အာဆီယံထိပ်သီးအစည်းအဝေးမှာ မြန်မာနဲ့ တောင်တရုတ်ပင်လယ်အရေး အဓိကဆွေးနွေးမယ်

Author အဂ္ဂ
Categories
Published on Oct 10, 2024

လာအိုနိုင်ငံ ဗီယန်ကျင်းမြို့မှာ အာဆီယံထိပ်သီးအစည်းအဝေးကို ယမန်နေ့ အောက်တိုဘာ ၉ ရက်နေ့ကစတင် ကျင်းပနေပြီး မြန်မာ့အရေးနဲ့ တောင်တရုတ်ပင်လယ်အငြင်းပွားမှုတို့ကို အဓိကထားဆွေးနွေးသွားမှာဖြစ်တယ်လို့ နိုင်ငံတကာသတင်းဌာနတွေရဲ့ ဖော်ပြချက်အရ သိရပါတယ်။

 

အဲဒီမှာ အာဆီယံအဖွဲ့ဝင် ဆယ်နိုင်ငံအပြင် တရုတ်၊ အမေရိကန်၊ ရုရှား၊ ဂျပန်၊ တောင်ကိုရီးယား၊ အိန္ဒိယ၊ သြစတြေးလျ စတဲ့နိုင်ငံတွေက ကိုယ်စားလှယ်တွေလည်း တက်ရောက်မှာဖြစ်တယ်လို့ သိရပါတယ်။

လာအိုဝန်ကြီးချုပ် ဆိုနက်ဆေး ဆစ်ဖန်ဒိုင်းရဲ့ အစည်းအဝေးအဖွင့်မိန့်ခွန်းအတွင်း “အာဆီယံနည်းလမ်းအတိုင်း ကျွန်တော်တို့ အချင်းချင်း ကူညီပြီး အတူတကွ လုပ်ဆောင်သွားမှာပါ” လို့ ပြောသွားပါတယ်။

 

ဒီအစည်းအဝေးကို မြန်မာနိုင်ငံကိုယ်စားလှယ်အနေနဲ့ နိုင်ငံခြားရေးဌာန အမြဲတန်းအတွင်းဝန် ဦးအောင်ကျော်မိုးကို စစ်ကောင်စီဘက်က စေလွှတ်ခဲ့ပါတယ်။ ဒါဟာ အာဆီယံက သူတို့ကျင်းပတဲ့ထိပ်သီးအစည်းအဝေးတွေကို မြန်မာနိုင်ငံဘက်က နိုင်ငံရေးနဲ့ဆက်စပ်တဲ့ ကိုယ်စားလှယ်စေလွှတ်ခြင်းမပြုဖို့ တားမြစ်ထားပြီးနောက် သုံးနှစ်အတွင်းမှာ အခုလိုမျိုး အဆင့်မြင့်ကိုယ်စားလှယ်တစ်ဦးကို စေလွတ်ခဲ့တာလည်း ဖြစ်ပါတယ်။

မြန်မာနိုင်ငံက အဆင့်မြင့်သံတမန်တစ်ဦးကို အစည်းအဝေးတက်ရောက်ခွင့်ပြုခြင်းဟာ “အာဆီယံအနေနဲ့ အလျှော့ပေးလိုက်သလို ဖြစ်နေပြီး ဒီအကျပ်အတည်းကို ကိုင်တွယ်ဖြေရှင်းတဲ့ ကိစ္စမှာ ခြေကုန်လက်ပန်းကျနေပြီဆိုတာအတည်ပြုသလိုဖြစ်နေတယ်” လို့ အင်ဒိုနီးရှားနိုင်ငံ မဟာဗျူဟာနဲ့ နိုင်ငံတကာလေ့လာရေးဌာနမှ လီနာ အလက်ဇန်ဒရာက မှတ်ချက်ပေးပါတယ်။

အာဏာသိမ်းစစ်ကောင်စီဟာ အာဆီယံက ချမှတ်ထားတဲ့ ဘုံသဘောတူညီချက် ငါးချက်ဖြစ်တဲ့ ငြိမ်းချမ်းရေးအစီအစဉ်ကို သဘောတူထားပေမဲ့ အခုအချိန်ထိ လက်တွေ့အကောင်အထည်ဖော်မှု မရှိသေးပါဘူး။ စစ်တပ်အာဏာသိမ်းပြီးနောက် စစ်ကောင်စီလက်ချက်ကြောင့် လူ ၆၀၀၀ ကျော် သေဆုံးခဲ့သလို သုံးသန်းကျော် နေရပ်စွန့်ခွာထွက်ပြေးခဲ့ကြရပါတယ်။

 

“အာဆီယံအနေနဲ့ မြန်မာနိုင်ငံရဲ့ အဖွဲ့အစည်းအသီးသီးကို စစ်ရေးနည်းလမ်းနဲ့ ဖြေရှင်းလို့ မရနိုင်ဘူးဆိုတဲ့ စုစည်းညီညွတ်တဲ့ သတင်းစကားကို ပို့သင့်ပါတယ်။ စကားပြောဆွေးနွေးဖို့ အချိန်တန်ပြီ ဖြစ်ပါတယ်” လို့ ထိုင်းဝန်ကြီးချုပ် ဖယ်ထောင်ထန်က အာဆီယံခေါင်းဆောင်များ အစည်းအဝေးမှာ ပြောကြားခဲ့ပါတယ်။

ထိုင်းနိုင်ငံအနေနဲ့လည်း ကူညီဖို့အဆင်သင့်ရှိပါတယ်လို့ ဆက်ပြောခဲ့သလို လာမယ့် ဒီဇင်ဘာလမှာ မြန်မာ့အရေးနဲ့ပတ်သက်ပြီး အလွတ်သဘော ဒေသတွင်း ဆွေးနွေးပွဲတစ်ခု လက်ခံကျင်းပဖို့ စီစဉ်နေတယ်လို့လည်း သိရပြီး ဘယ်သူတွေ တက်ရောက်မယ်ဆိုတာတော့ မသိရသေးပါဘူး။

 

နောက်ထပ်ဆွေးနွေးမယ့်အကြောင်းအရာကတော့ ဗီယက်နမ်၊ ဖိလစ်ပိုင်၊ မလေးရှား၊ ဘရူနိုင်း၊ ထိုင်ဝမ်တို့နဲ့ တရုတ်တို့ကြား ပိုင်ဆိုင်မှုအငြင်းပွားနေတဲ့ တောင်တရုတ်ပင်လယ်အရေးဖြစ်ပါတယ်။

မကြာသေးခင်က ဖိလစ်ပိုင်နဲ့ တရုတ်သင်္ဘောများ အကြိမ်ကြိမ် ထိပ်တိုက်တွေ့ခဲ့တာတွေရှိသလို ဗီယက်နမ်က သူတို့ရဲ့ငါးဖမ်းသမားတွေကို တရုတ်တပ်ဖွဲ့တွေက တိုက်ခိုက်ခဲ့တယ်လို့လည်း စွပ်စွဲထားပါတယ်။

 

အခုအစည်းအဝေးမှာ စီးပွားရေး၊ ရာသီဥတုပြောင်းလဲမှုနဲ့ စွမ်းအင်ကဏ္ဍတို့ကိုလည်း ဆွေးနွေးသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

အသက်ငယ်ဆုံး ထိုင်းဝန်ကြီးချုပ် ဖယ်ထောင်တန် ရှင်နာဝပ်ထရာ(အသက် ၃၈ နှစ်)အတွက် အခု အစည်းအဝေးဟာ ဝန်ကြီးချုပ်တာဝန်ယူပြီးကတည်းက ပထမဆုံးအကြိမ် တက်ရောက်တာဖြစ်သလို တက်ရောက်လာသူတွေထဲမှာ အသက်အငယ်ဆုံးလည်း ဖြစ်ပါတယ်။

 

ဒါ့အပြင် ဂျပန်ဝန်ကြီးချုပ် ရှီဂဲရု အီရှီဘာအတွက်လည်း ပထမဆုံး နိုင်ငံခြားခရီးစဉ်ဖြစ်ပြီး အမေရိကန် သမ္မတ ဘိုင်ဒင်ကိုယ်စား နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကန် တက်ရောက်မှာဖြစ်သလို တရုတ်နိုင်ငံဘက်ကလည်း ဝန်ကြီးချုပ် လီချန်းက ကိုယ်စားပြုတက်ရောက်မှာဖြစ်ပါတယ်။

 

ဒါ့အပြင် အင်ဒိုနီးရှားသမ္မတ ဂျိုကို ဝီဒိုဒိုလည်း အစည်းအဝေး မတက်ဘဲ ဒုသမ္မတ မာရွတ်အမင်ကိုသာ စေလွှတ်ခဲ့ပါတယ်။

 

ဓာတ်ပုံ- Reuters

 

ကိုးကား- Khaosod English, Reuters