ဆီးရီးယားနဲ့ ဆက်သွယ်ထားတဲ့ လက်ဘနွန်ရဲ့ အဓိကနယ်စပ်ဂိတ်ကို အစ္စရေးစစ်တပ် ပိတ်ဆို့

Author အဂ္ဂ
Categories
Published on Oct 05, 2024

အစ္စရေးတို့ရဲ့ ထိုးစစ်ဆင်တိုက်ခိုက်မှုတွေကြောင့် လက်ဘနွန်-ဆီးရီးယားနယ်စပ်က အဓိက နယ်စပ်ဂိတ်ဟာ အောက်တိုဘာ ၄ ရက်နေ့ မနက်ပိုင်းမှာပဲ ပိတ်ဆို့သွားခဲ့တယ်လို့ နိုင်ငံတကာ သတင်းဌာနတွေရဲ့ ဖော်ပြချက်အရသိရပါတယ်။

 

နယ်စပ်ဂိတ်ကို အစ္စရေးစစ်တပ်က မပိတ်ဆို့ခင် နာရီပိုင်းအလိုမှာလည်း အစ္စရေးတပ်တွေဟာ ဘေရွတ်မြို့တောင်ပိုင်းက ရပ်ကွက်တွေကို အပြင်းအထန် စီးနင်းတိုက်ခိုက်ခဲ့ပြီး ဒါဟာ ပြီးခဲ့တဲ့ အပတ်က လုပ်ကြံခံလိုက်ရတဲ့ ဟစ်ဇ်ဘိုလာ အဖွဲ့ခေါင်းဆောင် ဟာဆန်နာစရာလာ နေရာ ဆက်ခံမယ့်သူကို ပစ်မှတ်ထားတိုက်ခိုက်တာလို့လည်း ဆိုကြပါတယ်။

 

အခုလို တိုက်ခိုက်မှုတွေကြောင့် လက်ဘနွန်နိုင်ငံအတွင်းမှာ စိုးရိမ်ထိတ်လန့်မှုတွေလည်း မြင့်တက်လျက်ရှိပါတယ်။ အီရန်ကျောထောက်နောက်ခံ ပြုထားတဲ့ လက်ဘနွန်အခြေစိုက် ဟစ်ဇ်ဘိုလာ စစ်သွေးကြွတွေကို ပစ်မှတ်ထားပြီး အစ္စရေးက တိုက်ခိုက်မှုတွေ ပိုမိုလုပ်ဆောင်နေပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာ ၁ ရက်နေ့မှာ အီရန်ဘက်ကနေ ဒုံးကျည် ရာနဲ့ချီပြီးတိုက်ခိုက်ခဲ့မှုကိုလည်း အစ္စရေးဘက်က လက်တုံ့ပြန်ဖို့ ပြင်ဆင်နေတာကြောင့် အစွမ်းကုန်တိုက်ခိုက်ကြမယ့် စစ်ပွဲကြီး တစ်ပွဲဖြစ်လာမှာကို စိုးရိမ်နေကြတာပါ။

 

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်ကလည်း ယမန်နေ့ အောက်တိုဘာ ၃ ရက်နေ့မှာ အစ္စရေးရဲ့ လက်တုံ့ပြန်မယ့် အစီအစဉ်ထဲမှာ အီရန်ရဲ့ ရေနံတွင်းအဆောက်အအုံတွေလည်း ပစ်မှတ်ထား တိုက်ခိုက်ခံရနိုင်တယ်လို့ ဆိုခဲ့ပါတယ်။

 

လက်ဘနွန်ရဲ့ ပို့ဆောင်ရေးဝန်ကြီး အလီ ဟမီးယက်က ဒီကနေ့မှာ ဆီးရီးယားနယ်စပ်အနီး လက်ဘနွန်ပိုင်နက်အတွင်း တိုက်ခိုက်မှုတစ်ခု ဖြစ်ပွားခဲ့တယ်လို့ဆိုပြီး အချင်း ၄ မီတာ (၁၂ ပေ) ရှိတဲ့ ကျင်းတစ်ခု ဖြစ်သွားခဲ့တယ်လို့ ရိုက်တာသတင်းဌာနကို ပြောခဲ့ပါတယ်။

 

အစ္စရေးကာကွယ်ရေးတပ်ဖွဲ့ (IDF) က ဟစ်ဇ်ဘိုလာအဖွဲ့ဟာ ဆီးရီးယား နယ်စပ်ဂိတ်ကို အသုံးပြုပြီး လက်ဘနွန်နိုင်ငံအတွင်းကို စစ်လက်နက်ပစ္စည်းတွေ သယ်ဆောင်နေတယ်လို့ ယမန်နေ့က စွပ်စွဲပြောဆိုခဲ့ပါတယ်။

 

IDF ပြောရေးဆိုခွင့်ရှိသူ အဗီချိုင် အဒ်ရယီက “IDF ဟာ လက်နက်တွေ မှောင်ခိုတင်သွင်းနေတာကို လုံးဝ ခွင့်ပြုမှာ မဟုတ်ပါဘူး။ လိုအပ်လာရင် ဒီစစ်ပွဲတစ်လျှောက်လုံး လုပ်ဆောင်ခဲ့သလို တုံ့ဆိုင်းမနေဘဲ တုံ့ပြန် လုပ်ဆောင်သွားမှာပါ”လို့  သူ့ရဲ့ လူမှုကွန်ရက် X မှာ ရေးသားခဲ့ပါတယ်။

 

လက်ဘနွန်အစိုးရရဲ့ စာရင်းဇယားတွေအရ လွန်ခဲ့တဲ့ ၁၀ ရက်အတွင်း လူပေါင်း သုံးသိန်း ကျော်ဟာ အစ္စရေးတို့ရဲ့  ပိုမိုပြင်းထန်လာနေတဲ့ ဗုံးကြဲတိုက်ခိုက်မှုတွေကို ရှောင်တိမ်းနိုင်ဖို့ လက်ဘနွန်- ဆီးရီးယား နယ်စပ်ကနေ  ဆီးရီးယားနိုင်ငံတွင်းကို ပြေးဝင်ခိုလှုံခဲ့ကြပါတယ်။ ထွက်ပြေး တိမ်းရှောင်သူ အများစုဟာ ဆီးရီးယားနိုင်ငံသားတွေ ဖြစ်တယ်လို့ သိရပါတယ်။

 

ဟစ်ဇ်ဘိုလာအဖွဲ့ ရဲ့ ခံတပ်ဖြစ်တဲ့ ဘေရွတ်မြို့ တောင်ပိုင်းဒါဟီယီ ရပ်ကွက်ဟာ အစ္စရေးက အချို့နေရာတွေက လူတွေကို နေအိမ်တွေကနေ ထွက်ခွာဖို့ အမိန့်ထုတ်ပြန်ပြီးနောက် ယမန်နေ့ သန်းခေါင်ယံအချိန်မှာ ထပ်မံတိုက်ခိုက်ခံခဲ့ရတယ်လို့ ဒေသခံတွေနဲ့ လုံခြုံရေးအရင်းအမြစ်တွေက ဆိုပါတယ်။

 

လေကြောင်းတိုက်ခိုက်မှုတွေဟာ မြေအောက်ဘန်ကာတစ်ခုအတွင်းမှာရှိနေတဲ့ ဟစ်ဇ်ဘိုလာ ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ဟာရှင်မ် ဆာဖီအက်ဒင်ကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့တာလို့ အစ္စရေး အရာရှိသုံးဦးပြောဆိုချက်ကို ကိုးကားပြီး Axios သတင်းဌာနက သတင်းထောက် ဘားရက်ရေးဗစ်က လူမှုကွန်ရက် X မှာ ရေးသားခဲ့ပါတယ်။

 

ဆာဖီအက်ဒင်ဟာ ပြီးခဲ့တဲ့ အပတ်အတွင်း အစ္စရေးတို့ရဲ့ လုပ်ကြံသတ်ဖြတ်ခြင်းခံခဲ့ရတဲ့ ဟစ်ဇ်ဘိုလာ ခေါင်းဆောင် ဟာဆန် နာဆရာလာရဲ့ နေရာကို ဆက်ခံမယ့်သူလို့ ကောလာဟလတွေ ထွက်နေတဲ့သူလည်း ဖြစ်ပါတယ်။

 

လက်ရှိမှာတော့ ဆာဖီအက်ဒင်ရဲ့ အခြေအနေကို ရှင်းရှင်းလင်းလင်း မသိရသေးဘူးလို့ သူကဆိုပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး အစ္စရေးစစ်တပ်က မှတ်ချက်ပေးဖို့ ငြင်းဆန်ခဲ့သလို ဟစ်ဇ်ဘိုလာ အဖွဲ့ကလည်း ဆာဖီအက်ဒင်ရဲ့ အခြေအနေနဲ့ ပတ်သက်ပြီး တစ်စုံတစ်ရာ မှတ်ချက်ပေးခဲ့တာမျိုး မရှိပါဘူး။

 

ဒီကနေ့ မနက် အစောပိုင်းအချိန်တွေမှာ ဘေရွတ်လေဆိပ်အနီးတဝိုက်မှာ ပြင်းထန်တဲ့ ပေါက်ကွဲသံတွေ  သိမ့်သိမ့်တုန်‌အောင် ကြားနေခဲ့ရပြီး လက်ဘနွန်အရပ်သားတွေကတော့ သူတို့တွေဟာ အမြဲတမ်း ကြောက်ရွံ့စိုးရိမ်မှုတွေနဲ့ နေထိုင်နေရတယ်လို့ ပြောဆိုခဲ့ပါတယ်။

ဘေရွတ်မြို့တောင်ပိုင်းကနေ နေရပ်စွန့်ခွာထွက်ပြေးလာသူ အသက် ၄၀ အရွယ် နိုဟတ် ချေဘ်က “အသက်ရှင်နေသလိုလို မရှင်နေသလိုလို ခံစားရတယ်။ ကျွန်တော်တို့ အခုတော့ အသက်ရှင်နေတယ်။ ဒါပေမယ့် ဘယ်လောက်ကြာကြာ ရှင်နေဦးမလဲဆိုတာ မသိဘူး။  အခု အသက်ရှင်နေပေမယ့်  ဒုံးကျည်တွေက ကိုယ်နဲ့ ကိုယ့်မိသားစုကို  ဘယ်အချိန် လာမှန်မလဲဆိုတာ မသိနိုင်ဘူး”လို့ ဆိုပါတယ်။

 

အစ္စရေးစစ်တပ်ဟာ ဒီကနေ့မှာ လက်ဘနွန်နိုင်ငံ တောင်ပိုင်းက မြို့ပေါင်း ၂၀ ကျော်က သူတွေကို ချက်ချင်းထွက်ခွာဖို့ ပြောဆိုခဲ့တယ်လို့ အစ္စရေးစစ်တပ် ပြောရေးဆိုခွင့်ရှိသူ အဗီချိုင် အဒ်ရယီက  လူမှုကွန်ရက် X ပေါ်တွင် ရေးသားခဲ့ပါတယ်။

အစ္စရေးဟာ ဒေသအတွင်း ကျူးကျော်ဝင်ရောက်မှုများကို ဆက်လက်လုပ်ဆောင်နေပြီး ယခု အချိန်အထိ လက်ဘနွန် တောင်ပိုင်းက ကျေးရွာပေါင်း ၉၀ နီးပါးနဲ့ ဘေရွတ်မြို့ တောင်ပိုင်းက လူနေရပ်ကွက်အချို့ကို ထွက်ခွာဖို့ အမိန့်ထုတ်ပြန်ခဲ့ပါတယ်။

 

တောင်ပိုင်းရပ်ကွက်တစ်ခုမှာ အစ္စရေးတို့ရဲ့  တိုက်ခိုက်မှုတစ်ခုကြောင့် ဟစ်ဇ်ဘိုလာနဲ့ ဆက်နွယ်နေတဲ့  ကယ်ဆယ်ရေးလုပ်သားသုံးဦး ဒဏ်ရာရရှိခဲ့တယ်လို့  လက်ဘနွန် လုံခြုံရေးအရင်းအမြစ်တစ်ခုက ရိုက်တာသတင်းဌာနကို ပြောခဲ့ပါတယ်။

 

လက်ဘနွန်က ဟစ်ဇ်ဘိုလာအဖွဲ့ကလည်း ဒီကနေ့မှာ အစ္စရေးနိုင်ငံအတွင်းက နေရာအချို့ကို တိုက်ခိုက်မှုအများအပြားပြုလုပ်ခဲ့တယ်လို့ ကြေညာခဲ့ပြီး အစ္စရေးတို့ရဲ့ အီလာနီယာ စစ်စခန်းကိုလည်း ဒုံးကျည်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်။

 

လက်ဘနွန်နိုင်ငံပိုင် သတင်းဌာနက ဒီကနေ့မှာ အီရန်နိုင်ငံခြားရေးဝန်ကြီး အာဘက်စ် အရာခ်ချီ ဘေရွတ်မြို့ကို ရောက်ရှိလာတယ်လို့ ဖော်ပြခဲ့ပါတယ်။ သူဟာ လက်ဘနွန်ယာယီဝန်ကြီးချုပ် နာဂျစ် မီကာတီနဲ့ ဟစ်ဇ်ဘိုလာတို့နဲ့နီးစပ်တဲ့ မဟာမိတ်ဖြစ်သူ လွှတ်တော်ဥက္ကဋ္ဌ နာဘီ ဘာရီတို့နဲ့ တွေ့ဆုံသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

 

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က အစ္စရေးဟာ လက်တုံ့ပြန်ဖို့ နည်းလမ်းတွေကို စဉ်းစားနေပေမယ့် အရှေ့အလယ်ပိုင်းဒေသမှာ အားလုံးပါဝင်လာပြီး အစွမ်းကုန် တိုက်ခိုက်ကြမယ် စစ်ပွဲ ဖြစ်လာဖို့ကိုတော့ မယုံကြည်ဘူးလို့ ပြောခဲ့ပါတယ်။ ဒါပေမဲ့ စစ်ပွဲကို ရပ်တန့်နိုင်ဖို့အတွက် အခုထက် ပိုတဲ့ လုပ်ဆောင်ချက်တွေ လုပ်ဖို့တော့ လိုနေသေးတယ်လို့လည်း ဆိုပါတယ်။

 

အမေရိကန်၊ ဥရောပသမဂ္ဂနှင့် အခြားမဟာမိတ်နိုင်ငံတွေက အစ္စရေး-လက်ဘနွန် ပဋိပက္ခကို ချက်ချင်း ရက် ၂၀ အပစ်အခတ်ရပ်စဲရေး လုပ်ဆောင်ဖို့ တောင်းဆိုထားပေမယ့် ဘိုင်ဒင်က အီရန်ရဲ့ တိုက်ခိုက်မှုအပေါ် တုံ့ပြန်ဖို့ နည်းလမ်းတွေကို အစ္စရေးနဲ့ ဆွေးနွေးနေတယ်လို့ ဆိုခဲ့ပါတယ်။ အဲဒီ နည်းလမ်းတွေထဲမှာ အစ္စရေးက အီရန်ရဲ့ ရေနံနဲ့ ဆိုင်တဲ့ အခြေခံအဆောက်အအုံတွေကို တိုက်ခိုက်ခြင်းလည်း ပါဝင်နိုင်တယ်လို့ ဆိုပါတယ်။

 

သူရဲ့ မှတ်ချက်တွေကြောင့် ကမ္ဘာ့ရေနံစျေးနှုန်းတွေ မြင့်တက်လာခဲ့သလို အရှေ့အလယ်ပိုင်း ဒေသမှာ တင်းမာမှုတွေ မြင့်တက်လာနေတာကြောင့် ရေနံ့ထောက်ပံ့မှုပြတ်တောက်နိုင်ခြေအပေါ် ကုန်သည်တွေက စိုးရိမ်ပူပန်နေကြပါတယ်။

 

ဒါပေမဲ့ ဘိုင်ဒင်က “ဒီနေ့တော့ ဘာမှ ဖြစ်မှာမဟုတ်ဘူး” လို့ ထပ်မံဖြည့်စွက်ပြောကြားခဲ့ပါတယ်။ အီရန်ရဲ့ ရေနံနဲ့ ဆက်စပ်တဲ့ အခြေခံအဆောက်အုံတည်ရှိရာ နေရာတွေကို တိုက်ခိုက်ဖို့ အစ္စရေးကို တိုက်တွန်းခြင်း ရှိ၊ မရှိ နောက်ပိုင်းမှာ မေးမြန်းခဲ့တဲ့အခါမှာတော့ ဘိုင်ဒင်က သူဟာ အများရှေ့မှောက်မှာ ညှိနှိုင်းဆွေးနွေးမှု ပြုလုပ်သွားမှာ မဟုတ်ဘူးလို့ ဆိုခဲ့ပါတယ်။

 

အောက်တိုဘာ ၂ ရက်နေ့က ဂျိုးဘိုင်ဒင်ဟာ  အီရန်ရဲ့ နျူကလီးယားစက်ရုံတွေ တည်ရှိရာ နေရာတွေကို အစ္စရေးဘက်က တိုက်ခိုက်မှာကို ထောက်ခံမှာမဟုတ်ဘူးလို့ ပြောခဲ့ပါတယ်။

 

အစ္စရေးဝန်ကြီးချုပ် ဘန်ဂျမင် နေတန်ညာဟုက အောက်တိုဘာ ၁ ရက်နေ့က ဒုံးကျည်တွေနဲ့ တိုက်ခိုက်မှုအတွက် အီရန်က ပြန်ပေးဆပ်ရမယ်လို့ ကတိပြုခဲ့ပြီး အမေရိကန်ကလည်း အီရန်ဟာ “ပြင်းထန်တဲ့ အကျိုးဆက်တွေ” ခံစားရစေဖို့ သူ့ရဲ့ ရှည်ကြာလှတဲ့ မဟာမိတ် (အစ္စရေး)နဲ့ အတူလုပ်ဆောင်သွားမယ်လို့ဆိုခဲ့ပါတယ်။

 

အီရန်သမ္မတ မာဆော့ဒ် ပီဇက်ရှ်ကီယန်က ဒိုဟာမြို့မှာ ယမန်နေ့က မိန့်ခွန်း ပြောကြားရာမှာ အီရန်ဘက်က တုံ့ပြန်ဖို့ အသင့်ရှိပါတယ်လို့ ဆိုခဲ့ပါတယ်။

 

“ဘယ်လိုမျိုး စစ်ရေးတိုက်ခိုက်မှုပဲဖြစ်ဖြစ်၊ အကြမ်းဖက်လုပ်ဆောင်မှု ဒါမှမဟုတ် သည်းခံနိုင်တဲ့ အတိုင်းအတာထက် ကျော်လွန်လုပ်ဆောင်တာမျိုးရှိခဲ့ရင် ငါတို့ရဲ့ လက်နက်ကိုင်တပ်ဖွဲ့တွေက ပြတ်ပြတ်သားသား တုံ့ပြန်သွားမှာပါ” လို့ သူက ပြောဆိုခဲ့တာပါ။

 

လက်ရှိမှာတော့ ကမ္ဘာတဝန်းက နိုင်ငံတွေဟာ အစ္စရေး- လက်ဘနွန် ပဋိပက္ခ ပိုမိုပြင်းထန် လာနေတာကြောင့် လက်ဘနွန်နိုင်ငံမှာရောက်နေတဲ့ သူတို့နိုင်ငံသားတွေကို ပြန်ခေါ်ဖို့ အရေးပေါ်အစီအစဉ်တွေ ပြင်ဆင်လုပ်ဆောင်နေကြပါတယ်။

 

အခုအချိန်ထိတော့ ဘယ်နိုင်ငံကမှ စစ်ရေးအရ ကြီးကြီးမားမား ပြန်လည်ဆုတ်ခွာထာမျိုး မရှိသေးပေမယ့် တချို့နိုင်ငံတွေကတော့ လေယာဉ်တွေငှားကြသလို နိုင်ငံခြားသားတချို့ကလည်း ကိုယ့်အစီအစဉ်နဲ့ကိုယ် အိမ်ပြန်နေကြပြီလို့ သိရပါတယ်။

 

လက်ဘနွန်အာဏာပိုင်တွေက လွန်ခဲ့တဲ့ တစ်နှစ်အတွင်း အစ္စရေးရဲ့ တိုက်ခိုက်မှုတွေကြောင့် လက်ဘနွန်နိုင်ငံသား ၁ ဒသမ ၂ သန်းကျော် နေရပ်စွန့်ခွာခဲ့ရပြီး လူပေါင်း ၂,၀၀၀ နီးပါး သေဆုံးခဲ့ရကြောင်း၊ အများစုမှာ လွန်ခဲ့သော နှစ်ပတ်အတွင်း ဖြစ်ပွားခဲ့ကြောင်း ပြောဆိုပါတယ်။

 

ဟစ်ဇ်ဘိုလာအဖွဲ့ကလည်း ချုံခိုတိုက်ခိုက်ခြင်းနဲ့ တိုက်ရိုက်တိုက်ပွဲဝင်ခြင်းစတဲ့ နည်းလမ်းတွေနဲ့ အစ္စရေးတပ်ဖွဲ့တွေရဲ့  မြေပြင်ထိုးစစ်တချို့ကို တွန်းလှန်နိုင်ခဲ့တယ်လို့ ဆိုထားပါတယ်။

 

ဓာတ်ပုံ – Reuters

ကိုးကား- Reuters