ထရမ့်လုပ်ကြံခံရတဲ့ဖြစ်စဉ်မှာ တာဝန်ပေါ့လျော့ခဲ့လို့ Secret Service အထူးတပ်ဖွဲ့ရဲ့ ဝါရင့်ခေါင်းဆောင် နုတ်ထွက်

Published on Jul 24, 2024

အမေရိကန်သမ္မတဟောင်း ဒေါ်နယ်ထရမ့် လုပ်ကြံခံရလုဆဲဆဲ ဖြစ်စဉ်မှာ မဲဆွယ်ပွဲထဲ လုံခြုံရေးတာဝန်ယူထားတဲ့ Secret Service အဖွဲ့က တာဝန်ပေါ့လျော့ခဲ့လို့ အဲဒီအေဂျင်စီရဲ့ အမှုဆောင်ဒါရိုက်တာ ကင်ချီဒဲလ် ယမန်နေ့က ဇူလိုင် ၂၃ ရက်မှာပဲ တရားဝင်နုတ်ထွက်သွားပါတယ်။

 

“အေဂျင်စီရဲ့ ဒါရိုက်တာဖြစ်တာနဲ့အညီ လုံခြုံရေးပျက်ကွက်ခဲ့တာအတွက် အပြည့်အဝတာဝန်ယူပါတယ်” လို့ မစ္စစ်ချီဒဲလ်က သူ့ရဲ့ နုတ်ထွက်စာမှာ ပြောပါတယ်။

 

ထရမ့်ကို လုပ်ကြံဖို့ ကြိုးစားတဲ့ ဖြစ်စဉ်အပြီး ဇူလိုင်လ ၁၅ ရက် တနင်္လာနေ့မှာပဲ ကွန်ဂရက် လွှတ်တော်ကြားနာပွဲသို့ ဒီမိုကရက်နဲ့ ရီပက်ဘလစ်ကန် ကိုယ်စားလှယ်တွေက ချီဒဲလ်ကို ဆင့်ခေါ်ခဲ့ပါတယ်။

 

မနေ့က တရားဝင်ထွက်ရှိလာတဲ့ နုတ်ထွက်စာထဲမှာတော့ ချီဒဲလ်က သူ(မ)ဟာ တာဝန်ထမ်းဆောင်စဉ် ကာလတစ်လျှောက်လုံး အေဂျင်စီအရေးကိုပဲ အမြဲဦးစားပေးခဲ့ပြီး အခုလိုဆုံးဖြတ်ချက်ကိုလည်း ခက်ခက်ခဲခဲချခဲ့ရတာပါလို့ ဖော်ပြထားပါတယ်။

 

သမ္မတဂျိုးဘိုင်ဒန်ကလည်း Secret Service အေဂျင်စီရဲ့ အမှုဆောင်ဒါရိုက်တာ ကင်ချီဒဲလ်ကို အမေရိကန်ပြည်ထောင်စုအတွက် ဆယ်စုနှစ်များစွာ အမှုထမ်းပေးခဲ့လို့ ကျေးဇူးတင်ကြောင်းနဲ့ သူ(မ)ကို ရာထူးက နုတ်ထွက်ဖို့ တောင်းဆိုရတာဟာ သူတို့အားလုံး ဆောင်ရွက်ပေးခဲ့တာတွေကို မေ့လျော့လိုက်တာ မဟုတ်ဘူးလို့ ပြောပါတယ်။

 

“ဇူလိုင် ၁၃ ရက်နေ့ ကိစ္စနဲ့ ပတ်သက်လို့ စုံစမ်းသုံးသပ်ချက်တွေ အသေးစိတ်ကျကျ ဆောင်ရွက်နေဆဲဖြစ်သလို ကိုယ်တိုင်လည်း ကောက်ချက်ချနိုင်မယ့် အဖြေတစ်ခုကို လိုလားပါတယ်။ အားလုံးသိကြတဲ့အတိုင်း အဲဒီလိုအဖြစ်မျိုးက နောက်ထပ်ဘယ်တော့မှ ထပ်ဖြစ်တော့မှာ မဟုတ်ပါဘူး” လို့ ဘိုင်ဒန်က ပြောပါတယ်။

 

ချီဒဲလ်နေရာကို အစားဝင်ဖို့ ဒါရိုက်တာတစ်ယောက်ကိုလည်း မကြာခင်ခန့်အပ်မယ်လို့ သူက ဆက်ပြောတာပါ။

 

နုတ်ထွက်သွားတဲ့ မစ္စစ်ကင်ချီဒဲလ်ဟာ Secret Service အေဂျင်စီမှာပဲ ရာထူးတာဝန်ပေါင်းစုံနဲ့ ၂၇ နှစ်ကြာအောင် အမှုထမ်းခဲ့သူ အမျိုးသမီးအေးဂျင့်ဖြစ်ပါတယ်။ ဒါ့အပြင် အမေရိကန်ရဲ့ သမိုင်းဝင် ၂၀၀၁ ခုနှစ်၊ စက်တင်ဘာ ၁၁ ရက် 9/11 ဖြစ်စဉ်မှာလည်း ဒုသမ္မတ ဒစ်ခ်ချီနေးကို အိမ်ဖြူတော်က ကယ်ထုတ်ပေးခဲ့တဲ့ အဖွဲ့ထဲ သူမပါဝင်ခဲ့ပြီး တခြားအရေးကြီးပုဂ္ဂိုလ်တွေရဲ့ လုံခြုံရေးအတွက်လည်း နှစ်ပေါင်းများစွာ တာဝန်ထမ်းဆောင်ခဲ့သူပါ။

 

ဒါပေမဲ့ ပြီးခဲ့တဲ့ ဇွန်လ ၁၃ ရက်နေ့၊ ထရမ့်လုပ်ကြံခံရတဲ့ ဖြစ်စဉ်အပြီးမှာတော့ သူ(မ)ရဲ့ ခေါင်းဆောင်မှုအပေါ် မေးခွန်းထုတ်သံတွေ ကျယ်ကျယ်လောင်လောင် ပေါ်ထွက်လာခဲ့ပါတယ်။ ဥပဒေပြုလွှတ်တော်တွင်းမှာရှိတဲ့ အမတ်တွေအပါအဝင် ဒီမိုကရက်နဲ့ ရီပတ်ဘလစ်ကန်ပါတီတို့ဘက်က ခေါင်းဆောင်ပိုင်းတွေက ချီဒဲလ်ကို တာဝန်က နုတ်ထွက်ဖို့ တိုက်တွန်းတာတွေ ရှိခဲ့တာပါ။

 

အချိန်ခြောက်နာရီကျော် ကြာမြင့်ခဲ့တဲ့ လွှတ်တော်ထဲက ကြားနာပွဲမှာလည်း ချီဒဲလ်ကို Secret Service ရဲ့ မဲဆွယ်ပုံမတိုင်ခင် လုံခြုံရေးအတွက် နေရာချထားပုံတွေ၊ ပြင်ဆင်ပုံတွေနဲ့ ဖြစ်စဉ်အသေးစိတ်ကို စုံစမ်းမေးမြန်းခဲ့တယ်လို့ သိရပါတယ်။ လုပ်ကြံသူဟာ လုံခြုံရေးအထပ်ထပ် ကာရံထားတဲ့ ဧရိယာထဲကို သေနတ်ကိုင်ဆောင်ပြီး ခေါင်မိုးအမြင့်ထိ တက်ရောက်ပစ်ခတ်နိုင်ခဲ့တဲ့အပေါ် အကြီးအကျယ် မေးခွန်းထုတ်ဝေဖန်ခဲ့ကြတာပါ။

 

ဇွန်လ ၁၃ ရက်နေ့က ပင်ဆယ်လ်ဗေးနီးယားမှာ ပြုလုပ်ခဲ့တဲ့ မဲဆွယ်ပွဲမှာ အသက် ၂၀ ဝန်းကျင်အရွယ် သေနတ်သမားရဲ့ ပစ်ခတ်မှုကြောင့် သမ္မတဟောင်း ဒေါ်နယ်ထရမ့်ရဲ့ ညာနားရွက် ရှပ်ထိခဲ့ပြီး ပွဲတက်ရောက်သူတစ်ဦး သေဆုံးခဲ့သလို နှစ်ဦး ဒဏ်ရာအပြင်းအထန် ရရှိခဲ့ပါတယ်။

 

ပစ်ခတ်မှုဖြစ်ပြီးပြီးချင်း မိနစ်ပိုင်းအတွင်းမှာတင် Secret Service ရဲ့ လုံခြုံရေးတာဝန်ယူထားသူ လက်ဖြောင့်သေနတ်သမားက လုပ်ကြံသူကို ရှင်းလင်းနိုင်ခဲ့တာပါ။

 

ဓာတ်ပုံ – Tom Williams/CQ-Roll Call, Inc via Getty Images