ကျန်းမာရေးပြဿနာရှိရင် နားမယ်ဆိုတဲ့ ဂျိုးဘိုင်ဒင် ကိုဗစ်ကူးစက်ခံရ၊ သမ္မတ ရွေးကောက်ပွဲမှ နုတ်ထွက်ရန် ဖိအားပိုများလာ

Author အဂ္ဂ
Categories
Published on Jul 19, 2024

အမေရိကန်ပြည်ထောင်စုသမ္မတသမိုင်းတစ်လျှောက် အသက်ကြီးဆုံး သမိုင်းဝင် သမ္မတ ဂျိုးဘိုင်ဒန်ဟာ တတိယအကြိမ်မြောက် ကိုဗစ် ၁၉ ရောဂါကူးစက်ခံလိုက်ရပါတယ်။

 

ဒါကြောင့် ဇူလိုင် ၁၇ ရက်နေ့က လက်စ်ဗီးဂက်စ်မြို့မှာ မဲဆွယ်စည်းရုံးရေးပွဲကို မနက်ပိုင်းပဲ တက်နိုင်ခဲ့ပြီး ညနေပိုင်းမှာ အရေးပေါ်ဖျက်သိမ်းခဲ့ရပါတယ်။

 

သူ့ရဲ့ရောဂါဟာ မပြင်းထန်ပေမဲ့ သာမန်နာမကျန်းတဲ့ ရောဂါလက္ခဏာတွေကိုတော့ ခံစားနေရတယ်လို့ အိမ်ဖြူတော်က ထုတ်ပြန်ပါတယ်။

 

ဂျိုးဘိုင်ဒင်ရဲ့ သတင်းထုတ်ပြန်ရေးမှူး ကရင်းယန်းပီရဲ(Karine Jean-Pierre)ကတော့ သမ္မတဖြစ်သူဟာ ဒဲလ်လာဝဲ(Delaware)က သူ့ရဲ့နေအိမ်ကို အဲဒီညနေမှာပဲ အရေးပေါ်ပြန်သွားခဲ့ပြီး အဲဒီမှာပဲ သီးခြားခွဲနေကာ တာဝန်တွေကို အပြည့်အဝ ဆက်လက်ထမ်းဆောင်သွားမှာဖြစ်တယ်လို့ ဆိုပါတယ်။

 

အမေရိကန်သမ္မတပြိုင်ပွဲကနေ နုတ်ထွက်ရမယ့်အခြေအနေကြုံနေရတဲ့ ဂျိုးဘိုင်ဒင်အတွက်ကတော့ အခုလို ကိုဗစ်ကူးစက်ခံရမှုကြောင့် လူထုရှေ့စကားပြောဖို့ကိစ္စတွေ ဖျက်သိမ်းခဲ့ရပြီးနောက် သမ္မတလောင်းအဖြစ် နုတ်ထွက်ရဖို့ ဖိအားတွေ ပိုပြီးများလာခဲ့ပြီဖြစ်ပါတယ်။

 

ဂျိုးဘိုင်ဒင်ကတော့ သူ့အသက်အရွယ်အရ လာမယ့်နိုဝင်ဘာရွေးကောက်ပွဲမှာ ဒေါ်နယ်ထရန့်ကို ရှုံးနိမ့်နိုင်တာကို စိုးရိမ်နေရပေမဲ့ ယှဉ်ပြိုင်မှုကနေ နုတ်ထွက်တာမျိုးတော့ လုပ်မှာ မဟုတ်ဘူးလို့ အခိုင်အမာဆိုပါတယ်။ ဒါပေမဲ့ ဒီမိုကရက်တစ်ပါတီတွင်းက အဓိကပုဂ္ဂိုလ်တွေကတော့ ဂျိုးဘိုင်ဒင်ရဲ့ အနိုင်ရရှိနိုင်မှုအပေါ် စိုးရိမ်မှုတွေ ဆက်လက်မြင့်တက်နေဆဲဖြစ်ပါတယ်။

 

လွှတ်တော်ရဲ့ ပုံရိပ်အမြင့်ဆုံး ဒီမိုကရက်တစ်ပါတီဝင် ကယ်လီဖိုးနီးယားပြည်နယ် လွှတ်တော်အမတ် အဒမ်ရှစ်ဖ်(Adam Schiff)ကဆိုရင် ဂျိုးဘိုင်ဒင်အနေနဲ့ ထမ်မံအရွေးချယ်ခံမယ့် ဆုံးဖြတ်ချက်ကို ပြန်လည်ရုတ်သိမ်းဖို့ ‌တောင်းဆိုခဲ့ပြီး အဆိုပါ ဆုံးဖြတ်ချက်ဟာ ဂျိုးဘိုင်ဒန်ရဲ့ တစ်ဦးတည်း ဆုံးဖြတ်ချက်သာဖြစ်ကြောင်းနဲ့ အခြားသူတွေကို တာဝန်တွေ လက်လွှဲပေးသင့်ပြီလို့ ယုံကြည်တယ်လို့ ဇူလိုင် ၁၇ ရက်နေ့မှာ ပြောခဲ့ပါတယ်။

 

အခုရက်ပိုင်းအတွင်း သမ္မတဟောင်း ဒေါ်နယ်ထရန့်ကို လုပ်ကြံရန် ကြိုးပမ်းမှုနဲ့ ရီပတ်ဘလီကန်ပါတီရဲ့ ညီလာခံတွေကြောင့် လူထုရဲ့ အာရုံတွေက အဲဒီဘက်ကို အာရုံပိုရနေပြီး ဂျိုးဘိုင်ဒင်အပေါ် သိပ်အာရုံစိုက်မိနည်းပါးနေတာပါ။

 

ဒီမိုကရက်တစ်ပါတီဝင်တွေကတော့ ဇွန်လအတွင်း သမ္မတလောင်းစကားစစ်ထိုးပွဲမှာ ဂျိုးဘိုင်ဒင်အရေးနိမ်ခဲ့ပြီးနောက် ပါတီတွင်း မငြိမ်မသက်ဖြစ်နေမှုတွေကို ဖြေရှင်းဖို့ သူတို့တွေအတွက် အချိန်အကန့်အသတ်နဲ့ပဲ ရှိနေတယ်ဆိုတာကို နားလည်သဘောပေါက်ထားကြပါတယ်။

 

ဂျိုးဘိုင်ဒင်ဟာ လက်စ်ဗီးဂက်စ်မြို့မက ဟယ်ရီရိဒ်အပြည်ပြည်ဆိုင်ရာလေဆိပ်က သမ္မတလေယာဉ် Air Force One အပေါ်ကို တက်သွားစဉ်မှာ Mask တပ်ထားခြင်းမရှိပါဘူး။

 

သူ့ရဲ့အခြေအနေတွေကို သတင်းထောက်တွေက မေးမြန်းရာမှာလည်း အသက် ၈၁ နှစ်အရွယ် သမ္မတဟာ “ကောင်းပါတယ်၊ ကျွန်တော်နေလို့ထိုင်လို့ကောင်းပါတယ်” လို့ ပြန်လည်ဖြေကြားခဲ့ပါတယ်။

 

ဒါပေမဲ့ သူဟာ လေယာဉ်ပေါ်ကိုတော့ သတိကြီးကြီးထားပြီး ဖြည်းဖြည်းချင်း တက်သွားတာကိုတော့ တွေ့မြင်ကြရပါတယ်။

 

တာဝန်ရှိသူတစ်ဦးကတော့ ဂျိုးဘိုင်ဒင်ဟာ နှာရည်ယိုတာ၊ ချောင်းဆိုးတာအပြင် အသက်ရှူလမ်းကြောင်း အပေါ်ပိုင်းနဲ့ ဆိုင်တဲ့ ရောဂါလက္ခာတွေ ပြသနေတယ်လို့ ဆိုပါတယ်။

 

သမ္မတဟာ ကိုဗစ်ကာကွယ်ဆေးတွေကိုလည်း အကြိမ်ကြိမ်ထိုးထားပြီးဖြစ်တယ်လို့ သူက ဖြည့်စွက်ပြောပါတယ်။ ဒါ့အပြင် သမ္မတဟာ ကိုဗစ်-၁၉ ရောဂါပိုး ခန္ဓာကိုယ်တွင်း ကြီးထွားလာတာနဲ့ ပြန့်ပွားလာတာကို တားဆီးနိုင်တဲ့ ဗိုင်းရပ်စ်ပိုးခုခံကာကွယ်ဆေးဖြစ်တဲ့ Paxlovid ဆေးကိုလည်း ပထမအကြိမ် ထိုးထားပေးပြီးပြီလို့လည်း သူကဆိုပါတယ်။

 

တွေ့ဆုံမေးမြန်းခန်းတစ်ခုမှာ ဂျိုးဘိုင်ဒင်ဟာ သူ့အနေနဲ့ သီးခြားကျန်းမာရေးပြဿနာတွေ ရှိလာမှသာ ထရန့်နဲ့ယှဉ်ပြိုင်ရတဲ့ သမ္မတလောင်းရွေးကောက်ပွဲကနေ နုတ်ထွက်မှာဖြစ်တယ်လို့ ပြောဆိုအပြီးမှာ အခုလိုကိစ္စတွေဖြစ်လာတာလည်းဖြစ်ပါတယ်။

 

ပြီးခဲ့တဲ့ အင်္ဂါနေ့ ဇူလိုင် ၁၆ ရက်နေ့မှာ BET သတင်းဌာနနဲ့တွေ့ဆုံမေးမြန်းခန်းမှာ သမ္မတ ဂျိုးဘိုင်ဒင်အနေနဲ့ ဒုတိယအကြိမ်အတွက် ပြန်လည်ဝင်ရောက်ယှဉ်ပြိုင်မှုကို သေချာပြန်စဉ်းစားရမယ့်အခြေအနေအမျိုးရှိမရှိ အဒ်ဂေါ်ဒွန် (Ed Gordon)က မေးမြန်းခဲ့ရာမှာ “အကယ်၍ ကျွန်တော့်မှာ ကျန်းမာရေးဆိုင်ရာ ပြဿနာတွေ ရှိလာရင်၊ ဆရာဝန်တွေက ကျွန်တော့်ကို မင်းမှာတော့ ဒီလို ချို့ယွင်းမှုတွေ ဟိုလို ချို့ယွင်းမှုတွေ ရှိနေပြီလို့ ပြောလာခဲ့ရင်ပေါ့” လို့ဆိုပြီး ပြန်လည်ဖြေကြားခဲ့တာပါ။

 

အသက် ၈၁ နှစ်အရွယ်ကန်သမ္မတဟာ ၂၀၂၂ ခုနှစ် ဇူလိုင်နဲ့ ဩဂုတ်လတို့မှာ ကိုဗစ် ၁၉ ရောဂါဖြစ်ပွားခဲ့ပါတယ်။ အခု ဇူလိုင် ၁၇ ကိုဗစ်ဖြစ်ပွားမှုဟာ သုံးကြိမ်မြောက်ဖြစ်ပါတယ်။

 

ဓာတ်ပုံ- Reuters

 

ကိုးကား – Sky News