ထားဝယ်မှာ စစ်ရှောင်တွေနဲ့ ဒေသခံတွေကို ဒေါနတနင်္သာရီအဖွဲ့က ကျန်းမာရေးစောင့်ရှောက်မှု ပေးနေ

Author မင်းထက်
Categories
Published on Jul 20, 2024

တနင်္သာရီတိုင်း၊ ထား၀ယ်ခရိုင်က မြို့နယ်  နှစ်ခုအတွင်းမှာရှိတဲ့ စစ်ရှောင်တွေနဲ့ ဒေသခံ ၃၀၀ ကျော်ကို ကျန်းမာရေး ပြုစုစောင့်ရှောက်မှုတွေ ပေးခဲ့တယ်လို့ ဒေါနတနင်္သာရီ- စစ်ဘေးရှောင်များ ကူညီစောင့်ရှောက်ရေးအဖွဲ့ တာ၀န်ရှိသူတစ်ဦးက CJ Platform ကို ပြောပါတယ်။

ဇူလိုင် ၁၁ရက်နေ့ကနေ စတင်ပြီး ထားဝယ်ခရိုင်အတွင်း  မြို့နယ် နှစ်ခုက ကျေးရွာ သုံးရွာမှာရှိတဲ့ ကျန်းမာရေးစောင့်ရှောက်မှု လိုအပ်သူ အမျိုးသား ၁၅၈ဦး အမျိုးသမီး ၁၅၉ ဦးကို စုစုပေါင်း အကြိမ်ရေ ၅၃၁ကြိမ်ခန့် ကူညီဆောင်ရွက်ပေးခဲ့တယ်လို့ သိရပါတယ်။

ဒေါနတနင်္သာရီ – စစ်ဘေးရှောင်များ ကူညီစောင့်ရှောက်ရေးအဖွဲ့က ကျန်းမာရေးစောင့်ရှောက်မှု ပေးခဲ့သူတွေထဲမှာ အသက် (၁၂)နှစ်အရွယ် ကလေးငယ် ၆၈ဦးထိ ပါဝင်နေခဲ့ပြီး အတွင်းလူနာအဖြစ် နှစ်ဦးကိုပါ လက်ခံ ကုသပေးခဲ့ရတယ်လို့ ဆိုပါတယ်။

“ကုသမှုမှာတော့ စစ်ရှောင်အချို့နဲ့ ဒေသခံပြည်သူတွေလည်း ပါပါတယ်ခင်ဗျ။ ရာသီတုပ်ကွေးရောဂါနဲ့ ငှက်ဖျားတွေ အဖြစ်များတာကို တွေ့ရပါတယ်”  လို့ ဒေါနတနင်္သာရီ- စစ်ဘေးရှောင်များ ကူညီစောင့်ရှောက်ရေးအဖွဲ့ တာ၀န်ရှိသူတစ်ဦးက ပြောပါတယ်။

 

ဒါ့အပြင် မိုးရာသီကာလဖြစ်တာကြောင့် ခြင်ကြောင့် ငှက်ဖျား၊ ရာသီတုပ်ကွေးရောဂါတွေနဲ့ သဲဝဲစား၊ ယားနာတာတွေ အဖြစ်များကြတာ တွေ့ရပြီး၊ ဒေါနတနင်္သာရီအဖွဲ့ အနေနဲ့လည်း ငှက်ဖျားနဲ့ သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်ရေးအတွက် အသိပညာပေးလုပ်ငန်းတွေနဲ့ Abate (အဘိတ်) ဆေးမှုန့်ခတ်တာတွေကိုတော့ မြို့နယ် နှစ်ခုက ကျေးရွာ လေးရွာမှာ ပြုလုပ်ပေးခဲ့တယ်လို့ သိရပါတယ်။

 

ပြီးခဲ့တဲ့ ဇွန်လအတွင်းကလည်း ကျေးရွာ သုံးရွာမှာ ငှက်ဖျားရောဂါ အသိပညာပေး အစီအစဥ်နဲ့ Abate(အဘိတ်) ဆေးခတ်တာတွေကို ပြုလုပ်ပေးခဲ့ကြတယ်လို့ ဒေါနတနင်္သာရီ အဖွဲ့ဆီက သိရပါတယ်။

 

ဒေါနတနင်္သာရီအနေနဲ့ ကုသမှုလူဦးရေနဲ့ အကြိမ်ရေများပြားသည်နှင့်အမျှ လိုအပ်တဲ့ ဆေးဝါးတွေကို အချိန်နှင့်တပြေးညီ ပြန်လည်ဖြည့်တင်းနိုင်ရေး၊ ကာကွယ်ရေးနဲ့ အသိပညာပေးလုပ်ငန်းတွေ စဥ်ဆက်မပြတ် ပြုလုပ်နိုင်ဖို့ လိုအပ်နေပြီး  ကျန်းမာရေးပြုစုစောင့်ရှောက်မှုတွေအပြင်  ရှေ့ဆက်လုပ်ငန်းစဥ်တွေမှာလည်း ထောက်ပံ့ကူညီမှုနဲ့ ပါ၀င်အားဖြည့်ပေးစေလိုကြောင်း  ဒေါနတနင်္သာရီအဖွဲ့က တိုက်တွန်းထားပါတယ်။

 

 

ဓာတ်ပုံ – ဒေါနတနင်္သာရီ- စစ်ဘေးရှောင်များကူညီစောင့်ရှောက်ရေးအဖွဲ့