အစ္စရေးမှာ ဟားမက်စ်တိုက်ခိုက်မှု တစ်နှစ်ပြည့် အထိမ်းအမှတ်နေ့ ကျင်းပ

Author အဂ္ဂ
Categories
Published on Oct 07, 2024

အစ္စရေးနိုင်ငံမှာ လွန်ခဲ့တဲ့တစ်နှစ်က ဟားမက်စ်တပ်ဖွဲ့ရဲ့ ကြီးမားတဲ့တိုက်ခိုက်မှုကြောင့် စတင်ခဲ့တဲ့စစ်ပွဲ တစ်နှစ်ပြည့်အထိမ်းအမှတ်နေ့ကို ဒီကနေ့ အောက်တိုဘာ ၇ ရက်နေ့မှာ ကျင်းပခဲ့တယ်လို့ သိရပါတယ်။

ဂျေရုဆလင်မြို့နဲ့ အစ္စရေးတောင်ပိုင်းမှာ အခမ်းအနားတွေနဲ့ ဆန္ဒပြပွဲတွေကို ဒေသစံ တော်ချိန်မနက် ၆ နာရီ ၂၉ မိနစ်မှာ စတင်ခဲ့ပါတယ်။ အဲဒီအချိန်ဟာ မနှစ်က အောက်တိုဘာ ၇ ရက်နေ့မှာ ဟားမက်စ်တွေဦးဆောင်တဲ့ တပ်ဖွဲ့တွေက အစ္စရေးကို ဒုံးကျည်တွေနဲ့ စတင်ပစ်ခတ်တိုက်ခိုက်ခဲ့တဲ့ အချိန်လည်း ဖြစ်ပါတယ်။

အဲဒီတိုက်ခိုက်မှုတွေကြောင့် အစ္စရေးနိုင်ငံသား ၁၂၀၀ လောက် သေဆုံးခဲ့ပြီး ၂၅၀ လောက်ကိုလည်း ဟားမက်စ်တွေက ဂါဇာကို ဓားစာခံအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပါတယ်။

ဂျေရုဆလင်မြို့က ဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ညာဟုရဲ့ နေအိမ်အပြင်မှာ ဓားစာခံမိသားစုဝင်တွေနဲ့ လူ ၃၀၀ လောက်က သူတို့ချစ်ခင်ရသူတွေရဲ့ ဓာတ်ပုံတွေကိုင်ဆောင်ပြီး သေဆုံးသူတွေအတွက် တိတ်ဆိတ်စွာ ဂါရဝပြုခဲ့ကြပါတယ်။

ဓားစာခံတစ်ဦးရဲ့ သားမက်ဖြစ်သူက “ကျွန်တော်တို့ အခုထိ ၂၀၂၃ ခုနှစ် အောက်တိုဘာ ၇ ရက်နေ့မှာပဲ ရှိနေဆဲပါ။ ကြောက်ရွံ့မှုတွေ၊ ဒေါသတွေ၊ စိတ်ပျက်အားငယ်မှုတွေနဲ့ မကုန်ဆုံးနိုင်တဲ့ နေ့တစ်နေ့ထဲမှာ ဆက်ရှိနေဆဲပါပဲ”လို့ ပြောပါတယ်။

 

သမ္မတ အိုက်ဇက် ဟာဇော့က် ဦးဆောင်တဲ့ အထိမ်းအမှတ်အခမ်းအနားကိုတော့ လူပေါင်း ၃၆၀ ကျော် သေဆုံးခဲ့တဲ့ ရိမ်းမြို့က ဂီတပွဲတော်နေရာမှာ ကျင်းပခဲ့ပါတယ်။

“ဘယ်သူတွေက လူတွေကို ဖမ်းဆီး၊ သတ်ဖြတ်၊ မုဒိမ်းကျင့်တာနဲ့  အစုလိုက်အပြုံလိုက် သတ်ဖြတ်ခဲ့တယ်ဆိုတာကို ကျွန်တော်တို့ အမြဲသတိရနေမှာပါ။ ဒါပေမဲ့ တစ်ချိန်တည်းမှာပဲ ကျွန်တော်တို့ဟာ သာမန်ထက်လွန်ကဲတဲ့ ခံနိုင်ရည်စွမ်းအားကိုလည်း တွေ့မြင်ခဲ့ရပါတယ်။ ကျွန်တော်တို့မှာ အံ့ဩဖွယ်ကောင်းတဲ့ ပြည်သူတွေရှိပါတယ်။ ဒီနေ့မှာ ကျွန်တော်တို့ဟာ ပြည်သူတွေကို ပိုမိုအားကောင်းလာအောင် လုပ်ဆောင်နေသလို၊ စည်းလုံးညီညွတ်မှုအတွက်လည်း တိုက်တွန်းနှိုးဆော်နေပါတယ်” လို့ သမ္မတ ဟာဇော့က်က ပြောကြားပါတယ်။

ဒီအခမ်းအနားတွေအပြင် တစ်နိုင်ငံလုံးမှာ လုံခြုံရေးတင်းကျပ်ထားပြီး အောက်တိုဘာ ၇ ရက်နေ့ နှစ်ပတ်လည်မှာ ပါလက်စတိုင်းတွေ ထပ်မံတိုက်ခိုက်လာနိုင်တာကို ကြိုတင်ကာကွယ်မှုတွေလည်း လုပ်ဆောင်ထားပါတယ်။

ဒီစစ်ပွဲဟာ အရှေ့အလယ်ပိုင်းဒေသတစ်ခုလုံးကို မတည်မငြိမ်ဖြစ်စေခဲ့ပြီး အကြမ်းဖက်မှုအတိုင်းအတာဟာ ကမ္ဘာတစ်ဝန်းလုံးက လူတွေကို ကြောက်လန့်စိုးရိမ်စေခဲ့ပါတယ်။ အစ္စရေးရဲ့ လက်တုံ့ပြန်တိုက်ခိုက်မှုကြောင့် ဂါဇာမှာ လူပေါင်း ၄၂,၀၀၀ နီးပါး သေဆုံးခဲ့ရပြီး လူဦးရေ ၂ ဒသမ ၃ သန်းကျော် နေရပ်စွန့်ခွာခဲ့ ထွက်ပြေးတိမ်းရှောင်ခဲ့ရပါတယ်။

 

 

 

ဓာတ်ပုံ- Reuters

 

ကိုးကား- Reuters