တောင်ကုတ်ကို တစ်ပတ်အတွင်း စစ်ကောင်စီ ဗုံးငါးကြိမ်တိုက်ခိုက်လို့ ၂၁ ဦးထက်မနည်း သေဆုံးတဲ့အပြင် ၂၅ ဦး ဒဏ်ရာရ

Author သုတ
Categories
Published on Oct 09, 2024

အာရက္ခတပ်တော် AA ထိုးစစ်မဆင်သေးတဲ့ ရခိုင်ပြည်၊ တောင်ကုတ်မြို့နယ်ကို စစ်ကောင်စီက အောက်တိုဘာလ ၁ ရက်နေ့ကနေ ၇ ရက်နေ့အထိ တစ်ပတ်အတွင်း လေကြောင်းတိုက်ခိုက်မှု ငါးကြိမ်ပြုလုပ်ခဲ့ကာ ၂၁ ဦးထက်မနည်းသေဆုံးတဲ့အပြင် ၂၅ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ AA နဲ့ ဒေသခံတွေဆီကနေ သိရပါတယ်။

 

အောက်တိုဘာလ ၇ ရက်နေ့ ည ၁၁ နာရီကျော်မှာ တောင်ကုတ်မြို့နယ်၊ တန်းလွဲရွာမမြို့ရဲ့ အမှတ်(၄)ရပ်ကွက်ရှိ လူနေအိမ်တွေပေါ်ကို ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် သေဆုံးသူ ၁၆ ဦးအပြင် ထိခိုက်ဒဏ်ရာရရှိသူ အနည်းဆုံး ခုနစ်ဦးရှိတယ်လို့ အဲဒီဒေသခံတွေက ပြောပါတယ်။

 

ဒါဟာ လတ်တလောတွေ့ရှိထားတဲ့ ရုပ်အလောင်းအရေအတွက်သာဖြစ်ပြီး ပျောက်ဆုံးနေသူတချို့လည်း ရှိနေသေးတဲ့အတွက် သေဆုံးသူအရေအတွက်ကို တိတိကျကျပြောဖို့ခက်နေတယ်လို့ မြို့ခံတွေက CJ Platform သို့ ပြောပါတယ်။

 

“ရွာမရွာသစ်ဈေးလေးနားကိုကျတယ်။ ရွာသစ် ၂ လမ်းနဲ့ ရွာသစ် ၈ လမ်းကိုကျတယ်။ လူအသေတော်တော်များတယ်။ ၁၅ ယောက်ကတော့ ပွဲချင်းပြီးသေတယ်။ ည ၁၀ နာရီ ၁၁ မိနစ်လောက်မှာ စကြဲတာ” လို့ တန်းလွဲရွာမ မြို့ခံတစ်ဦးက ပြောပါတယ်။

 

ရှာတွေ့ထားတဲ့ သေဆုံးသူတွေကတော့ မောင်စွမ်းဆက်နိုင်(၆)နှစ်၊ ဦးကျော်မြသန်း(၇၀)နှစ်၊ ဦးခင်မောင်ဇင်(၆၁)နှစ်၊ ဦးအောင်ကျော်စိန်(၆၉)နှစ်၊ ဒေါ်မတင်ရီ(၆၁)၊ ဒေါ်ရွှေလာ(၅၇)နှစ်၊ ဦးမောင်မြင့်လွင်(၅၆)နှစ်၊ ဒေါ်ခင်ဆန်း(၅၂)နှစ်၊ ဦးခင်မောင်ရီ(၄၈)နှစ်၊ ဒေါ်မချစ်စု(၄၆)နှစ်၊ ဒေါ်ခင်ဌေးမြင့်(၄၂)နှစ်၊ ဦးမောင်ကြီး(၄၀)နှစ်၊ ဦးဆန်းဇော်ဌေး(၃၄)နှစ်နဲ့ နောက်ထပ်အတည်မပြုနိုင်သေးတဲ့ ဒေသခံသုံးဦးတို့ဖြစ်ပါတယ်။

 

ဒဏ်ရာရရှိသူတွေကတော့ ဦးသန့်လွင်(၆၃)နှစ်၊ ဦးသောင်းဝေ(၇၃)နှစ်၊ ဒေါ်ရွှေခဲ (၅၀)နှစ်၊ ဒေါ်ခင်မိုးလွင်(၅၁)နှစ်၊ ဒေါ်မိုးစိန်(၇၅)နှစ်နဲ့ ဦးအောင်မင်း(၂၆)နှစ်တို့ ပါဝင်ပြီး ကျန်ရှိနေသေးတဲ့ ဒဏ်ရာရစာရင်းတွေကိုတော့ CJ Platform က ဆက်လက်စုံစမ်းနေပါတယ်။

 

ဒီတိုက်ခိုက်ခံရမှုဟာ တန်းလွဲရွာမမြို့အတွက် ဒုတိယအကြိမ် တိုက်ခိုက်ခံရတာပဲဖြစ်ပါတယ်။

 

ပြီးခဲ့တဲ့ စက်တင်ဘာလ ၂၄ ရက်နေ့မှာလည်း တန်းလွဲရွာမမြို့ကို စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အရပ်သား နှစ်ဦး သေဆုံးကာ သုံးဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။

 

ဒါ့အပြင် အောက်တိုဘာလ ၄ ရက်နေ့မှာလည်း တောင်ကုတ်မြို့နယ်၊ ကင်းတောင်ရွာကို တစ်ရက်အတွင်း စစ်ကောင်စီက မနက်နဲ့ ညနေတို့မှာ ဗုံးနှစ်နှစ်ကြိမ် လာကြဲခဲ့တာကြောင့် ကလေးငယ်တွေအပါအဝင် ငါးဦးသေဆုံးခဲ့ပြီး နောက်ထပ် ၁၇ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။

 

ပြီးခဲ့တဲ့ အောက်တိုဘာလ ၂ ရက်နေ့က ခေါင်းလောင်းတူရွာကိုလည်း ဗုံးနှစ်ကြိမ် ကြဲချခဲ့တဲ့အတွက် လူငယ်တစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး နေအိမ်တချို့ပျက်စီးခဲ့ပါတယ်။

 

တောင်ကုတ်မြို့ကို စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်ချိန်တွေဟာ ညနက်ပိုင်း လူအိပ်ချိန် တွေဖြစ်တာကြောင့် ညရောက်မှာကို ကြောက်နေရပြီလို့ တောင်ကုတ်ဒေသခံတစ်ဦးက ပြောပါတယ်။

 

“အခုဆို ညလည်းကောင်းကောင်းအိပ်မပျော်တော့ဘူး။ လေယာဉ်သံကြားရင်ကို လန့်နိုးနေတာ။ ညဘက်တွေကိုပဲ ရွေးပြီး ဗုံးလာကြဲနေတာလေ။ အခုက မှောင်စပြုတာနဲ့ ညရောက်တော့မယ်ဆိုတဲ့အတွေးကြီးဝင်ပြီး စိတ်ပူနေရတာ” လို့ ၎င်းက ပြောပါတယ်။

 

စစ်ကောင်စီက တောင်ကုတ်မြို့နယ်အတွင်း ပြီးခဲ့တဲ့ ဇွန်လကတည်းက မကြာခဏဆိုသလို ဗုံးကြဲတိုက်ခိုက်မှုတွေ ပြုလုပ်နေခဲ့တာဖြစ်ပြီး အရပ်သား ထိခိုက်သေဆုံးမှု၊ နေအိမ်နဲ့ အဆောက်အအုံထိခိုက်ပျက်စီးမှုတွေ ဆက်တိုက်ဖြစ်ပေါ်ခဲ့ပါတယ်။

 

အောက်တိုဘာလပထမပတ်အတွင်းမှာတော့ ထိခိုက်သေဆုံးမှုအများဆုံးဖြစ်ခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

 

ဓာတ်ပုံ – ပေးပို့

 

ပုံစာ – အောက်တိုဘာ ၄ ရက်နေ့က စစ်ကောင်စီတပ်ရဲ့ ဗုံးကြဲခံရပြီးနောက် တောင်ကုတ်၊ ကင်းတောင်ရွာကို တွေ့မြင်ရစဉ်(ပုံဟောင်း)