ရခိုင်ရေတပ်က စခန်းစွန့်ခွာမှုနဲ့ ဒုဗိုလ်မှူးကြီးအပါအဝင် အယောက် ၂၀ ခန့် ဗိုလ်တထောင်ရေဌာနချုပ်မှာ ဖမ်းဆီးထိန်းသိမ်းထား

Published on Oct 07, 2024

မြန်မာ့ပထမဆုံး မောင်ရွှေလေးရေတပ်စခန်းလက်လွှတ်ထားရတဲ့ ရခိုင်ပြည်မှာ စခန်းစွန့်ခွာတယ်ဆိုပြီး ရေတပ်စခန်းတွေက ဒုဗိုလ်မှူးကြီးအပါအဝင် အယောက် ၂၀ ကို ရန်ကုန်မြို့၊ ဗိုလ်တထောင်မြို့နယ်၊ ဧရာဝတီရေတပ်စခန်းဌာနချုပ်(ဧရခ)မှာ ဖမ်းဆီးထိန်းသိမ်းထားတယ်လို့ CJ Platform ရဲ့ တပ်တွင်းသတင်းရင်းမြစ်ဆီကနေ သိရပါတယ်။

 

လတ်တလော CJ Platform အနေနဲ့ စုံစမ်းသိရှိရသလောက် ဒီထဲက တချို့ကိုတော့ သေဒဏ်       အပြစ်ပေးထားတာတွေလည်း ရှိတယ်လို့ ဆိုပါတယ်။

 

“ရေချုပ်ဟောင်း မိုးအောင် လာရောက်ညှိနှိုင်းမှုနဲ့ လျှော့ပေါ့ ပြစ်ဒဏ် ပြန်ပြင်ပေးထားတာတွေလည်း ရှိတယ်။ ဧရာဝတီရေတပ်စခန်း ဌာနချုပ်မှာလည်း တပ်တွင်း မကျေနပ်မှုတွေဖြစ်နေတယ်” လို့ တပ်တွင်းသတင်းရင်းမြစ်က ပြောပါတယ်။

 

စစ်ကောင်စီရေတပ်အနေနဲ့ ရခိုင်မှာဖြစ်တဲ့ တိုက်ပွဲတွေကြောင့် ပိုင်ဆိုင်ထားတဲ့ စစ်ဘက်သုံး သင်္ဘောတွေလည်း ဆုံးရှုံးမှုတွေရှိနေပါတယ်။ အခု ၂၀၂၄ ခုနှစ်အတွင်းမှာပဲ ရေတပ်က သင်္ဘော ခုနစ်စင်းခန့် ဆုံးရှုံးထားရတာပါ။

 

“ရေတပ်သင်္ဘောတွေလည်း ရခိုင်ဘက်ထွက်သွားရင် ပြန်လာရတဲ့ သင်္ဘောက မရှိသလောက်ဖြစ်နေလို့ သက်ဆိုင်တဲ့ မိသားစုတွေလည်း ဒုက္ခရောက်နေကြတယ်” လို့ အထက်ပါတပ်တွင်းသတင်းရင်းမြစ်က ဆက်ပြောပါတယ်။

 

ယမန်နေ့ အောက်တိုဘာလ ၆ ရက် မှာတော့ ကမ်းခြေစောင့်တပ် ၃ နှစ် ပြည့်ခဲ့ပြီး စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကိုယ်တိုင် တက်ရောက်ခဲ့ပါတယ်။

 

ရန်ကုန်တိုင်း သီလဝါ အမှတ် ၃ ရေတပ်ဆိပ်ခံတံတားမှာ ပြုလုပ်တဲ့ အဲဒီအခမ်းအနားမှာတော့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ကမ်းခြေစောင့်တပ်ဖွဲ့အနေနဲ့ အခုလို များပြားတဲ့ ရေကြောင်းဆိုင်ရာ တာဝန်တွေကို ထမ်းဆောင်နိုင်ရေးအတွက် နှစ်စဉ် တိုးချဲ့ ဖွဲ့စည်းပေးနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

 

ဆက်စပ်သတင်းအရ စစ်ခေါင်းဆောင် မင်းအောင်လှိုင်အနေနဲ့ အောက်တိုဘာ ၈ ရက်နဲ့ ၉ ရက်နေ့တွေမှာ နေပြည်တော်မှာပြုလုပ်မယ့် အာဆီယံရေတပ်ဦးစီးချုပ်များ အစည်းအဝေး(ASEAN Navy Chief’s Meeting -ANCM)ကို တက်ရောက်မှာဖြစ်တယ်လို့ ကနဦး စုံစမ်းသိရှိရပါတယ်။

 

ရခိုင်ပြည်၊ သံတွဲမြို့နယ်အတွင်းရှိ စစ်ကောင်စီတပ်ရဲ့ ဒေသအခေါ် မောင်ရွှေလေးရေတပ်စခန်း၊ ပင်မရေငုပ်နဲ့ ဆယ်ယူရေးတပ်စခန်းဌာနချုပ်(Central Naval Diving and Salvage Deport – CNDSD)ကို ဒီနှစ် စက်တင်ဘာလ ၅ ရက်နေ့မှာ အာရက္ခတပ်တော် AA က သမိုင်းတစ်လျှောက် ပထမဆုံးအဖြစ် သိမ်းပိုက်နိုင်ခဲ့ပါတယ်။

 

အဲဒီလို သိမ်းပိုက်မခံရမီ စစ်ကောင်စီ ရေတပ်မှာ ဒီနှစ်အတွင်း ရေတပ်ချုပ် သုံးဦးအထိ အပြောင်းအလဲဖြစ်ပေါ်ခဲ့ပါတယ်။

 

အာဏာသိမ်းပြီးနောက် ပထမဆုံးရေချုပ်အပြောင်းအလဲအနေနဲ့ ဗိုလ်ချုပ်ကြီး တင်အောင်စန်းနေရာမှာ DSA-၂၈ ဆင်း ဗိုလ်ချုပ်ကြီး မိုးအောင်ကို ပြောင်းလဲခန့်အပ်ခဲ့ပါတယ်။ ဦးအောင်သောင်းသားဟာ သုံးနှစ်ခန့်အကြာ ဒီနှစ် ဇန်နဝါရီ ၈ ရက်မှာ ရာထူးက ဖြုတ်ချခံခဲ့ရပါတယ်။ သူ့နေရာကို DSA အပတ်စဉ် ၃၀ ဆင်း ဗိုလ်ချုပ်ကြီး ဇွဲဝင်းမြင့်ကို ခန့်အပ်ခဲ့ပါတယ်။

 

ဒါပေမဲ့ ခြောက်လအကြာ ဇူလိုင်လအတွင်း ဗိုလ်ချုပ်ကြီး ဇွဲဝင်းမြင့် ရာထူးကနေ နုတ်ထွက်ခဲ့ပြီး သူ့နေရာကို ဒုဗိုလ်ချုပ်ကြီး ထိန်ဝင်းကို အစားထိုးထားပါတယ်။

 

ဓာတ်ပုံ – AA Info Desk