်း ထိခိုက်နစ်နာခဲ့ရသူတွေကို ထောက်ပံ့ငွေ ထပ်ပေးနိုင်ဖို့ အရှိန်တိုးမြှင့်လုပ်ဆောင်နေတယ်လို့ ပညာရေးအာဏာပိုင်တွေရဲ့ ပြောဆိုချက်ကို ကိုးကားပြီး ဒေသတွင်း သတင်းဌာနတွေက ဖော်ပြကြပါတယ်။

 

ပြီးခဲ့တဲ့ အောက်တိုဘာ ၁ ရက်နေ့မှာဖြစ်ပွားခဲ့တဲ့ အဲဒီဖြစ်ရပ်မှာ ကျောင်းသား ၂၀ ဦးနဲ့ ဆရာမ သုံးဦးသေဆုံးခဲ့သလို နောက်ထပ်ကျောင်းသား ၁၉ ဦးနဲ့ ဆရာ/ဆရာမ လေးဦးတို့လည်း ဒဏ်ရာရရှိခဲ့ပါတယ်။ ကျောင်းသား သုံးဦးကတော့ မီးလောင်ဒဏ်ရာတွေနဲ့ လက်ရှိအချိန်အထိ ဆေးကုသမှုခံယူနေရဆဲဖြစ်ပါတယ်။

 

“အခြေခံပညာရေးကော်မရှင်ရုံး(OBEC)က ထိခိုက်နစ်နာသူတွေကို ကူညီထောက်ပံ့နေတာတွေကို  အနီးကပ်စောင့်ကြည့်နေပါတယ်” လို့ OBEC ရဲ့ အတွင်းရေးမှူးချုပ် မစ္စတာ သာနုဝန်ဂျင်ဒါက ပြောပါတယ်။

 

OBEC ကနေ မတော်တဆမှုမှာ သေဆုံးခဲ့ရတဲ့ ဆရာမ သုံးဦးကို တော်ဝင်ဘွဲ့တံဆိပ်ချီးမြှင့်ဖို့နဲ့ လက်ရှိလစာထက် ခုနစ်ဆင့်တိုးမြှင့်ပေးဖို့ ဆောင်ရွက်နေတယ်လို့လည်း သူက ဆက်ပြောပါတယ်။

 

ဒါ့အပြင် သူမတို့ရဲ့‌ အူထိုင်းဌာနီက ကျောင်းမှာလည်း သေဆုံးခဲ့သူတွေအတွက် အမှတ်တရဘောလုံးကွင်းတည်ဆောက်ပေးဖို့စီစဉ်နေပြီး လတ်တလော ဒီဇိုင်းဆွဲနေသလို ရံပုံငွေ ခွဲဝေသတ်မှတ်တဲ့အဆင့်ထိရောက်နေပြီလို့လည်း သိရပါတယ်။

 

လက်ရှိ ကဏ္ဍအသီးသီးက ရရှိထားတဲ့ ရံပုံငွေ ဘတ် ၅၆ သန်းကို သေဆုံးခဲ့ရတဲ့ ကျောင်းသားတစ်ဦးချင်းရဲ့ မိသားစုတစ်စုစီကို ဘတ် ၂ ဒသမ ၄ သန်း၊ ဆရာမ သုံးဦးရဲ့ မိသားစုဝင်တွေကို ဘတ် ၂ ဒသမ ၃ သန်းစီ၊ ဒဏ်ရာပြင်းထန်တဲ့ ကျောင်းသားတွေကို ဘတ် ၃၉၉,၅၀၀ စီ၊ ဒဏ်ရာရကျောင်းသားတွေကိုတော့ ဘတ် ၂၉၉,၅၀၀ စီနဲ့ ဒဏ်ရာရရှိတဲ့ ဆရာ/ဆရာမတွေကို ဘတ် ၁၀,၀၀၀ စီခွဲဝေပေးခဲ့ပြီးပြီလို့လည်း သိရပါတယ်။

 

နောက်ထပ်ရရှိထားတဲ့ အလှူငွေ ဘတ် ၃ ဒသမ ၇ သန်းကိုလည်း ထပ်မံခွဲဝေထောက်ပံ့ဖို့စီစဉ်နေပြီး ဒဏ်ရာပြင်းထန်တဲ့ ကျောင်းသားတွေကို ဘတ် ၆၀၀,၀၀၀ စီ၊ ဒဏ်ရာရ ကျောင်းသားတစ်ဦးကို ဘတ် ၃၀၀,၀၀၀ ၊ ဒဏ်ရာရ ဆရာမတစ်ဦးကို ဘတ် ၁၀၀,၀၀၀ နဲ့ သေဆုံးခဲ့ရသူ ၂၃ ဦးရဲ့ မိသားစုဝင်တွေကို ဘတ် ၉၀,၀၀၀ စီထောက်ပံ့သွားမှာဖြစ်တယ်လို့ မစ္စတာ သာနုက ပြောပါတယ်။

 

နိုင်ငံရေးတက်ကြွလှုပ်ရှားသူတစ်ဦးဖြစ်တဲ့ ဆွန်သီယာ ဆာဝပ်စ်ဒီးကတော့ ဖြစ်ခဲ့တဲ့ ကျောင်းကားမတော်တဆမှုအတွက် ပို့ဆောင်ရေးဝန်ကြီးဌာနနဲ့ အဲဒီဌာနလက်အောက်က ကုန်းလမ်းသယ်ယူပို့ဆောင်ရေးဌာနအပြင် ဘတ်စ်ကားလိုင်းကုမ္ပဏီတို့ကို ပေါ့လျော့မှုအတွက် စုံစမ်းစစ်ဆေးပေးဖို့ အမျိုးသားအဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မတီကို တိုင်ကြားထားပါတယ်။

 

ရဲတပ်ဖွဲ့ရဲ့စုံစမ်းစစ်ဆေးမှုအရ သက်တမ်း ၅၄ နှစ်ရှိပြီဖြစ်တဲ့ အဲဒီကားဟာ လောင်စာဆီသုံးကားကို စံချိန်စံညွှန်းမပြည့်မီတဲ့ ဓာတ်ငွေ့သုံးကားအဖြစ် ပြောင်းလဲထားတာကို စုံစမ်းတွေ့ရှိထားပါတယ်။

 

ဓာတ်ပုံ- Pongpat Wangyala

 

ပုံစာ – ဘတ်စ်ကားမီးလောင်မှုဖြစ်ပွားခဲ့ရာနေရာအနီးမှာ နွားနို့ဘူးတွေ လာရောက်ထားရှိထားတာကို အောက်တိုဘာလ ၂ ရက်နေ့က တွေ့ရစဉ်

 

ကိုးကား – Bangkok Post