တီးတိန်မှာ ယမန်နှစ် ကျောင်း ၂၀၀ နီးပါးဖွင့်နိုင်ခဲ့ပေမဲ့ ယခုနှစ် ၂ ကျောင်းသာဖွင့်နိုင်

Author ဆလိုင်း
Categories
Published on Jul 20, 2024

စစ်ကောင်စီ ထိန်းချုပ်ထားနိုင်သေးတဲ့ ချင်းပြည်(မြောက်ပိုင်း)၊ တီးတိန်မြို့မှာ ယခုစာသင်နှစ်အတွက် အခြေခံပညာအထက်တန်းကျောင်း နှစ်ကျောင်းသာ ဖွင့်လှစ်သင်ကြားနိုင်တယ်လို့ အဲဒီက ကျောင်းဆရာအသိုင်းအဝိုင်းထံမှ သိရပါတယ်။

 

ပြီးခဲ့တဲ့စာသင်နှစ်အတွင်း တီးတိန်မြို့မှာ စစ်ကောင်စီရဲ့ အခြေခံပညာ စာသင်ကျောင်းပေါင်း ၂၀၀ နီးပါးအထိဖွင့်လှစ်သင်ကြားနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

 

ဒါ့အပြင် ယခင်နှစ်က ကျောင်းတက်ရောက်သူ ကျောင်းသား/သူ ၄၀၀၀ ကျော်ရှိခဲ့ပေမဲ့ ယခုနှစ်မှာတော့ ၁၅၀၀ ခန့်သာရှိတယ်လို့ ကျောင်းဆရာများထံမှ သိရပါတယ်။

 

ယခုနှစ်ဟာ စစ်တပ်ကအာဏာသိမ်းပြီးနောက် တီးတိန်မြို့က အခြေခံပညာကျောင်းတွေကို တက်ရောက်လာတဲ့ ကျောင်းသား/သူ အနည်းဆုံးနှစ်ဖြစ်တယ်လို့ ကျောင်းဆရာတစ်ဦးက CJ Platform သို့ ပြောပါတယ်။

 

“အခုလောလောဆယ် မြို့ပေါ်က အထက (၁)၊ (၂) ကျောင်း နှစ်ကျောင်းပဲ ဖွင့်နိုင်သေးပါတယ်။ တိုက်ပွဲတွေကြောင့် ကျောင်းလာတက်တဲ့ ကျောင်းသားဦးရေက အရင်နှစ်တွေနဲ့ အရမ်းကွာဟမှုရှိသွားတယ်။ နယ်ကျောင်းတွေ၊ ပုဂ္ဂလိက ကျောင်းတွေ လုံးဝ မဖွင့်နိုင်သေးဘူး” လို့ ၎င်းက ပြောပါတယ်။

 

ပြီးခဲ့တဲ့ မေလ ၂၆ ရက်နေ့က တိုက်ပွဲတွေကြောင့် တီးတိန်မြို့ခံတွေ ဘေးလွတ်ရာ ထွက်ပြေးတိမ်ရှောင်နေကြရပြီး ဇွန်လ ဒုတိယအပတ်မှာ စစ်ဘေးရှောင်တွေ ပြန်လာကြကာ ဇူလိုင်လ ၁ ရက်နေ့မှာ ကျောင်းတွေ ပြန်လည်ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပါတယ်။

 

တီးတိန်မှာ ယခင်နှစ်တွေက ကျောင်းသား/သူတွေ ကျောင်းပုံမှန်တက်ရောက်နိုင်ပေမဲ့ ယခုနှစ်မှာတော့ ကျောင်းတက်ရောက်ခြင်းမရှိတဲ့အတွက် ကျောင်းသား/သူတွေ ပညာရေးအတွက် စိုးရိမ်နေတယ်လို့ ကျောင်းသားမိဘတစ်ဦးက CJ Platform သို့ ပြောပါတယ်။

 

“ကျွန်တော်တို့ နယ်ကျေးရွာမှာက ကျောင်းဖွင့်နိုင်ခြင်း မရှိသေးဘူး။ ကျောင်းဖွင့်နိုင်ဖို့တော့ ကြိုးစားနေကြပါတယ်။ ဒီလိုသာ ကျောင်းမဖွင့်နိုင်ရင် တီးတိန်မြို့က ကျောင်းသားထက်ဝက်ကျော်ဟာ နယ်ကျောင်းတွေက ကျောင်းသားတွေဖြစ်ပါတယ်။ သူတို့တွေ စာသင်ခွင့်ဆုံးရှုံးမယ်။ ဒီအတွက် ကလေးတွေ ပညာရေးနစ်နာမယ်။ ကလေးတွေ ကျောင်းဖွင့်နိုင်ဖို့ အဘက်ဘက်က ပူးပေါင်းပါဝင်ဖို့ တိုက်တွန်းချင်တယ်” လို့ ၎င်းက ပြောပါတယ်။

 

လက်ရှိ ချင်းပြည်နယ်မှာ ဟားခါး၊ တီးတိန်၊ ဖလမ်း စတဲ့မြို့နယ်တွေမှာသာ ကျောင်းဖွင့်လှစ်နိုင်သေးတယ်လို့ သိရပါတယ်။

 

ဓာတ်ပုံ – CJ

 

ပုံစာ – တီးတိန်မြို့မှာတက်ရောက်နေတဲ့ ကျောင်းသား/သူတွေကို တွေ့ရစဥ်