ထိုင်းအစိုးရက အောက်တိုဘာ ၁၇ ရက်နေ့မှာ သုံးလုံးထီ စမ်းရောင်းမယ် ဘတ်ခြောက်သန်းထီရဲ့ နောက်ဆုံးသုံးလုံးကို တိုက်ရမယ်

Author အဂ္ဂ
Categories
Published on Oct 03, 2024

ထိုင်းအစိုးရထီရုံးဟာ လာမယ့် အောက်တိုဘာ ၁၇ ရက်နေ့ကစပြီး ဂဏန်းသုံးလုံးထီကို ခြောက်လတိတိ စမ်းသပ်ရောင်းချသွားမှာဖြစ်တယ်လို့ အဲဒီရုံးရဲ့ အကြီးအကဲက ပြောကြားလိုက်ပါတယ်။

 

ထီရုံးရဲ့ ဒါရိုက်တာ ဒုဗိုလ်မှူးကြီး နွန်းဆန်စနာကွန်က သုံးလုံးထီကို စမ်းသပ်ကာလအတွင်း အစောင်ရေ နှစ်သန်းအထိ ရောင်းချသွားမှာဖြစ်တယ်လို့ ဆိုပါတယ်။

 

နိုဝင်ဘာလ ၁ ရက်နေ့မှ ဖွင့်လှစ်မယ့် ဂဏန်းသုံးလုံးထီကို ခရွန်ထိုင်းဘဏ် (Krungthai Bank) ရဲ့ Paotang အပလီကေးရှင်းကတဆင့် အောက်တိုဘာလ ၁၇ ရက်နေ့ မနက် ၆ နာရီကနေ စတင်ပြီး ဝယ်ယူနိုင်မှာလို့လည်း သိရပါတယ်။

 

စမ်းသပ်ရောင်းချကာလ ခြောက်လပြီးဆုံးသွားရင်တော့ လာမယ့်နှစ် ဧပြီလကနေ စတင်ပြီး အစိုးရထီရုံးကနေ သုံးလုံးထီကို တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ အပြည့်အဝ ရောင်းချသွားမှာ ဖြစ်တယ်လို့လည်း ဆိုပါတယ်။

 

အဆိုပါ Paotang အပလီကေးရှင်းကနေ ဂဏန်းသုံးလုံးထီအပြင် ဂဏန်းခြောက်လုံးထီကိုပါ ဝယ်ယူနိုင်တယ်လို့လည်း ဆိုပါတယ်။ သုံးလုံးထီထိုးမယ့်သူတွေဟာ 000 ကနေ 999 အထိ ဂဏန်းတွေထဲက ကိုယ်ကြိုက်နှစ်သက်ရာ ဂဏန်းကို‌ ရွေးချယ်ပြီး ထိုးနိုင်မှာဖြစ်တယ်လို့လည်း သိရပါတယ်။

 

သုံးလုံးထီကို တစ်စောင်ကို ဘတ် ၂၀ နှုန်းနဲ့ တစ်ကြိမ်ကို လက်မှတ်အစောင်ရေ ၁၀၀ အထိ ဝယ်ယူနိုင်ပြီး ဝယ်ယူနိုင်တဲ့ အကြိမ်ရေကိုတော့ ကန့်သတ်ထားတာမရှိပါဘူးလို့ မစ္စတာနွန်းက ဆိုပါတယ်။

 

ထီလက်မှတ်တစ်စောင်တိုင်းဟာ ဂဏန်းသုံးလုံးဒဲ့တူ၊ ဂဏန်းသုံးလုံးပတ်လည်၊ ဂဏန်းနှစ်လုံးဒဲ့တူနဲ့ အထူးဆု ဆိုပြီးတော့ ဆုလေးဆု ဆွတ်ခူးနိုင်ဖို့ အခွင့်အလမ်းရှိတယ်လို့လည်း သိရပါတယ်။

 

ဂဏန်းသုံးလုံးဆုရဲ့ ပေါက်ဂဏန်းတွေဟာ ပုံမှန်အစိုးရထီရဲ့ ပထမဆုရဲ့ နောက်ဆုံးသုံးလုံးဂဏန်းနဲ့ တိုက်မှာဖြစ်ပြီး ဂဏန်းနှစ်လုံးဆုကတော့ ပုံမှန်အစိုးရထိရဲ့ဂဏန်းနှစ်လုံးဆုနဲ့ တိုက်ဆိုင်ချီးမြှင့်သွားမှာလည်း ဖြစ်ပါတယ်။

 

အထူးဆုကတော့ ဂဏန်းသုံးလုံးဒဲ့တူတဲ့ သူတွေထဲကနေ ကျပန်းရွေးချယ်ချီးမြှင့်မှာ ဖြစ်တဲ့အတွက် အထူးဆုအတွက် ကြေညာတာကတော့ ကျန်ဆုသုံးဆုထက် အချိန်နောက်ကျနိုင်တယ်လို့ မစ္စတာနွန်းက ဆိုပါတယ်။

 

ထီပေါက်တဲ့သူတွေဟာ ပေါက်မဲဆုငွေကို Paotang အပလီကေးရှင်းကနေ တိုက်ရိုက်ထုတ်ယူနိုင်မှာဖြစ်ပြီး ဆုငွေ ဘတ် ၂၀၀ ကျပ်ကို တစ်ဘတ်နှုန်းနဲ့ အခွန်ဆောင်ရမှာဖြစ်တယ်လို့လည်း သူကဆက်ပြောပါတယ်။

 

ဓာတ်ပုံ- Pattaya Mail

 

ပုံစာ – ထိုင်းအစိုးရထီရုံးရဲ့ ဒါရိုက်တာဖြစ်သူ ဒုဗိုလ်မှူးကြီး နွန်းဆန်စနာကွန် (ပုံဟောင်း)

 

ကိုးကား – Nation Thailand