ဘရာဇီးမှာ ခရီးသည်တင်လေယာဉ်ပျက်ကျပြီး အနည်းဆုံး လူ (၆၁) ဦးသေဆုံး

Author အဂ္ဂ
Categories
Published on Aug 10, 2024

ဘရားဇီးနိုင်ငံမှာ ခရီးသည်တင် လေယာဉ်တစ်စင်း မနေ့ ဩဂုတ် ၉ ရက်နေ့ ညနေပိုင်းမှာ ပျက်ကျခဲ့တာကြောင့် လေယာဉ်ပေါ်လိုက်ပါလာတဲ့ ခရီးသည် ၅၇ ဦးနဲ့ လေယာဉ်အမှုထမ်း ၄ ဦး အပါအဝင် စုစုပေါင်း  ၆၁ ဦးတို့ သေဆုံးခဲ့တယ်လို့ နိုင်ငံတကာ သတင်းဌာနတွေရဲ့ ဖော်ပြချက်အရ သိရပါတယ်။

 

လေယာဉ်ပျံသန်းမှု အချက်အလက်တွေကို ဖော်ပြပေးနေတဲ့ Flightradar24 ရဲ့ အချက်အလက်တွေအရ Voepass လေကြောင်းလိုင်းပိုင် လေယာဉ်အမှတ် (၂၂၈၃) ဟာ ဘရားဇီးနိုင်ငံ ပါရာနာပြည်နယ် ကာဆာဗယ်မြို့ကနေ ဆော်လ်ပိုလိုပြည်နယ် ဂွာရာဟိုလ်မြို့ကို ဦးတည်ပျံသန်းနေတာဖြစ်ပြီး ဗင်ဟီဒိုမြို့ရဲ့ အနောက်ဘက်က လူနေရပ်ကွက်ထဲကို ပျက်ကျသွားခဲ့တာလို့ သိရပါတယ်။

 

လတ်တလောမှာတော့ လေယာဉ်ပေါ်မှာ လိုက်ပါလာတဲ့  ၆၁ ဦးစလုံး သေဆုံးခဲ့ရပြီး လေယာဉ်ပျက်ကျခဲ့တဲ့ လူနေရပ်ကွက်ထဲက ဒေသခံတွေတော့ ထိခိုက်သေဆုံးမှု တစ်စုံတစ်ရာ မရှိဘူးလို့ သိရပါတယ်။ လူမှုကွန်ရက်တွေမှာ ပျံ့နှံ့နေတဲ့ လေယာဉ်ပျက်ကျမှု ရုပ်သံတွေမှာတော့ လေယာဉ်ဟာ မြေပြင်ဆီကို ထိုးစိုက်ကျလာပြီးတဲ့နောက်မှာတော့ ပျက်စီးသွားခဲ့ပြီး လေယာဉ်ကိုယ်ထည်ဟာ မီးဟုန်းဟုန်း တောက်လောင်နေတာကို တွေ့မြင်ရပါတယ်။

 

Flightradar24 ရဲ့အချက်အလက်တွေအရ ပျက်ကျခဲ့တဲ့လေယာဉ်ဟာ  ATR 72-500 မော်ဒယ် လေယာဉ်ဖြစ်ပြီး ခရီးသည် ၇၄ ဦးအထိ တင်ဆောင်နိုင်တယ်လို့လည်း သိရပါတယ်။ ပျံသန်းမှုအချက်အလက်တွေအရ အမြင့်ပေ ၁၇၀၀၀ မှာ ပျံသန်းနေတဲ့လေယာဉ်ဟာ တစ်မိနစ်ခွဲ ဝန်းကျင်မှာပဲ မြေပြင်ဆီထိုးစိုက်ကျခဲ့တာဖြစ်ပြီး အခုလိုပျက်ကျရတဲ့အကြောင်းရင်းကိုလည်း စုံစမ်းစစ်ဆေးနေတယ်လို့ Voepass လေကြောင်းလိုင်းရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

 

“ကျွန်တော်တို့‌ လေကြောင်းလိုင်းက အခုဖြစ်ရပ်မှာ ပါဝင်ပတ်သက်နေသူတွေ အားလုံးအတွက် တတ်နိုင်တဲ့ ထောက်ပံ့ကူညီမှုတွေ အားလုံးလုပ်ဆောင်သွားမှာပါ၊ လတ်တလောမှာတော့ လေယာဉ်ဘာကြောင့် ပျက်ကျရတယ်ဆိုတာနဲ့ လိုက်ပါသွားသူတွေရဲ့ အခြေအနေတွေကို ဘာတစ်ခုမှ သေချာ အတည်မပြုနိုင်သေးပါဘူး”လို့ သောကြာနေ့မှာပဲ Voepass လေကြောင်းလိုင်းက ထုတ်ပြန်ပြောဆိုခဲ့တာလည်း ဖြစ်ပါတယ်။

 

လေယာဉ်ပျက်ကျပြီး သိပ်မကြာခင်မှာပဲ ဘရားဇီးနိုင်ငံရဲ့ သမ္မတဖြစ်သူ လူးဝစ် အီနာဆီယို လူလာဒါဆေးဗား (Luiz Inácio Lula da Silva) က လေယာဉ်ပျက်ကျမှုမှာ သေဆုံးခဲ့ရတဲ့ လူတွေအတွက် ဝမ်းနည်းကြောင်းကို သူ့ရဲ့ လူမှုကွန်ရက် X မှာ တင်ခဲ့သလို နောက်ပိုင်းမှာလည်း သေဆုံးသူတွေအတွက် ရည်ရွယ်ပြီး သုံးရက်တာ ဝမ်းနည်းပူဆွေးဖွယ်နေ့အဖြစ် သတ်မှတ်တယ်လို့လည်း ကြေညာခဲ့ပါတယ်။

 

ဘရာဇီးနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးကလည်း အခု မတော်တဆမှုမှာ ထိခိုက်နစ်နာခဲ့ရသူတွေနဲ့အတူ တစ်သားတည်းရှိနေမှာဖြစ်ပြီး အင်မတန်စိတ်ထိခိုက်ဝမ်းနည်းရပါတယ်လို့ သောကြာနေ့မှာပဲ ထုတ်ပြန်ခဲ့ပါတယ်။

 

လေယာဉ်ပေါ်လိုက်ပါလာတဲ့ ခရီးသည် ၅၇ ဦးစလုံးဟာ ဘရာဇီးနိုင်ငံသားတွေဖြစ်တယ်လို့ လေကြောင်းလိုင်းရဲ့ တာဝန်ရှိသူတွေက အတည်ပြုခဲ့ပြီး အဲ့ဒီထဲမှာ နှစ်နိုင်ငံ နိုင်ငံသားခံယူထားသူတွေ ပါမပါကိုတော့ အတည်ပြုနိုင်ခြင်းမရှိသးဘူးလို့ ဆိုပါတယ်။

 

လက်ရှိမှာတော့ လေကြောင်းလိုင်းကုမ္ပဏီက မတော်တဆမှုမှာ ပါဝင်ခဲ့ကြတဲ့ သူတွေရဲ့ မိသားစုဝင်တွေအတွက် တည်းခိုစရာတွေ၊ စိတ်ပညာဆရာဝန်တွေအပြင် အခြားလိုအပ်တဲ့ အထောက်အပံ့ အကူအညီတွေ ပေးအပ်ထားတယ်လို့လည်း ဆိုပါတယ်။

 

အခုအချိန်ထိ လေယာဉ်ဘာကြောင့်ပျက်ကရတယ်ဆိုတာကို သေချာမသိရှိရသေးဘဲ လေယာဉ်ပျံသန်းစဉ်မှာ လေယာဉ်တွင်း ဆောင်ရွက်မှုတွေအားလုံးကို မှတ်တမ်းတင် အသံဖမ်းထားတဲ့ Black Boxကို သက်ဆိုင်ရာ အာဏာပိုင်တွေက ရရှိစစ်ဆေးနေပြီး ပျက်ကျရတဲ့ အကြောင်းရင်းကို သေချာသိရဖို့ ကြိုးပမ်းဆောင်ရွက်လျက် ရှိပါတယ်။

 

ဓာတ်ပုံ – Miguel Schincariol/AFP/Getty Images

 

ကိုးကား – CNN