သာယာဝတီက စံရွေးတံတား ရေကြီးမှုကြောင့် ကျိုးပဲ့ပျက်စီး

Published on Jul 27, 2024

ပဲခူးတိုင်း(အနောက်ခြမ်း)၊ သာယာဝတီခရိုင် လက်ပံတန်းနဲ့ သာယာဝတီမှာ မိုးအဆက်မပြတ်ရွာသွန်းပြီး ဧရာဝတီမြစ်ရေနဲ့ မြစ်မခမြစ်ရေ ဆက်လက်တက်လာနေကာ သာယာဝတီမြို့နယ်အတွင်းက စံရွေးတံတား ကျိုးပဲ့ပျက်စီးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

 

မိုးအဆက်မပြတ်ရွာသွန်းပြီး သာယာဝတီမြို့နယ်အတွင်းက စံရွေးနဲ့ ညောင်သာယာကြားက အမှတ် ၂ စံရွေးတံတားဟာ ဇူလိုင် ၂၆ ရက်နေ့က ရေစီးအားနဲ့ ကျိုးပဲ့ပျက်စီးခဲ့တယ်လို့ သာယာဝတီမြို့နယ်က ဒေသခံတစ်ဦးက CJ Platform ကိုပြောပါတယ်။

 

“ မိုးက ခုလည်းအရမ်းကြီးနေတာ အိမ်အောက်ဆင်းလိုက်ရင် ရေကြီးပဲ။ ချက်ပြုတ်စားလို့ ရနေသေးတယ်။ စံရွေးတံတားက ကျိုးသွားပြီ၊ ရေများလို့ ရေစီးအားနဲ့ ကျိုးတာပေါ့” လို့ ၎င်းက ပြောပါတယ်။

ဒါ့အပြင် လက်ပံတန်းမြို့နယ်မှာလည်း မိုးအဆက်မပြတ်ရွာပြီး စိုးရိမ်ရေအမှတ်ထက် ၃ ပေမှ ၆ ပေ ကြားထိ ဆက်လက်တက်လာတာကြောင့် ရိတ်သိမ်းခါနီးစပါးတွေ ပျက်စီးကုန်ကာ လက်ပံတန်းမြိုနယ်က တော်လဿ၊ချောင်းသုံးခွ၊ ဂုံညင်းတန်း၊ ပေါက်တော နဲ့ လက်ပံတော ကျေးရွာဒေသခံတွေ ဘေးလွတ်ရာ ကုန်းမြင့်တွေနဲ့ တာလမ်းပေါ်မှာ ဖြစ်သလို နေ နေကြရတယ်လို့ လက်ပံတန်းဒေသခံတစ်ဦးက ပြောပါတယ်။

 

“ စပါးတွေကလည်း နောက်နှစ်လလောက်ဆို ရိတ်ရတော့မှာ။ မိုးက အဆက်မပြတ်ရွာနေတော့ သေကုန်ပြီပေါ့။ ပျိုးထောင်စိုက်ဖို့ကတော့ မမှီတော့ဘူး။ ကြဲခင်း(အစေ့တန်းစိုက်) ပဲရမယ်။” လို့ ၎င်းက ပြောပါတယ်။

 

ခုလို မိုးအဆက်မပြတ်ရွာသွန်းပြီး ဧရာဝတီမြစ်ရေ မြင့်တက်လာတာကြောင့် လက်ပံတန်းမြို့နယ်ထဲမှာတင် ရေဘေးသင့်နေသူ လူဦးရေ ၁၅,၀၀၀ ခန့်ရှိကာ အရေးပေါ်အကူအညီတွေ လိုအပ်နေတယ်လို့လည်း ဒေသခံတွေက ဆိုပါတယ်။

 

စစ်ကောင်စီလက်အောက်ခံ မိုးလေဝသနဲ့ဇလဗေဒရဲ့ ဒီကနေ့ (ဇူလိုင် ၂၇) ရက် ထုတ်ပြန်ချက်အရ ပဲခူးမြစ်ရေဟာ ဆက်လက်မြင့်တက်လာနေပြီး  ပဲခူးမြို့အနိမ့်ပိုင်းတွေ သတိထားကြဖို့ လိုအပ်တယ်လို့ ထုတ်ပြန်ထားပါတယ်။

 

ဓာတ်ပုံ – လူမှုကွန်ရက်