ဘန်ကောက်က အခန်းတစ်ခန်းမှာ သေဆုံးနေသူတစ်ဦးနဲ့ အတူ ပိတ်မိနေတဲ့ ခွေး (၂၈) ကောင်ကိုတွေ့ရှိကာ ကယ်တင်နိုင်ခဲ့

Author အဂ္ဂ
Categories
Published on Jul 29, 2024

ထိုင်းနိုင်ငံ ဘန်ကောက်မြို့က အခန်းတစ်ခန်းမှာ ရောဂါကြောင့် သေဆုံးနေတဲ့ အမျိုးသားတစ်ဦးနဲ့အတူ တိုက်ခန်းထဲပိတ်မိနေပြီး အစာရေစာပြတ်လပ်နေတဲ့ ခွေး (၂၈) ကောင်ကို စနေနေ့ ဇူလိုင် ၂၇ ရက်နေ့မှာ တွေ့ရှိပြီး ကယ်တင်နိုင်ခဲ့တယ်လို့ ဖောင်ဒေရှင်းတစ်ခုနဲ့ အာဏာပိုင်တွေရဲ့ ပြောကြားချက်ကို ကိုးကားပြီး Nation Thailand သတင်းဌာနက ဖော်ပြပါတယ်။

 

အသက် (၆၂) နှစ်အရွယ် မစ္စတာ အတ္တာပို ချာရွန်ပီတက်ကို ဘန်ကောက်မြို့ ကလွန်ဆန်ဝါ အပိုင်းမှာရှိတဲ့ သူ့ရဲ့နေအိမ် ဒုတိယထပ်က အိပ်ခန်းအတွင်းမှာ သေဆုံးလျက်သားအနေအထားနဲ့ စနေနေ့ နေ့လယ်ပိုင်းမှာ တွေ့ရှိခဲ့ရပြီး အိမ်ထဲပိတ်မိနေတာကြောင့် ဆာလောင်မွတ်သိပ်နေတဲ့ ခွေးတွေဟာ သေဆုံးနေခဲ့တဲ့ သခင်ဖြစ်သူရဲ့ ဘယ်ဘက်ခြေထောက်ကို ကိုက်ဖြတ်စားသောက်ခဲ့ပြီး အသက်ဆက်ရှင်နေခဲ့တဲ့ လက္ခဏာတွေကိုလည်း ထင်ထင်ရှားရှား မြင်ရတယ်လို့ ရဲတပ်ဖွဲ့က ဆိုပါတယ်။

မစ္စတာအတ္တာပိုရဲ့ အိမ်နီးချင်းဖြစ်သူ မစ္စတာ ဆွန်ဖုန်ဖဆွတ်ဆီဟာ သေဆုံးသူအိမ်နီးချင်းဖြစ်သူရဲ့ ကားက အိမ်ရှေ့မှာ တစ်ပတ်ဝန်းကျင်အထိ ဒီတိုင်းပဲရပ်ထားတာကို သတိပြုမိပြီးတဲ့နောက်မှာ ရဲတပ်ဖွဲ့တွေကို စစ်ဆေးဖို့ အကြောင်းကြားခဲ့တာလည်း ဖြစ်ပါတယ်။

 

မစ္စတာဆွန်ဖုန်က သေဆုံးသူဟာ နေ့စဉ်နေ့တိုင်း ရပ်ကွက်တွင်းက ဈေးကို ကားနဲ့သွားလေ့ရှိတယ်လို့ ဆိုပါတယ်။ မသင်္ကာတာကြောင့် မစ္စတာ အတ္တာပိုရဲ့ အိမ်က လူခေါ်ခေါင်းလောင်းကို သွားနှိပ်ကြည့်တဲ့အခါမှာ မီးလင်းနေပေမယ့် တစ်စုံတစ်ရာ တုံ့ပြန်တာမရှိခဲ့ဘူးလို့ သူက ရဲတပ်ဖွဲ့ဆီကို ထွက်ဆိုပါတယ်။

 

Ruamkatanyu ဖောင်ဒေးရှင်းက တာဝန်ရှိသူတွေနဲ့ ရဲတပ်ဖွဲ့တွေက အိမ်ထဲကို ဝင်ရောက် စစ်ဆေးကြည့်တဲ့အခါမှာတော့ ခွေးမစင်တွေ၊ အမှိုက်တွေနဲ့ ရှုပ်ပွနေတာကို တွေ့မြင်ရတယ်လို့ သိရပါတယ်။

 

သေဆုံးသူ မစ္စတာအတ္တာပိုဟာ ဆီးချို၊ သွေးတိုးရောဂါအပါအဝင် အဲဒီရောဂါတွေရဲ့ ဆက်စပ်နေတဲ့ ရောဂါတွေကို ခံစားနေရသူဖြစ်တယ်လို့လည်း သိရပါတယ်။ လက်ရှိမှာတော့ ရဲတပ်ဖွဲ့ရဲ့ အထွေထွေဆေးရုံကို ခွဲစိတ်စစ်ဆေးဖို့ ပို့ဆောင်ထားတယ်လို့ ဆိုပါတယ်။

အဲဒီနောက်မှာတော့ ရဲတပ်ဖွဲ့ဟာ ခွေးတွေကိုကယ်ဆယ်ဖို့အတွက် ဖက်ရှင်မော်ဒယ် ချွန်လာဒါ မာကတ်သရီး တည်ထောင်ထားတဲ့ The Voice ဖောင်ဒေးရှင်းကို ဆက်သွယ်ခဲ့ပါတယ်။ ခွေးတွေရဲ့ ပိုင်ရှင်ဖြစ်သူဟာ သူသေဆုံးပြီးတဲ့နောက်မှာ ခွေးတွေအားလုံးကို ဒီဖောင်းဒေးရှင်းကို လွှဲပြောင်းပေးဖို့ အစောပိုင်းကတည်းက သဘောတူညီထားတယ်လို့လည်း သိရပါတယ်။

 

ဖောင်ဒေးရှင်းက တာဝန်ရှိသူတစ်ဦးဖြစ်တဲ့ မစ္စ ဆူပါဝဒီး ဆရီသက်ဆာနကန်ကလည်း တိရိစ္ဆာန်ဆေးကုဆရာဝန်တွေနဲ့အတူ ခွေးတွေကို ကယ်ဆယ်ကာ လက်ခံရယူဖို့ ဆောင်ရွက်ခဲ့ပါတယ်။ သူတို့တွေဟာ ချီဟွားဟွားနဲ့ ရှီဇူး ခွေးအမျိုးအစား (၂၉) ကောင်ကို တွေ့ရှိခဲ့ရပြီး အဲ့ဒီထဲကနှစ်ကောင်ကတော့ အာဟာရပြတ်လပ်တာကြောင့် အတော်လေး အားနည်းနေခဲ့တယ်လို့လည်း ဆိုပါတယ်။

 

မစ္စတာ အတ္တာပိုဟာ အခြားသူတွေရဲ့ တိုင်တန်းမှုတွေ ကြုံတွေ့ခဲ့ရတာကြောင့် ခွေးတွေကို ဖောင်ဒေးရှင်းကို လွှဲပြောင်းပေးဖို့ သဘောတူခဲ့တယ်လို့ မစ္စ ဆူပါဝဒီး ကဆိုပါတယ်။

 

၂၀၁၇ ခုနှစ်ရဲ့ ပူပြင်းတဲ့နေရောင်အောက်မှာ မစ္စတာ အတ္တာပိုကို သူ့ရဲ့ပစ်ကပ်ကားနောက်မှာ ခွေးတွေကို လှောင်အိမ်တွေနဲ့ တင်ဆောင်ထားပြီး မောင်းနှင်နေတာတွေကိုလည်း မြင်တွေ့ခဲ့ရတယ်လို့ သူ(မ) ကဆက်ပြောပါတယ်။

 

အဲ့ဒီအချိန်ကစလို့ ခွေးတွေရဲ့ ဘေးကင်းလုံခြုံမှုကို စိုးရိမ်ရတဲ့အတွက် မစ္စတာ အတ္တာပိုကို စောင့်ကြည့်နေခဲ့တယ်လို့ သူမကဆိုပါတယ်။ အဲဒါအပြင် မစ္စတာအတ္တာပိုရဲ့ ခွေးတွေကို ကြည့်ရှုကုသပပေးနေရတဲ့ တိရိစ္ဆာန်ဆေးကု ဆရာဝန်ကလည်း သူ့ရဲ့ခွေးတွေဟာ တဖြည်းဖြည်း သေဆုံးတာမျိုးတွေရှိနေတယ်လို့ ၂၀၂၁ ခုနှစ်မှာ ဖောင်ဒေးရှင်းဘက်ကို အသိပေးခဲ့တယ်လို့လည်း သိရပါတယ်။

 

အဲဒီ ၂၀၂၁ ခုနှစ်ထဲမှာပဲ မစ္စတာအတ္တာပိုဆီမှာ ခွေး (၄၆) ကောင်အထိ ရှိနေခဲ့တာကြောင့် ဖောင်ဒေးရှင်းဘက်က အိမ်ထဲကိုဝင်ရောက်ပြီး ခွေးကောင်ရေ (၂၀) လောက်ကို ခေါ်ပြီး သားကြောဖြတ်တာ၊ ပိုးသတ်တာတွေ လုပ်ဆောင်ပေးခဲ့ရတယ်လို့ သိရပါတယ်။

 

အဲလိုလုပ်ဆောင်ခဲ့မှုကို မစ္စတာအတ္တာပိုက စိတ်ဆိုးခဲ့ပြီး ပိုင်နက်ကျူးလွန်မှုနဲ့ နီမစ်မိုင် ရဲစခန်းမှာ တိုင်ကြားချက်ဖွင့်ခဲ့သလို ဖောင်ဒေးရှင်းဘက်က ယူသွားတဲ့ ခွေးကောင်ရေ (၂၀) ကိုလည်း ပြန်လည်ပေးအပ်ဖို့ တောင်းဆိုတာမျိုးလည်း လုပ်ခဲ့ပါတယ်။

 

ဖောင်ဒေးရှင်းဘက်က ခွေးတွေကို မစ္စတာ အတ္တာပိုကို ပြန်လည်ပေးအပ်ခဲ့ပြီး  သူသေဆုံးပြီးနောက်မှာတော့ ခွေးတွေကို ပြုစုစောင့်ရှောက်ဖို့ ဖောင်ဒေးရှင်းဘက်ကို လွှဲပြောင်းပေးဖို့ ဆိုတဲ့ သဘောတူညီချက်လည်း ရခဲ့တယ်လို့ သိရပါတယ်။

 

အခုလက်ရှိမှာတော့ ကယ်တင်ထားတဲ့ ခွေးတွေကို မွေးစားလိုတဲ့ သူတွေရှိရင် ဖောင်ဒေးရှင်းကို ဆက်သွယ်နိုင်တယ်လို့ The Voice ဖောင်ဒေးရှင်းဘက်က ဆိုပါတယ်။

 

ဓာတ်ပုံ – The Nation Thailand

 

ကိုးကား – The Nation Thailand