တမူးမှာ စစ်ကောင်စီပူးပေါင်းတပ်က စစ်ဘေးရှောင်တွေရဲ့ ကျွဲ၊ နွားတွေကို သိမ်းဆည်းပြီး ရောင်းချနေ

Author ဆလိုင်း
Categories
Published on Jul 20, 2024

စစ်ကိုင်းတိုင်း တမူးမြို့နယ် မင်းသာကျေးရွာနဲ့ ကျွန်းပင်သာကျေးရွာတွေက စစ်ဘေးရှောင်တွေရဲ့ အိမ်မွေးတိရစ္ဆာန်တွေဖြစ်တဲ့ ကျွဲ၊ နွားတွေကို စစ်ကောင်စီပူးပေါင်းတပ်က သိမ်းဆည်းပြီး ပြန်လည် ရောင်းချနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

 

အဲ့ဒီ စစ်ကောင်စီတပ်၊ ရဲ၊ ပျူ၊ ရှမ်းနီတပ်(SNA) နဲ့ ကသည်း ပူးပေါင်းတပ်တွေက မင်းသာကျေးရွာမှာ တပ်စွဲထားပြီး ကျေးရွာထဲရှိ ကျွဲ၊ နွားတို့ကို ဖမ်းယူကာ ပွဲစားတွေကတဆင့် မှောင်ခိုရောင်းချနေတယ်လို့ သိရပါတယ်။

 

“မင်းသာရွာက ရဲစခန်း၊ စာသင်ကျောင်းတွေမှာ စစ်သား၊ ရဲ၊ ပျူ၊ ရှမ်းနီတပ်၊ ကသည်းပူးပေါင်းအဖွဲ့ တပ်စွဲထားတယ်။ သူတို့တွေက ရွာအနီးနား ကျေးရွာတွေက ကျွဲ၊ နွားတို့ကို ဖမ်းတယ်။ သူတို့တပ်စွဲတဲ့နေရာမှာ လှောင်ထားတယ်။ ပြီးမှ ပွဲစားတွေကနေတဆင့် နည်းနည်းချင်းစီ ထုတ်ရောင်းကြတယ်။ ရလာတဲ့ ငွေတွေကိုလည်း ခွဲဝေသုံးစွဲကြတယ်လို့ ကြားတယ်။ ကြက်တွေ၊ ဝက်တွေကိုလည်း ဟင်းအဖြစ် သတ်စားကြတယ်။”လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

 

သူတို့ ဖမ်းယူရောင်းချတဲ့ ကျွဲ၊ နွား အကောင်ရေဟာ ၂၀၀ အထက်မှာ ရှိနေပြီဖြစ်တယ်လို့ အခြား ဒေသခံအမျိုးသားကလည်း ဆိုပါတယ်။

 

“ကျွန်းပင်သာကျေးရွာနဲ့ မင်းသာကျေးရွာက ကျွဲတွေ နွားတွေချည်း နှစ်ရာကျော်လောက်ရှိပြီ။ အဲ့ရွာတွေက လူတွေက စစ်ဘေးရှောင်ကြတော့ စစ်သားတွေက စိတ်ကြိုက်ဖမ်းဆီးပြီး ရောင်းချနေကြတာ။ ပွဲစားတွေကလည်း မတန်တဆစျေးနဲ့ အလုယက် ဝယ်ကြတော့တာဘဲ”လို့ သူက ပြောပါတယ်။

 

တမူးမြို့နယ် အထက်ပိုင်းမှာ စစ်ရေးတင်းမာ နေတာကြောင့် ကျွန်းပင်သာရွာနဲ့ မင်းသာကျေးရွာ ဒေသခံတွေဟာ မေလ ၁၂ ရက်နေ့ကစလို့ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင် နေကြတယ်လို့ သိရပါတယ်။

 

ပြီးခဲ့တဲ့ ဇူလိုင်လ ၈ ရက်နဲ့ ၁၆ ရက်နေ့ကလည်း တမူးမြို့ ရပ်ကွက်အချို့မှာ စစ်ကောင်စီလက်အောက်ခံ ပျူတပ်ဖွဲ့တွေက ဓားပြတိုက်ပြီး ငွေသား သိန်း ၁၀၀ ထက်မနည်း လုယူသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

 

ဓာတ်ပုံ – လူမှုကွန်ရက်