သမိုင်းတလျှောက် အပြင်းဆုံးဖြစ်မယ်လို့ခန့်မှန်းထားတဲ့ အမေရိကမှာတိုက်နေတဲ့ မုန်တိုင်းမီလ်တန် အားပျော့လာ

Author အဂ္ဂ
Categories
Published on Oct 10, 2024

သမိုင်းတလျှောက် အမေရိကန်ပြည်ထောင်စုမှာ အပြင်းဆုံးတိုက်ခတ်မယ်လို့ခန့်မှန်းထားတဲ့ ဟာရီကိန်းမုန်တိုင်းမီလ်တန်ဟာ ဖလော်ရီဒါပြည်နယ် အလယ်ပိုင်းအထိ ဝင်ရောက်တိုက်ခတ်ပြီးနောက် တဖြည်းဖြည်း အားပျော့လာတယ်လို့ နိုင်ငံတကာသတင်းဌာနတွေရဲ့‌ ဖော်ပြချက်အရ သိရပါတယ်။

 

ဟာရီကိန်းမီလ်တန်ဟာ ဖလော်ရီဒါအလယ်ပိုင်းကို ပြည်နယ်ရဲ့အနောက်ဘက် ကမ်းရိုးတန်းဘက်ကနေ ကုန်းတွင်းပိုင်းကို ယမန်နေ့ အောက်တိုဘာ ၉ ရက်နေ့မှာ ဒေသစံတော်ချိန် ည ၈ နာရီခွဲ ဝန်းကျင်မှာ စတင်ဝင်ရောက်ခဲ့တာဖြစ်ပါတယ်။

အဲဒီမုန်တိုင်းကို Category 3 အဆင့် သတ်မှတ်ထားပြီး ဆီစတာကီကမ်းခြေအနီးမှာ ပြင်းအား တစ်နာရီကို မိုင် ၁၂၀(၁၉၅ ကီလိုမီတာ)နှုန်းနဲ့ တိုက်ခတ်ခဲ့တာလို့ အမေရိကန်ပြည်ထောင်စုရဲ့ အမျိုးသား ဟာရီကိန်းစင်တာက ထုတ်ပြန်ပါတယ်။

(မုန်တိုင်းပြင်းအားကို Category ၁ ကနေ ၅ အထိ သတ်မှတ်လေ့ရှိပြီး ပြင်းအားအလိုက် အားအနည်းဆုံး ၁ ကနေ ၅ အထိ အဆင့်ဆင့်သတ်မှတ်ကြပါတယ်။ Category များလေ ပြင်းအား ပြင်းထန်လေဖြစ်ပြီး ထိခိုက်ပျက်စီးမှုပိုများနိုင်လေပဲဖြစ်ပါတယ်။)

 

ဒီကနေ့ မနက်ပိုင်းမှာတော့ မုန်တိုင်းရဲ့ လေတိုက်နှုန်းဟာ Category 1 အဆင့်ဖြစ်တဲ့ တစ်နာရီကို မိုင် ၉၀(၁၅၀ ကီလိုမီတာ)အထိ လျော့ကျသွားပြီဖြစ်ပါတယ်။ ဒါပေမဲ့ မုန်တိုင်းကြောင့် မိုးတွေသည်းထန်စွာ ရွာနေသလို လှိုင်းလုံးကြီးတွေလည်း ကမ်းခြေကို ဝင်ရောက်ရိုက်ခတ်နေဆဲဖြစ်ပါတယ်။

 

ဟာရီကိန်းမုန်တိုင်းဟာ လက်ရှိမှာ နာဆာအာကာသစခန်းတည်ရှိရာ ကာနာဗာရယ်အငူရဲ့ အနောက်တောင်ဘက် ၄၅ မိုင် (၇၅ ကီလိုမီတာ) အကွာမှာ တိုက်ခတ်နေတယ်လို့ သိရပါတယ်။

တမ်ပါမြို့၊ စိန့်ပီတာစဘတ်မြို့နဲ့ ကလီးယားဝါးတားမြို့တွေအပါအဝင် တမ်ပါပင်လယ်အော် ဒေသအတွက် အရေးပေါ်အခြေအနေတစ်ရပ်အဖြစ် ဟာရီကိန်းစင်တာဘက်က ကြေညာခဲ့ပြီး စိန့်ပီတာစဘတ်မြို့မှာ မိုးရေချိန် ၁၆ ဒသမ ၆ လက်မ (၄၂၂ မီလီမီတာ)အထိ ရွာသွန်းခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

 

ဟာရီကိန်းမီလ်တန်ဟာ ခရိုင်အများအပြားမှာ လေဆင်နှာမောင်း ၁၉ ခုထက်မနည်း ဖြစ်ပေါ်စေခဲ့ပြီး နေအိမ် ၁၂၅ လုံးကျော် ထိခိုက်ပျက်စီးခဲ့ရတယ်လို့ သိရပါတယ်။ ပျက်စီးနေအိမ်အများစုဟာ ရွေ့လျားနိုင်တဲ့ နေအိမ်တွေ ဖြစ်တယ်လို့လည်း ဆိုပါတယ်။

 

PowerOutage.us ရဲ့ အချက်အလက်တွေအရ မုန်တိုင်းကြောင့် ဖလော်ရီဒါက နေအိမ်နဲ့ လုပ်ငန်းပေါင်း နှစ်သန်းကျော်ဟာ လျှပ်စီးမီးပြတ်တောက်နေတယ်လို့ သိရပါတယ်။

 

မုန်တိုင်းကြောင့် ဖလော်ရီဒါပြည်နယ် အရှေ့ဘက်ကမ်းရိုးတန်းက ဖော့်ဒ်ပီးယားစ်မြို့က လူနှစ်ဦးထက် မနည်းသေဆုံးခဲ့တယ်လို့ NBC သတင်းဌာနက ဖော်ပြပါတယ်။ သေဆုံးမှုနဲ့ ပတ်သက်တဲ့ နောက်ထပ်အသေးစိတ် အချက်အလက်တွေကိုတော့ ထပ်မသိရသေးဘူးလို့လည်း ဆိုပါတယ်။

 

မုန်တိုင်းဟာ ဒီကနေ့မှာပဲ ဟာရီကိန်းမုန်တိုင်းရဲ့ ပြင်းအားနဲ့ ဖလော်ရီဒါကျွန်းဆွယ်ကို ညတွင်းချင်း ဖြတ်ကျော်သွားပြီး အတ္တလန္တိတ် သမုဒ္ဒရာထဲကို ဝင်ရောက်ပြီး တဖြည်းဖြည်း အားပျော့သွားမယ်လို့ ဟာရီကိန်းစင်တာက ခန့်မှန်းထားပါတယ်။

 

ပြီးခဲ့တဲ့ နှစ်ပတ်လောက်ကလည်း ဟာရီကိန်းဟယ်လင် ဒဏ်ခံထားရတဲ့ ဖလော်ရီဒါပြည်နယ်မှာ လူနှစ်သန်းကျော် ဘေးလွတ်ရာရွှေ့ပြောင်းခဲ့ရသလို အများစုကလည်း မုန်တိုင်းတိုက်ခတ်ရာ လမ်းကြောင်းပေါ်မှာ ရှိနေဆဲဖြစ်ပါတယ်။

 

အရင် မုန်တိုင်း ဟယ်လင်နဲ့ လက်ရှိမုန်တိုင်း မီလ်တန်တို့ကြောင့် ဖလော်ရီဒါပြည်နယ်အပါအဝင် ပြည်နယ်တချို့မှာ ဒေါ်လာဘီလျံ ရာနဲ့ချီပြီး ပျက်စီးနိုင်တယ်လို့လည်း ခန့်မှန်းကြပါတယ်။

 

မုန်တိုင်းရဲ့ ကနဦးသက်ရောက်မှုတွေအကြောင်းကိုလည်း အရေးပေါ်ကိစ္စတာဝန်ရှိသူတွေက သမ္မတဂျိုးဘိုင်ဒင်ဆီကို အစီရင်ခံစာတင်ပြထားတယ်လို့လည်း အိမ်ဖြူတော်ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

 

ဓာတ်ပုံ – Reuters

 

ကိုးကား – Reuters